သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးရေး ကန် ကူညီဖို့ စဉ်းစားနေ


အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)
အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)

ရှမ်းပြည်နယ်မြောက်ပိုင်းက ကချင်ဆရာမနှစ်ဦးအသတ်ခံရမှုစုံစမ်းစစ်ဆေးရာမှာ မှုခင်းနည်းပညာ အကူအညီပေးနိုင်ဖို့ အမေရိကန်အစိုးရက စဉ်းစားနေတယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတဦးကပြောကြောင်း အမေရိကန်အခြေစိုက် ကချင်အရေးလှုပ်ရှားသူတွေကပြောပါတယ်။ အမေရိကန်သမ္မတအိမ်ဖြူတော် ထိပ်တန်းအရာရှိတွေအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တို့နဲ့ ဇန်နဝါရီလ (၃၀)ရက်နေ့က ကချင် မဟာမိတ်အဖွဲ့ကိုယ်စားလှယ်တွေ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း မအင်ကြင်းနိုင်ကပြောပြမှာပါ။

အမေရိကန်အစိုးရအနေနဲ့ ကချင်ပြည်နယ်က လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အထူးစိုရိမ်မကင်းဖြစ်နေတဲ့ အပေါ်မှာ ဒီရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စု က ကချင်အရေး လှုပ်ရှားသူတွေ နဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရမှုကို စုံစမ်းစစ်ဆေးရာမှာ ကျွမ်းကျင်သူတွေနဲ့အကူအညီပေးနိုင်တဲ့နည်းလမ်း အမေရိကန်ဘက်က စဉ်းစားနေကြောင်း လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski ကပြောဆိုခဲ့တယ်လို့ သောကြာနေ့က သူနဲ့တွေ့ဆုံခဲ့တဲ့ ကချင်မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ Gum San ကပြောပါတယ်။

" သူတို့က စုံစမ်းရေးမှာ လိုအပ်မယ့် အရာတွေပေါ့။ သူတို့အကူအညီပေးနိုင်မယ့် ဟာကို ရှာဖွေပေးမယ်ပြောပါတယ်။ နောက်တခုကတော့ ဒုက္ခသည်တွေကို အချိန်အကြာကြီး အကူအညီဖြတ်တောက်မှု လုပ်တာကတော့ နိုင်ငံရေးပဲဖြစ်ဖြစ် စစ်ရေးပဲဖြစ်ဖြစ် ဒုက္ခသည်တွေကို ပေးတဲ့အကူအညီကို မဖြတ်တောက်ပဲ ဖွင့်ပေးဖို့ ကျနော်တို့ပြောဖြစ်ပါတယ်။ အဲ့တာကို သူတို့က တောင်းဆိုခဲ့ တယ်။ နောက်ထပ်လည်း တောင်းဆိုပါ့မယ်လို့ ပြောပါတယ်။ အစိုးရကလည်း ဖွင့်ပေးမယ်လို့ ကတိပေးခဲ့တယ်လို့ သူတို့ကပြောပါတယ်။"

အလားတူ အမေရိကန်သမ္မတအိမ်ဖြူတော်က အမျိုးသားလုံခြုံရေး- အာရှ ပစိဖိတ်ဆိုင်ရာ ထိပ်တန်းအရာရှိတွေနဲ့လည်း ကချင်ဆရာမနှစ်ဦး အသတ်ခံရတဲ့ကိစ္စကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ Gum San ကပြောပါတယ်။

" အမျိုးသမီးတွေကို ရက်စက်သတ်ဖြတ်မှုနဲ့ အရေးယူမှုတွေမှာ အကူအညီပေးဖို့ ကျနော်တို့ အဓိက ပြောခဲ့တာပါ။ နောက်တခုက ဒီဟာနဲ့ပတ်သက်ပြီးမှ ထိတွေ့ဆက်ဆံမှုအပေါ်မှာ Sanctions ဆိုတဲ့အရာဟာ အရေးကြီးတဲ့ အကြောင်းလည်း ကျနော်တို့ပြောဖြစ်ပါတယ်ခင်ဗျ။"

မအင်ကြင်းနိုင်။ ။ အဲ့လိုပေါ့နော် ကချင်ဆရာမနှစ်ဦး အသတ်ခံရတဲ့ကိစ္စမှာ အချက်အလက်တွေ ခိုင်မာအောင် ဘယ်လိုပြောပြနိုင်ခဲ့လဲရှင့်။

"ဟုတ်ကဲ့။ ကျနော်တို့ပြောဖြစ်ခဲ့တဲ့ ဟာထဲမှာတော့ ရွာသားတွေကို မေးဖြစ်တဲ့ဟာတွေ ရှိတယ်။ မေးတဲ့အခါမှာ ဖြစ်ရိုးဖြစ်စဉ်တွေ အားလုံးကို ကျနော်တို့ ရှင်းပြတယ်။ ဥပမာ ဒီအမျိုးသမီးတွေက စစ်သားတွေ ရောက်လာတဲ့ အချိန်မှာ ရွာသားတွေရဲ့ အိမ်မှာ နေတယ်။ ဒီတစ်ညပဲ မအိပ်ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွေးနေ့တခုကအပြန် နောက်ကျသွားလို့ အိမ်ရှင်တွေကို ပြန်နှိုးရမှာ အားနာလို့ သူတို့က ဘုရားကျောင်းဝင်းထဲမှာ အိပ်လိုက်တာ။ အိပ်တဲ့ညမှာပဲ ဒီဟာဖြစ်တယ်။ နောက်တခုက အနီးဆုံး စစ်သားတွေ ကင်းစောင့်တာဖြစ်တဲ့ နေရာက ကိုက် ၆၅ကိုက် အကွာအဝေးမှာ ရှိတယ်။ နောက် ရွာတရွာလုံးမှာ စစ်သားတွေ ရှိတယ်။ နောက်တချို့ အချက်အလက်တွေ သူတို့ ပြောတာ ပထမဆုံး တွေ့ရှိတဲ့အချိန်မှာ စစ်ဖိနပ်ရာ တွေ ကုတင်ပေါ်မှာ ရှိတာနဲ့ နောက်တခုက စစ်သားတွေ ပုံထားတဲ့နေရာ ရိုက်သတ်ထားတဲ့ သစ်ချောင်းရဲ့ပုံထားတဲ့ အနားမှာ စစ်ဖိနပ်ခြေရာတွေ မြင်ခဲ့တာ ကျနော်တို့ပြောဖြစ်ပါတယ်။ နောက်တခုကတော့ မိုးမလင်းခင် အချိန်မှာ စစ်သားအချို့ ကားနဲ့ ဆင်းသွားတယ်ဆိုတာ ကျနော်တို့ပြောဖြစ်တယ်။"

မအင်ကြင်းနိုင်။ ။ အခုလိုပေါ့နော် အမေရိကန်အစိုးရရော၊ အိမ်ဖြူတော်ရောပေါ့နော် နိုင်ငံခြားရေး တာဝန်ရှိသူတွေက ကချင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် အခုလို သူတို့တွေ့ဆုံပြီးတော့ ဆွေးနွေးတယ်လို့ ယူဆလဲရှင့်။

" အော် စိုးရိမ်မှုရှိလို့ပါ။ မငြိမ်မသက်ဖြစ်လာနိုင်တဲ့ အခြေအနေကို ရောက်နိုင် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူသိန်းနဲ့ချီပြီး လမ်းပေါ်ထွက်လျှောက် လာတယ်ဆိုတာက ပြည်သူလူထုရဲ့ ပေါက်ကွဲလုမတတ် ခံစားမှုက အများကြီးဖော်ပြနေတဲ့ဟာကို သူတို့မြင်တွေ့ရတယ်။ အဲ့လိုဆိုတော့ အစိုးရကလည်း စိုးရိမ်တယ် ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေက ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်ဖြစ် ကျနော်တို့ မြန်မာပြည်ရဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ထိခိုက်လာနိုင်တယ်ဆိုတဲ့အမြင် သူတို့တွေက နားလည်ပုံ ကျနော်တို့ ခံစားရတယ်လေ။"

အမေရိကန်ပြည်ထောင်စုက ကချင်အရေးလှုပ်ရှားနေသူတွေဟာ ဇန်နဝါရီ (၂၈)ရက်နေ့ကလည်း အရှေ့အာရှပစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scott Marciel အပါအဝင် အမေရိကန်နိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံပြီး ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို ဖြေရှင်းပေးရေး မြန်မာအစိုးရကို ဖိအားပေးဖို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG