သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ဒုက္ခသည် ၃ ဦး အသတ်ခံရမှု ကနေဒါရဲ စုံစမ်းစစ်ဆေးနေဆဲ


ကရင်ဒုက္ခသည် ၃ ဦး အသတ်ခံရမှု ကနေဒါရဲ စုံစမ်းစစ်ဆေးနေဆဲ
ကရင်ဒုက္ခသည် ၃ ဦး အသတ်ခံရမှု ကနေဒါရဲ စုံစမ်းစစ်ဆေးနေဆဲ

ကနေဒါနိုင်ငံ ရဂျီးနား (Regina) မြို့မှာ မြန်မာနိုင်ငံက ရောက်လာတဲ့ ကရင်ဒုက္ခသည် မိသားတစု ပြီးခဲ့တဲ့ သောကြာနေ့က အသတ်ခံခဲ့ရပါတယ်။ ဘယ်သူဘယ်ဝါ သတ်တယ်ဆိုတာ အတိအကျ မသိရသေးတာကြောင့် ဒေသခံတွေအကြား အတော်လေး ကြောက်လန့်နေကြတယ်လို့ ရဂျီးနားမြို့ရောက် မြန်မာဒုက္ခသည်တချို့ ပြောပြပါတယ်။ အခြေအနေ အပြည့်အစုံကို စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အသတ်ခံရတယ်လို့ ယူဆရတဲ့ အလောင်း ၃ လောင်းကို ပြီးခဲ့တဲ့ သောကြာနေ့ နေ့လယ်ပိုင်းကမှ ရဂျီးနားမြို့ မြောက်ဘက်အစွန် အပ်ပ်လန်းဒ်စ် (Uplands) ရပ်ကွက်က သေသူမိသားစုအိမ်မှာ ရဲက တွေ့ခဲ့တာပါ။ ဘေးတိုက်ခန်းမှာ နေသူတွေက မကောင်းတဲ့အနံ့ ရတယ်ဆိုပြီး တိုက်ခန်းမန်နေဂျာကို တိုင်တဲ့အခါ မန်နေဂျာက အခန်းကို သွားကြည့်မှ မိသားတစုလုံး သေနေတာကို တွေ့ခဲ့ရလို့ ရဲတွေ ရောက်လာပြီး အမှုကို စစ်ဆေးခဲ့ပါတယ်။ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ သေဆုံးခဲ့တယ် ဆိုတာကိုတော့ တာဝန်ရှိသူတွေက စုံစမ်းနေဆဲဖြစ်ပြီး အမှုနဲ့ပတ်သက်တဲ့ အပြီးသတ် အစီရင်ခံစာထွက်ဖို့ နောက်တပတ်လောက်အထိ ကြာနိုင်တဲ့အကြောင်း သေဆုံးသူ ကိုဂရင်းနစ်ရဲ့ ညီဝမ်းကွဲ ရဂျီးနားမြို့က ကိုကညောထူးက ပြောပြပါတယ်။

“ပုလိပ်က ကျနော့်ကိုပြောတယ်၊ အခုကတော့ အလောင်းကို စစ်ဆေးနေတဲ့သူတွေက သူတို့ကို ဘာမှမပြောသေးတဲ့အတွက် သူတို့လည်း ကျနော့်ကို ဘာမှ မပြောသေးဘူး။ ဒါပေမဲ့ သူတို့က ကျနော့်ကို ဆက်သွယ်ဖို့တော့ အမြဲတမ်း ပြောတယ်။ လူကြီးတွေ မေးခွန်းတွေဘာတွေ မေးရင် သူတို့က ကျနော့်အမျိုးပေါ့၊ ကျနော်လည်း နေ့တိုင်းခေါ်တယ်။ ထူးလာရင် သူတို့လည်း ကျနော့်ကို ခေါ်မယ်။ တနေ့ကတော့ သူတို့ပုလိပ်ရုံးကို ကျနော်သွားတော့ သူတို့ ရှင်းပြတယ်။ ကျနော်မြင်တာတော့ တပတ်အတွင်း ကျနော့်ကို ပြောမယ်ထင်တယ်။ သူတို့ပြောတာတော့ သူတို့နဲ့ ဆက်သွယ်ပြီး အဖြေတွေဘာတွေ အကုန်ရပြီးရင် စစ်ဆေးတဲ့လူတွေနဲ့ ကျနော်နဲ့ ပေးတွေ့မယ်တဲ့။”

အမှုကို စစ်ဆေးနေဆဲ ဖြစ်ကြောင်းနဲ့ စစ်ဆေးမှုတွေ မပြီးသေးတဲ့အတွက် ဘယ်သူဘယ်ဝါက ဘာကြောင့်သတ်တယ် ဆိုတာကို မပြောနိုင်သေးတဲ့အကြောင်း ရဂျီးနားမြို့ ရဲအရာရှိချုပ် ထရွိုင် ဟေဂန် (Troy Hagen) က စနေ့နေ့က သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့ပါတယ်။

