သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ အတိုက်အခံ အင်အားစု တောင်းဆို


ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူနိုင်ရေး တောင်းဆိုသည့် ကလေးမြို့ ကြေညာစာတမ်း။
ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူနိုင်ရေး တောင်းဆိုသည့် ကလေးမြို့ ကြေညာစာတမ်း။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲဟာ ပြည်သူတွေ လိုလားတဲ့ အပြောင်းအလဲ တရပ်ကို ပေးစွမ်းနိုင်တဲ့ ရွေးကောက်ပွဲမျိုး မဟုတ်တဲ့အတွက် ဒုတိယအကြိမ် ပင်လုံညီလာခံမျိုး ခေါ်ဆိုနိုင်ဖို့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ဝါရင့် နိုင်ငံရေးသမားကြီးတွေက တောင်းဆိုလိုက်ကြပါတယ်။ ဒီတောင်းဆိုချက်ကို စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီနေ့ပဲ ဆုံးဖြတ်ချက် ကြေညာစာတမ်းတစောင် ထုတ်ပြန်ပြီး လက်မှတ်ရေးထိုးခဲ့တာပါ။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ကလေးမြို့မှာ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီရဲ့ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့လုပ်ချိန် အောက်တိုဘာလ ၂၄ ရက်နေ့မှာပဲ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုက ခေါင်းဆောင်တွေ စုပေါင်းပြီး သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ကြေညာချက်ထဲမှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မယူဆတာကြောင့်လို့ ဆိုပါတယ်။

ကြေညာချက်စာတမ်းကို ဖတ်ကြားခဲ့တဲ့ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီက တိုင်းရင်းသားခေါင်းဆောင် ဦးကျင့်ရှင်းထန်ကတော့ သူတို့ရဲ့ သဘောတူညီချက် အချက် ၃ ချက်နဲ့အတူ သူတို့ ဘာကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံနိုင်ခြင်း မရှိဘူး ဆိုတာကို အခုလို ပြောပြပါတယ်။

“သဘောထားကတော့ ကျနော်တို့အားလုံး သဘောတူတာပဲ။ အားလုံးက အချက် ၃ ချက်ပါတယ်။ အဲဒီအချက် ၃ ချက်မှာ ပြည်သူလူထုအားလုံး တောင့်တနေတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ အခု နေရာတကာမှာ လူ့အခွင့်အရေး မရဘူး၊ လူလူချင်း တန်းတူရေး မရှိဘူး၊ ဒုတိယအချက်မှာတော့ အဲဒါတွေကို အခုရွေးကောက်ပွဲနဲ့ ဘယ်တော့မှ ပြောင်းလဲနိုင်မယ် မဟုတ်ဘူး။

“တကယ် ပြောင်းလဲရမှာကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ ဘက်တော်သားတွေက ဆွေးနွေးပြီး ဒုတိယအကြိမ် ပင်လုံညီလာခံလုပ်ရင် ကျနော်တို့အားလုံး သဘောတူ လုပ်ကြတာပါ။ ကျနော်တို့ ခံယူချက်က အဲဒါပဲ။ အစည်းအဝေး မပြီးသေးတော့ ဘယ်သူ၊ ဘယ်နှစ်ယောက် ထိုးမယ်ဆိုတာ၊ ပြီးတော့လည်း အများကြီး ထိုးမယ်ဆိုလည်း ထိုးမှာပါ။ ဒီမှာတော့ လူ ၁,၀၀၀ ကျော်လောက်ရှိတယ်။ ဒါပေမဲ့ အများကြီးတော့ မလိုဘူး။”

အခုလိုမျိုး တိုင်းရင်းသားခေါင်းဆောင် အားလုံးနဲ့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ လက်မှတ်ရေးထိုး သဘောတူထားတဲ့အတိုင်း ဒုတိယအကြိမ် ပင်လုံညီလာခံကြီး ခေါ်မယ့်ကိစ္စဟာ လာမယ့် စစ်အစိုးရ ကျင်းပမယ့် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်နိုင်မယ့် အလားအလာ ရှိပါသလားလို့ မေးတဲ့အခါမှာတော့ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို လက်မှတ်ရေးထိုးရာမှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုဦးဆောင် ကော်မတီဝင် ဦးဝင်းတင်က အခုလို ပြောပြပါတယ်။

“ရွေးကောက်ပွဲ မတိုင်ခင်ကတော့ မလုပ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံး ဒါတွေက ညှိနှိုင်း ဆွေးနွေးရမှာတွေ အများကြီး ရှိသေးတာကိုး။ သို့သော် ကျနော်တို့ရဲ့ ရည်မှန်းချက်ကိုက ဆိုလိုတာက ဒုတိယ ပင်လုံညီလာခံရဲ့ အနှစ်သာရက ဒီနေ့ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး ပြဿနာတွေဟာ ဒီအတိုင်းတော့ ဖြေရှင်းလို့ မရဘူး။ ဒုတိယ ပင်လုံညီလာခံမျိုး ကျင်းပပြီးတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားမှ ရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲဒါကြောင့် အဲဒီညီလာခံကြီးကို အမြန်ဆုံး ကျင်းပသွားနိုင်အောင် ကြိုးပမ်းမယ်ပေါ့ဗျာ။

“ဘယ်တော့လုပ်ဖြစ်မယ် ဆိုတာတော့ ပြောလို့ မရပါဘူး။ ကျနော်တို့ အတွင်းမှာ ပြောသွားတဲ့ အတိုင်းပဲ အမြန်ဆုံး ကျင်းပသွားနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ထားတဲ့ အတိုင်းပဲ တတ်နိုင်သမျှတော့ အခြေအနေပေးရင် ပေးသလို လုပ်သွားမှာပါ။”

ဒီသဘောတူညီချက် ရဖို့အတွက် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့က ကြိုးစားလုပ်ဆောင်ခဲ့ကြပြီး ဝါရင့် နိုင်ငံရေးသမားကြီးတွေကလည်း ပူးပေါင်းပါဝင် သဘောတူ လက်မှတ်ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသဘောတူညီချက် လက်မှတ်ရေးထိုးမှုကို ကြိုတင် စီစဉ်ထားကြတာ ဖြစ်ပြီး ဒီနေ့မှာပဲ ကလေးမြို့မှာ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG