သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အာဆီယံ ဆက်ဆံရေးတိုးမြင့်ဖို့ ကယ်ရီကြိုးပမ်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ။

အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ မဟာဗြူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမှာ ၂ ဖက်ကြား ဘုံအလေးထားတဲ့ ကိစ္စတွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry တို့ တနင်္လာနေ့က ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးစနစ်တွေ ခိုင်မာစေဖို့ကိစ္စအပါအဝင် အမေရိကန်နဲ့ အာဆီယံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး ကိစ္စတွေကို လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ ဆွေးနွေးခဲ့ကြတာပါ။

အရှေ့တောင်အာရှဒေသမှာ တရားမဝင် ငါးခိုးဖမ်းနေမှုကို တိုက်ဖျက်နိုင်မဲ့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြသလို အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေကို တိုက်ဖျက်ရေးမှာ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ကြဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Kerry နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။

တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာမှာလဲ ရေပိုင်နက် အငြင်းပွားမှုအတွက် သံတမန်ရေးနဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်မှုတွေ အပေါ် အပြည့်အဝ လေးစားလိုက်နာဖို့ အရေးကြီးတယ်လို့ ဝန်ကြီး Kerry ကပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ တရုတ်ရေပိုင်နက် အငြင်းပွားမှု အတွက် နိုင်ငံတွေကြား အငြင်းပွားမှုဖြေရှင်းရေး PCA ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့နဲ့ နိုင်ငံတကာဥပဒေတွေအတိုင်း ဆောင်ရွက်ဖို့ကိုလဲ အမေရိကန်နဲ့ အာဆီယံ နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတချို့က တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Kerry တနင်္လာနေ့က ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ မဲခေါင်မြစ်အောက်ပိုင်း ဒေသဆိုင်ရာ စည်းဝေးပွဲမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာရှဒေသ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တေ့ွဆုံခဲ့တဲ့အကြောင်းအမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရသူ John Kirby က ဝါရှင်တန်မြို့တော်မှာ ခုလို ပြောကြားခဲ့ပါတယ်။

“Cambodia၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ Vietnam နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို ၉ ကြိမ်မြောက် မဲခေါင်မြစ် အောက်ပိုင်းဒေသနိုင်ငံများ အစည်းအဝေးမှာ ဝန်ကြီး Kerry တွေ့ဆုံခဲ့ပါတယ်။ မဲခေါင်မြစ်ဝှမ်းဒေသမှာ ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတေ ွလုပ်နိုင်ခဲ့တဲ့အပေါ် အစည်းအဝေး တက်ရောက်သူတွေက ကြိုဆိုခဲ့ကြပြီး အခြေခံ အဆောက်အအုံဆိုင်ရာ ရေရှည်ခံ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို တရားဝင် စတင်ခဲ့ကြတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရသူ John Kirby က ပြောကြားသွားတာဖြစ်ပါတယ်။

ဗီယန်ကျန်းမြို့တော်မှာ ဒီကနေ့ အင်္ဂါနေ့မှာ ဆက်ပြီးကျင်းပမဲ့ ARF အာဆီယံဒေသတွင်း ဆွေးနွေးပွဲနဲ့ အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲကိုလဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry တက်ရောက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG