သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Jim Webb ခရီးစဉ်အပေါ် အတိုက်အခံတွေ မျှော်လင့်ချက်မထား


အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်
အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက် (Jim Webb) ဟာ ရှေ့လဆန်းမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်ဖို့ စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆံပြီး အပြောင်းအလဲတွေ ဖြစ်အောင်လုပ်ရမယ်လို့ မစ္စတာဝက်ဘ်က ပြောထားပေမယ့် တကယ်တမ်း သူ့အပြောနဲ့ လက်တွေ့ ဖြစ်နိုင်ခြေနည်းတယ်လို့ မြန်မာအတိုက်အခံ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ယူဆပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဟာ မြန်မာနိုင်ငံကို ဇွန်လ ၅ ရက်နေ့မှာ ရောက်ရှိမယ်လို့ မျှော်လင့်ရပြီး နေပြည်တော်မှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့စဉ်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့်ရခဲ့တော့ ဒီတခေါက်လဲ ဗိုလ်ချုပ်မှူးကြီးနဲ့တွေ့မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ့်လည်း မြန်မာအတိုက်အခံလှုပ်ရှားသူတွေကတော့ ဒီလိုတွေ့ဆုံမှုနဲ့ သူ့ခရီးစဉ်ကြောင့် မြန်မာ့နိုင်ငံရေးအတွက် အပြောင်းအလဲတွေ မျှော်လင့်ထားပုံမရပါဘူး။ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကတော့ တကယ်တမ်း အမေရိကန်အစိုးရမူဝါဒကို ကိုယ်စားပြုအကောင်အထည်ဖော်ရတဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ဘဲလ် (Kurt Campbell) အပြောင်းအလဲအတွက် မလုပ်နိုင်ခဲ့တာ မစ္စတာဝက်ဘ်ခရီးစဉ်အတွက်တော့ ပိုလို့တောင် မမျှော်လင့်ဘူးလို့ ပြောပါတယ်။

“လက်ရှိ အိုဘားမားအစိုးရရဲ့ပေါ်လစီအရပေါ့၊ အခု ကာ့တ် ကမ့်ပ်ဘဲလ် နှစ်ကြိမ် လာပြီးတဲ့နောက်ပိုင်းမှာ မအောင်မြင်ဘူး၊ သူတို့ ပြောတဲ့ ဆိုတဲ့ အသံတွေလည်း ကြားလာရတယ်။ အဲဒီတော့ ကာ့တ် ကမ့်ပ်ဘဲလ်ရဲ့ နိုင်ငံရေးအရ တိုက်တွန်းချက်တွေ၊ ပြောင်းလဲဖို့ လိုအပ်ချက် တွေကို ပြောဆိုသော်လည်းပဲ ဘာမှ လိုက်လျောမှုတွေ၊ အပြောင်းအလဲတွေ မရှိတာတွေလည်း တွေ့ရတယ်လေ။ ဒါကြောင့် ဂျင်မ် ဝက်ဘ် လာရင်လည်း နအဖအစိုးရအနေနဲ့ လက်ခံ တွေ့ဆုံတာပဲရှိမယ်။ သူတို့ဘက်က ပြောင်းလဲမယ့် လိုက်လျောမယ့်အနေအထား တစုံတရာ ရှိလိမ့်မယ်လို့ မထင်ဘူး။”

မစ္စတာဝက်ဘ်ဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပြီး ထိတွေ့ဆက်ဆံသွားဖို့ အမြဲပြောနေတာပါ။ အမေရိကန်အစိုးရဲ့ မူဝါဒမှာတော့ မြန်မာနိုင်ငံရေးပြောင်းလဲမှုအတွက် ထိတွေ့ဆက်ဆံတာရော အရေးယူတာရော နှစ်မျိုးစလုံး အသုံးပြု မယ်လို့ ဖော်ပြထားပါတယ်။ မစ္စတာ ဂျင်မ် ဝက်ဘ်အနေနဲ့ ပိတ်ဆို့ရေးကိုဖယ်ရှားဖို့ ပြောနေပေမဲ့လည်း အဲဒီနောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲကိစ္စကိုတော့ လေးလေးနက်နက် ပြောတာဆိုတာ မကြားဖူးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ ဒီမိုကရေစီအင်အားစုများနဲ့ သူ ရပ်တည်မှုမတူဘူးဖြစ်နေတယ်။ သူက Anti-Sanction သာ ပြောတယ်။ Anti-Sanction လုပ်နေပြီးတော့ ဒီမှာ စနစ်ပြောင်းကိစ္စတွေကို သူ ဘာမှ ထွေထွေထူးထူးပြောတာ ကျနော်ကတော့ သိပ်မကြားဘူး။ ကျနော်တို့အမြင်တော့ သူ့အတွက်သူလာတာလို့ပဲ ထင်တယ်ဗျ။ မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်ဆိုရင် တာဝန်လည်း ရှိတယ်၊ နောက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ တာဝန်ရှိတဲ့အတိုင်းလည်း အမေရိကန် ဖောရိန်း ပေါ်လစီ (Foreign Policy) ကို ကိုင်တွယ် လုပ်ဆောင်နေတာလေ။ သူက အဲဒီလို သဘောမရှိဘူးဗျ။”

ဥိးအေးသာအောင်ကတော့ အခုလို ဂျင်မ် ဝက်ဘ်ပြောနေတဲ့ ထိစပ် ဆက်ဆံသွားရေးမူဆိုတာကို လက်ခံနိုင်ပေမဲ့ ပြဿနာက မြန်မာ စစ်အစိုးရကိုယ်တိုင်က အလွယ်တကူ ပြောင်းလဲလိုတဲ့ သဘောထားမရှိတာလို့ ယူဆပါတယ်။ စစ်အစိုးရအနေနဲ့ လက်ခံတွေ့ဆုံနေတာက အမေရိကန်နဲ့ ပြေလည်ချင်တာတခုပဲ ရှိတယ်လို့ဆိုပါတယ်။

“ထိတွေ့ဆက်ဆံဖို့ဆိုတာလည်း ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် နအဖ အနေနဲ့ကတော့ သူတို့ နိုင်ငံရေးအမြင်၊ နိုင်ငံရေး ရပ်တည်ချက်တွေကို ဒီလို အလွယ်တကူပြောင်းမယ့် အနေအထားမျိုးတော့ မမြင်ရဘူး၊ မတွေ့ရဘူး။ သူတို့ လိုချင်တာကတော့ အမေရိကန်နဲ့ဆက်ဆံရေးပြေလည်ချင်တယ်။ ဒါပေမယ့် သူတို့ကတော့ တစုံတရာ လိုက်လျောမယ့်၊ အလျှော့အတင်းလုပ်မယ့် သဘောမျိုး မတွေ့ရဘူး။”

မစ္စတာ ဂျင်မ် ဝက်ဘ်ဟာ ပြီးခဲ့တဲ့ အခေါက်တုန်းကတော့ နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့ပါ တယ်။

အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ခိုးဝင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား မစ္စတာယက်တော ပြန်လွတ်လာအောင် စွမ်းဆောင်နိုင်ခဲ့လို့ အမေရိကန်အပြန် မျက်နှာပန်းလှခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွေနဲ့ တွေ့ဆုံနိုင်ခဲ့တာတောင်မှ နိုင်ငံရေးအပြောင်းအလဲကိစ္စ ဘာမှ ထူးထူးခြားခြားမလုပ်နိုင်ခဲ့တဲ့အပေါ် မြန်မာ့ ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ ဝေဖန်မှုကိုတော့ အတော်လေး ခံခဲ့ရပါတယ်။

XS
SM
MD
LG