“တနေရာတည်းမှာ ၃ လောင်းပြိုင် အသတ်ခံရတဲ့ ဒီအမှုကို ရဲအရာရှိတွေက စုံစမ်းနေပါတယ်။ ခုဖြစ်ရပ်ဟာ ရဂျီးနားမြို့ သမိုင်းမှာတော့ အရင်က တခါမှ မကြုံခဲ့ဘူးတဲ့ ဖြစ်ရပ်ပါ။ အခုကိစ္စကို ကျနော်တို့ အလေးအနက်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ သေသူတွေဟာ ဘယ်သူတွေဖြစ်တယ်၊ ဘယ်သူတွေက ဘာကြောင့် သူတို့ကို သတ်တာလဲ ဆိုတာတွေကို စုံစမ်းနေပါတယ်။ မှုခင်းဆရာဝန်တွေနဲ့လည်း ကျနော်တို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေပါတယ်။ စစ်ဆးမှုတွေရဲ့ နောက်ဆုံးရလဒ် မသိရမချင်း ဒါနဲ့ပတ်သက်တဲ့ အဖြေ ကျနော်တို့ မပေးနိုင်သေးပါဘူး။”

ရဂျီးနားမြို့ ရဲအရာရှိချုပ် ထရွိုင် ဟေဂန် ပြောသွားတာ ဖြစ်ပါတယ်။

သတင်းတွေမှာ အမျိုးသား တယောက်၊ အမျိုးသမီး တယောက်နဲ့ သူတို့ရဲ့ ၃ နှစ်အရွယ် ကလေးငယ် စုစုပေါင်း ၃ ဦး အသတ်ခံရတယ်လို့ ပြောနေကြပေမဲ့ သေဆုံးသူ အမျိုးသမီးမှာ ကိုယ်ဝန် ၃ လ ရှိနေတယ်လို့ ကိုကညောထူးက ပြောပါတယ်။

“သတင်းစာထဲမှာတော့ ၃ ယောက်ပဲသေတယ်၊ ဒါပေမဲ့ သူ့မိန်းမက ဗိုက်ကြီးနေတာ ဘယ်သူမှမသိဘူး။ အထဲက ကလေးက ၃ လလောက် ရှိနေပြီ။ ကျနော်က အဲဒီအတွက် စိတ်လည်းတိုတယ်၊ သူတို့အတွက်လည်း စိတ်မကောင်းဘူး။”

အခုလို အဖြစ်ဆိုး ဖြစ်ပွားပြီးတဲ့နောက် ဒေသခံတွေလည်း အတော်လေး ထိတ်လန့်နေကြပါတယ်။ ရဂျီးနားမြို့ထဲမှာ အန္တရာယ်မရှိ စိတ်ချလက်ချ သွားလာ နေထိုင်နိုင်ပါတယ်လို့ ရဲအရာရှိတွေက ပြောကြပေမဲ့လည်း ဒေသခံ ပြည်သူတွေ၊ အထူးသဖြင့် သေဆုံးသူရဲ့ မိတ်ဆွေတွေနဲ့ မြန်မာနိုင်ငံသားတွေ အတော်လေး ကြောက်ရွံ့နေကြပြီး တချို့ဆို အပြင်မထွက်ရဲလောက်အောင် ဖြစ်နေတယ်လို့ ကိုကညောထူးက ပြောပါတယ်။

“နည်းနည်းတော့ ကြောက်လန့်နေတာပေါ့။ သူနဲ့ အလုပ်အတူတူလုပ်တဲ့ တချို့ သူငယ်ချင်းတွေဆို မနက်ပိုင်းလုပ်ရတော့ လန့်နေတယ်၊ သွားရမှာ။ ကျနော်လည်း အခု အိမ်မှာနေရတာ နည်းနည်း လန့်နေတယ်။ အဲဒါကြောင့် တံခါးတွေ ဘာတွေ အကုန်ပိတ်ထားတယ်။ အိမ်မှာပဲ အောင်းနေတယ်၊ အခုက။ အလုပ်ရုံကလည်း ကျနော့်ကို သောကြာနေ့လောက်မှ အလုပ်ပြန်ဆင်းခိုင်းတယ်။ တချို့ကလည်း လန့်ပြီး တခြားမိသားစုအိမ်မှာ လိုက်ပြီး စုအိပ်တယ်။ ညဘက်တောင် သိပ်မလျှောက်ရဲကြဘူး။”

သေဆုံးသူ ကိုဂရင်းနစ်ရဲ့ ညီဝမ်းကွဲ ကိုကညောထူး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကိုဂရင်းနစ်နဲ့ မိသားစုဟာ ထိုင်း၊ မြန်မာ နယ်စပ်ကနေ ဒုက္ခသည်တွေအဖြစ်နဲ့ ကနေဒါနိုင်ငံကို ၂၀၀၇ ခုနှစ်မှာ ရောက်လာခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှု အမျိုးမျိုးကြောင့် ထိုင်း၊ မြန်မာ နယ်စပ်ကို ထွက်ပြေးလာသူ ဒုက္ခသည် ထောင်သောင်းချီပြီး ရှိပါတယ်။ ဒီလို ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ကနေဒါ၊ အမေရိကန်နဲ့ အနောက်နိုင်ငံ အတော်များများက သူတို့နိုင်ငံတွေမှာ အခြေချ နေထိုင်ခွင့် ပြုပါတယ်။ ၂၀၀၆ ခုနှစ်ကစလို့ ကနေဒါနိုင်ငံမှာ ဒုက္ခသည် မြန်မာနိုင်ငံသား ၃,၀၀၀ အခြေချ နေထိုင်လာတာ ရှိပြီး သူတို့အထဲက ဒုက္ခသည် ၁၀၀ လောက်ဟာ ရဂျီးနားမြို့မှာ အခြေချ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ရဂျီးနားမြို့မှာ နေထိုင်သူ ခန့်မှန်းချေ မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့ ကိုကညောထူးက ပြောပါတယ်။

XS
SM
MD
LG