သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်မှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်


ကေအိုင်အေ ကချင်တပ်သားသစ် တဦး လိုင်ဇာ အနီးရှိ စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဧပြီ ၁၇ ၂၀၁၀။
ကေအိုင်အေ ကချင်တပ်သားသစ် တဦး လိုင်ဇာ အနီးရှိ စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဧပြီ ၁၇ ၂၀၁၀။

ကချင်ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ သွေးထွက် သံယို မှု တွေကို ရပ်စဲအောင် လုပ်ဆောင်ကြဖို့ မစ္စတာ ဘန်ကီမွန်း က တိုက်တွန်း လိုက်ချိန်မှာဘဲ လက်ရှိ ကချင်ပြည်နယ် အတွင်းမှာတော့ တိုက်ပွဲတွေက ဆက်လက်ပြီး ဖြစ်ပွားနေတာပါ။ ဒါ့အပြင် ဒီတိုက်ပွဲတွေ နဲ့ ပတ်သက်ပြီး ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့ နဲ့ မြန်မာ အစိုးရ တပ်တွေ ကြားမှာလည်း အပြန်အလှန် စွပ်စွဲမှု တွေ ထွက်ပေါ်နေပါတယ်။ အကဲခတ် စောင့်ကြည်သူတွေကတော့ နှစ်ဘက်အကြားမှာ အပစ်ရပ် ငြိမ်းချမ်းရေး ရဖို့ ထက် တိုက်ပွဲတွေ တိုးလာဖို့က ပိုများနေတယ် လို့ သုံးသပ်ကြပါတယ်။

မြန်မာ အစိုးရက တိုင်းရင်းသား လူမျိုးစု လက်နက် ကိုင်အဖွဲ့တွေ နဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ သဘောတူညီမှုတွေ ပြုလုပ်နေတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာဘဲ မြန်မာ နိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ် အတွင်းမှာတော့ ပစ်ခတ် တိုက်ခတ်မှုတွေ ဗုံးကွဲတဲ့ သတင်းတွေ ကြားသိနေရပါတယ်။ အစိုးရပိုင် သတင်းစာ ဖြစ်တဲ့ မြန်မာ့ အလင်း သတင်းစာ မှာ ဆိုရင်လည်း ကေအိုင်အေ၊ ကချင် လွတ်မြောက်ရေး တပ်မတော် က ပစ်ခတ်တဲ့ အတွက် ဒေသခံ ပြည်သူတွေ သေကြေရတယ်။ မန္တလေး မြစ်ကြီးနား အထူး အိပ်စင် ရထားကို မိုင်းခွဲတဲ့ အတွက် ရထားတွဲတွေ တိမ်းမှောက်ခဲ့ရတယ် လို့ ရေးသားထားပါတယ်။ ကေအိုင်အေ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် ကတော့ ကေအိုင်အေ ဟာ ပြည်သူလူထု စီးနင်းတဲ့ မီးရထားကို တိုက်ခိုက်တယ် ဆိုတာ မဟုတ်ပါဘူး လို့ ငြင်းပါတယ်။

“အဲဒီဒေသ ဟာ စစ်ကိုင်းတိုင်း နဲ့ နယ်စပ်ဖြစ်သွားပြီခင်ဗျ။ ကျနော် တို့ရဲ့ ကချင် တပ်ဖွဲ့ဝင်တွေ အဲဒီ လောက် မိုးညှင်းအောက် အထိ သွားလာ လှုပ်ရှားနိုင်တဲ့ ဒေသ မဟုတ်ဘူး ခင်ဗျ။ နောက်ပြီးတော့ ဒီ သံလမ်းဘက်မှာလည်း ကိုက် ၂၀၀ လောက် မှာ သူတို့ လုံခြုံရေး စခန်းတွေ၊ လုံခြုံရေး ကင်းတွေ ချထားပြီး အချိန်ပြည့် ကားလမ်း လုံခြုံရေး၊ ရထားလမ်း လုံခြုံရေး ယူထားတဲ့ အစိုးရ တပ်ဖွဲ့ဝင် တွေရှိတယ်။ ရဲတွေ ရှိတယ်။ ဒါကြောင့် အဲဒီ ဖြစ်သွားတဲ့ ရထားလမ်း မိုင်းကွဲတယ် ဆိုတဲ့ ကိစ္စဟာလည်း သူတို့က ကေအိုင်အေ ဆိုပြီး စွပ်စွဲတာမျိုး ရှိတယ်။ သက်သေ အထောက်အထားတော့ ပြနိုင်သလား တော့ မသိဘူး ခင်ဗျ။ ဒါပေမဲ့ ခုနက ပြောသလိုပါဘဲ။ ဒီ လောက်ကြီး ကချင် ပြည်နယ် ရဲ့ အောက်ပိုင်း စစ်ကိုင်းတိုင်း နယ်စပ်အထိ ကျနော် တို့ တပ်ဖွဲ့တွေ လှုပ်ရှား ဖို့လည်း ကျနော် တို့ ဘက်မှာလည်း လမ်းပန်းဆက်သွယ်ရေးလည်း အဲဒီလောက်ကြီး မရှိဘူး။ အဲဒီ ဘက်မှာ တပ်ဖွဲ့တွေ မရှိဘူး ခင်ဗျ။ ဒါကြောင့် သူတို့ စွပ်စွဲချက် ဟာ မဖြစ်နိုင်တဲ့ ကိစ္စပါ။”

