သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ရာဇသံ KIO ပယ်ချ


နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံရင် မတရားအသင်း ကြေညာမယ်ဆိုတဲ့ မြန်မာစစ်အစိုးရရဲ့ ရာဇသံကို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) က ပယ်ချလိုက်ပါတယ်။ နိုင်ငံရေးကို အရင် ဖြေရှင်းလိုတယ်လို့လည်း သူတို့က ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO အနေနဲ့ လက်နက်ချမှာမဟုတ်ဘူး ဆိုတာကို ဒီကနေ့ပဲ ဆုံးဖြတ်လိုက်တာလို့ KIO အဖွဲ့ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ် လွန်းဒေါင်က ပြောပါတယ်။

“ဒီနေ့ဟာ ကျနော်တို့ KIA တဖွဲ့တစည်းပဲ အဲဒါ ဆုံးဖြတ်တာမဟုတ်ဘူး။ ပြည်သူလူထုရဲ့ အတွေးအခေါ်ကို ပထမ ရယူပြီးတော့မှ အဲဒီပေါ်မှာ မူတည်ပြီးတော့မှ ဆုံးဖြတ်ခြင်း ဖြစ်တယ်။ အခုမှ လက်နက်ချပါ ဆိုရင်တော့ ဒါက လက်တွေ့မကျဘူး။ ကျနော်တို့က အပစ်ခတ် ရပ်စဲရေး လုပ်ထားတဲ့အခါမှာ သဘောတူထားတဲ့ နှစ်ဖက်စလုံးရဲ့သဘောတူညီချက်ကို ကျနော်တို့က တန်ဖိုးထားစွာနဲ့ ဆက်လက် လုပ်သွားတာပဲ ဖြစ်တယ်။ ကျနော်တို့ ယုံကြည်တာက သူတို့လည်း အဲဒီသဘောတူညီချက်ကို လက်တွေ့ လုပ်သွားကြလိမ့်မယ်လို့ ယုံကြည်လျက်ပဲရှိတယ်။ အဲဒါကြောင့် ဒီ KIO အစည်းအဝေးကနေ ဒါကိုလက်မခံဘဲနဲ့ ဆက်လက်ပြီးတော့မှ လုပ်သွားတာဖြစ်တယ်လို့ ကျနော် အဲဒါပဲ ပြောချင်ပါတယ်။”

ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာပြီးတဲ့နောက်ပိုင်းမှာ မြန်မာအစိုးရက KIO အဖွဲ့၊ ဝအဖွဲ့၊ မုန်းလားအဖွဲ့ နဲ့ မွန်ပြည်သစ် အပါအဝင် ကျန်ရှိနေသေးတဲ့ အပစ်ရပ် အဖွဲ့တွေကို စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး အဖြေပေးဖို့ ရာဇသံပေးခဲ့တာပါ။ အသွင်ပြောင်းဖို့ သဘောမတူဘူး၊ လက်နက် မချဘူးဆိုရင် တရားမဝင်အသင်းအဖြစ် သတ်မှတ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့တာကို ခုလို ညီလာခံမှာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

KIO အနေနဲ့ နိုင်ငံရေး ဖြေရှင်းနိုင်ခြင်း မရှိသေးသမျှ ကာလပတ်လုံး လက်နက် အပ်နှံခြင်း လုံးဝမလုပ်ဘူးလို့ ပြောပါတယ်။ အခု ကျင်းပနေတဲ့ ညီလာခံဟာလည်း၂၀၁၀ ရွေးကောက်ပွဲနဲ့ မသက်ဆိုင်ကြောင်းနဲ့ မြန်မာစစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ပါဝင်မှာ မဟုတ်သလို ကန့်ကွက်ခြင်းလည်း မရှိဘူးလို့ ဆိုပါတယ်။

ဒီလို ကြေညာချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာတော့ KIO ထိန်းချုပ်ထားတဲ့ လိုင်ဇာ ဌာနချုပ် အပါအဝင် KIO ရှေ့တန်းနယ်မြေတွေမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားလိုက်တယ်လို့ KIO နဲ့ နီးစပ်တဲ့ လိုင်ဇာ ဒေသခံတယောက်က ပြောပါတယ်။

“လူဝင်လူထွက် နည်းနည်း ကြီးကြပ်လိုက်တာ ပြီးရင် ဒီဂိတ်တွေမှာရော ဒီအဝင်အထွက် စာရင်းတွေစစ်တယ် ပြီးရင် လက်မှတ်တွေ ထိုးခိုင်းတယ် မှတ်ပုံတင် နံပါတ်တွေကအစ အကုန်လုံးရေးခိုင်းတယ် ပြီးရင်လိုင်ဇာမှာလည်း နေရာတိုင်းမှာပေါ့ အဆောက်အဦးလွတ်တွေ လမ်းဆုံလမ်းခွနေရာ တကာ ခြုံကျိုခြုံကြား နေရာတကာ အဲလိုမျိုး လုံခြုံရေးတွေ အစောင့်ချ ထားတာပေါ့နော်။ အဲဒီလိုမျိုး လုံခြုံရေးတွေ နည်းနည်း တင်းကျပ်ထားတယ်။ ခါတိုင်းထက်နည်းနည်း ထူးထူးခြားခြား တင်းကျပ်ထားတာတွေ တွေ့ရတယ်။ သူတို့စစ်တာ လူဝင် လူထွက် စစ်တယ်။ အထူးသဖြင့်တော့ အပြင်က ဧည့်သည်တွေကို ပေါ့နော်။ လိုင်ဇာမြို့ခံ လိုင်ဇာအိမ်ထောင်စုရှိ လိုင်ဇာဒေသခံတွေ ကျတော့ ဘာမှကိစ္စမရှိဘူး။ သွားသွားလာလာ အဆင်ပြေတာပေါ့နော်။ စစ်ဆေး မေးမြန်းခြင်းမရှိဘူး။ ဒါပေမဲ့ အပြင်က အဝင်အထွက် တွေကိုကျတော့ နည်းနည်း သူတို့ စစ်ဆေးတာတွေ၊ ပြီးရင် အိတ်တွေဘာတွေ ဖွင့်ခိုင်းတာတွေ ဆိုင်ကယ်တွေစစ်တာတွေ ရှိတာပေါ့။”

အခုလို ဖိအားတွေ များလာနေတဲ့ တချိန်တည်းမှာပဲ KIO အဖွဲ့ကြီးက သူရဲ့ သက်တမ်း ၄၉ နှစ် အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် ပါတီညီလာခံကြီးကိုလည်း ဒီကနေ့ စတင် ကျင်းပနေပါတယ်။

ဒီညီလာခံမှာ KIO တိုင်းဒေသအဆင့် ပါတီ သဘာပတိနဲ့ အတွင်းရေးမှူးတွေ၊ တိုင်းဒေသအသီးသီးက ပြည်သူ့ကိုယ်စားလှယ်တွေ ၁၀၀ ကျော် တက်ရောက်နေပါတယ်။

ခုကျင်းပနေတဲ့ ညီလာခံကနေ KIO အဖွဲ့ အနေနဲ့ အနာဂါတ်မှာ ဘယ်လို ရပ်တည်သွားမယ် ဆိုတာကို မကြာသေးခင်က ရယူထားတဲ့ လူထု သဘောထားတွေကို ထည့်သွင်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

KIO နယ်မြေမှာ ရှိနေကြတဲ့ ကချင်ပြည်သူတွေကတော့ အခြေအနေတွေ တင်းမာလာပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြ ပါတယ်။

XS
SM
MD
LG