ကချင် ကေအိုင်အို အဖွဲ့ ထိန်းချုပ်ရာ နယ်မြေတွေ မှာ အပြန်အလှန် ပစ်ခတ်နေတယ် ဆိုတဲ့ သတင်း တွေ ထွက်ပေါ်နေတာ နဲ့ ပတ်သက်ပြီးတော့လည်း ဦးလနန် က အခုလို ပြောပါတယ်။

“လက်နက်ကြီးတွေ ပစ်တာတော့ အဓိက က အစိုးရ တပ်တွေ ပစ်တာပါ။ ရွာထဲကို ပရမ်းပတာ ပစ်တာမျိုးလည်း သူတို့ပဲ လုပ်ကြတာဘဲ ခင်ဗျ။ မနေ့က ည ကလည်း သူတို့ ကန်တောင်ကနေ ပြီး ဂျာဒါ ဘက်ကို လက်နက်ကြီးတွေ နဲ့ တလစပ် ပစ်တာမျိုးတွေ ရှိတယ်။ ကျနော် တို့ဘက် က တော့ အဲဒီလို ဟာမျိုး လက်နက်ကြီးတွေ နဲ့ တလစပ် ပစ်ဖို့ အလုံအလောက် အဲဒီ လောက်ကြီး မရှိဘူး ခင်ဗျ။ ထိန်းထိန်း သိမ်းသိမ်း နဲ့ ပဲ ကျနော် တို့ အသုံးပြုနေရတာပါ။”

ပြီးခဲ့တဲ့ မတ်လ တုန်းက အပစ်ရပ် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှု တွေ စတင်ပြုလုပ်ပြီးတဲ့ နောက်ပိုင်း မြန်မာ အစိုးရဘက် ကနေ လေကြောင်းတိုက်ခိုက်မှု တွေ ပါ တိုးလာတယ် လို့ ဦး လနန် က ပြောပါတယ်။

ဒီလို တိုက်ခိုက်မှု တွေ ပြုလုပ်နေရင်းနဲ့ တဖက်ကလည်း ကေအိုင်အို ဘက်က နေ ငြိမ်းချမ်းရေး အတွက် အဟန့် အတားတွေ လုပ်ဆောင် နေပါတယ် ဆိုပြီး တဖက်သတ် ပြောဆိုနေတယ် ဆိုပြီး ဦးလနန်က ပြောပါတယ်။ ကေအိုင်အေ အနေနဲ့ လိုအပ်တဲ့ ခုခံမှုတွေကို တော့ လုပ်ရမှာဘဲ လို့ သူက ပြောပါတယ်။

“ကျနော် တို့ ဘက်ကလည်း တိုက်လို ခိုက်လို တဲ့ ဆန္ဒကြီး ဒီလောက်ကြီး ပြင်းပြတာတော့ မရှိပါဘူး။ ဒါပေမဲ့ အစိုးရ တပ်က နေပြီး ကျနော် တို့ ရဲ့ တပ်စခန်းတွေကို ဝင်ရောက်ပြီးတော့ ပစ်ခတ်တာ မျိုး ထိုးစစ် ဆင်လာတဲ့ အခါမှာတော့ ကျနော် တို့ ဘက်က တတ်နိုင်တဲ့ ဘက်က ပြန်ပြီး ခုခံတဲ့ နည်းနဲ့ တိုက်ပွဲတွေ တော့ လုပ်ရမှာဘဲ။ ဒီအတိုင်း ငြိမ်ခံ လို့တော့ မဖြစ်ဘူး ခင်ဗျ။”

အခုလို ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကြောင့် ဒေသတွင်းမှာ စစ်ပြေးဒုက္ခသည် တွေ လျှော့ပါးသွားတယ် ဆိုတာ မရှိဘဲ တိုးတိုး လာနေတာဘဲ ရှိတယ် လို့ ဦးလနန် က ဆိုပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက လွှတ်တော် အတွင်း မိန့်ခွန်း ပြောဆိုခဲ့ရာမှာ တခြား လက်နက် ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ်ရေး အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့ပေမဲ့ ကချင်ပြည်နယ်မှာတော့ အခုထိ အဆင်မပြေသေးဖူး ဖြစ်နေတယ်။ အပစ်ရပ်ရေးနဲ့ နိုင်ငံရေး သဘောတူညီ မှု ကနေ ရလာမယ့် ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးမှု အခွင့်အလန်းတွေကို ကချင်ပြည်သူတွေလည်း ရရှိသင့်တယ် လို့ ပြောကြားသွားပါတယ်။ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ ကချင် သတင်းစဉ်ရဲ့ အယ်ဒီတာ ဦးနော်ဒင်းကတော့ လက်ရှိ မြင်တွေ့ နေရတဲ့ အနေအထားအရ ကချင် ဒေသမှာ ငြိမ်းချမ်းရေး ရဖို့ ဆိုတာ ထက် စစ်ရိပ်သန်းတဲ့ အရိပ်အရောင်တွေဘဲ ပိုများနေတယ် လို့ ဆိုပါတယ်။

“ကျနော်နည်းနည်း မြင်တာကတော့ အဓိက ကတော့ အစိုးရနဲ့ ကေအိုင်အို အကြားမှာ နိုင်ငံရေး အရ ဆွေးနွေးမှု ကတော့ လောလောဆယ်က သူတို့ မှာ မရှိဘူးပေါ့နော်။ အဲဒီ အခြေအနေကို မြင်တယ်။ ဘာလို့လဲ ဆိုတော့ အစိုးရဘက် က အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတော့မှ အရင် က နဝတ၊ နအဖ လုပ်တဲ့ အစီအစဉ် ပုံစံ လို သူတို့ ရဲ့ စစ်ရေး ကို အရင်လုပ်ပြီးတော့ မှ နိုင်ငံရေး ကို နောက်မှ ဆွေးနွေးဖို့ အတွက်၊ ဒါပေမဲ့ ဒီ အစိုးရ တော့ ၂၀၀၈ အခြေခံ ဥပဒေကို အခြေခံ ပြီးတော့ မှ နိုင်ငံရေး ဆွေးနွေးဖို့ အတွက် ဦးတည်သွားတာ ဖြစ်တယ်။ အဲဒါ ကို ကေအိုင်အို ဘက်က လုံးဝ လက်မခံ ဘူး။ ကေအိုင်အို ကတော့ နိုင်ငံရေး ပြဿနာ ဆိုတာ ပင်လုံ က နေစ လာတာ ဆိုတာ ကို အခိုင်အမာ ယုံကြည်ပါတယ်။ အဲဒါကြောင့် ဒီပင်လုံ ကို အခြေခံ တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကို ဦးတည် သွားဖို့ အတွက် ၂၀၀၈ အခြေခံ ဥပဒေကို ပြုပြင်ပြီးမှ ဆွေးနွေးရမယ် ဆိုတဲ့ အချက် ကို ကေအိုင်အို ဘက် အခိုင်အမာ တင်ပြထားတာ ဖြစ်တယ်။ ဒီနှစ်ခု ကို သူတို့ ညှိလို့ မရတဲ့ အတွက် အခု အခြေအနေမှာ စစ်ရေးကတော့ ပိုပြီးမှ ၊ စစ်ရေး ဘက်ကို ပိုပြီး ဦးတည် လာတဲ့ အခြေအနေ ဖြစ်တယ် ဆိုတဲ့ ဟာကို ကျနော့် အနေနဲ့ သုံးသပ်ပါတယ်။”

ကချင် သတင်းစဉ်ရဲ့ အယ်ဒီတာ ဦးနော်ဒင်းပါ။

မြန်မာ အစိုးရ ရဲ့ သတင်းစာတွေ မှာ ကချင် လက်နက်ကိုင် အဖွဲ့တွေ ရဲ့ လက်ချက်ကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိတယ် ဆိုတဲ့ သတင်းတွေ ရေးသား နေသလို ကချင် လွတ်မြောက်ရေး အဖွဲ့ကလည်း မြန်မာ အစိုးရ တပ်တွေက တိုက်ခိုက်လို့ ပြန်ပြီး ခုခံနေရတယ် လို့ ပြောပါတယ်။

XS
SM
MD
LG