သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU နဲ့ DKBA ငြိမ်းချမ်းရေး ဆွေးနွေး


လက်နက်ကိုင် ကရင်အဖွဲ့ ၂ ခုကြားမှာ အပစ်အခတ် ရပ်စဲကြဖို့အတွက် ဒီရက်ပိုင်းအတွင်းမှာပဲ နှစ်ဘက် အောက်ခြေတပ်တွေကြားမှာ ဆွေးနွေးမှုတွေ စတင်နေပါတယ်။ ဗဟိုရဲ့ ညွှန်ကြားချက်နဲ့ အောက်ခြေတပ်တွေ စတင်ဆွေးနွေးတာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူနိုင်ခဲ့ရင် ကရင်အမျိုးသားတွေအတွက် အကျိုးများလာနိုင်တယ်လို့ သုံးသပ်သူတွေက ပြောနေကြပေမဲ့ လက်တွေ့မှာ သဘောတူညီမှု ရနိုင်ဖို့ ဘယ်လောက် ဖြစ်နိုင်ပါသလဲ။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

KNU ခေါ် ကရင်အမျိုးသား အစည်းအရုံးနဲ့ DKBA ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် အဖွဲ့တို့ဟာ ဇွန်လ နောက်ဆုံးပတ် ထိုင်းနယ်စပ် တနေရာမှာ အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNU ခေါင်းဆောင်တဦးက ပြောပါတယ်။ အဲဒီဆွေးနွေးမှုဟာဆိုရင် KNU ဗဟိုဌာနချုပ်ရဲ့ လမ်းညွှန်ချက်အရ အောက်ခြေတပ်များကနေ ဆွေးနွေးခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဒု-ဥက္ကဋ္ဌဖြစ်သူ ပဒို ဒေးဗစ်သာကပေါက အခုလို အတည်ပြု ပြောပြခဲ့ပါတယ်။

“ဒါ အောက်ခြေအဆင့်ပဲ၊ လျှို့ဝှက်ပြီး လုပ်နေတယ်လို့ထင်တယ်။ ဗဟိုက လမ်းညွှန်ပေးထားတယ်လေ။ အဲဒါ အကျိုးရှိမယ်၊ တကယ်တမ်း တိုးတက်မှုရှိမယ်ဆိုမှ ဗဟိုက ဝင်ကိုင်ပါမယ်။ ကျနော်တို့ စောင့်ကြည့်ရမယ့် အခြေအနေမှာပဲ ရှိပါတယ်။”

အလားတူ DKBA အဖွဲ့က တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေကြားခြင်း မပြုခဲ့ပါဘူး။ KNU အဖွဲ့နဲ့ DKBA အဖွဲ့တို့ အနေနဲ့ အခုလို အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာဟာ ကရင်တမျိုးသားလုံးအတွက် အကျိုးရှိနိုင်မယ်လို့ ကရင့်အရေး လှုပ်ရှားသူ ဆရာထူးဂလိက အခုလို ပြောပါတယ်။

“အပစ်အခတ် ရပ်စဲနိုင်မယ် ဆိုတော့ ကျနော့်အနေနဲ့ ဝမ်းသာစရာ တခုပဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်သူတွေအတွက် ပြေလည်မှု ရှိတာပေါ့ခင်ဗျာ။ ကျနော်တို့ ပိုပြီးတော့ အင်အားကြီးတာပေါ့၊ တော်လှန်ရေးအတွက်။ ကျနော့်ရဲ့ အမြင်ပေါ့လေ။”

၂ဝ၁ဝ နှစ်ဆန်းပိုင်းတုန်းကလည်း မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးဆောင်ပြီး KNU နဲ့ DKBA အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီဆွေးနွေးပွဲကို အပြီးမသတ်နိုင်ခဲ့ဘူးလို့ KNU တပ်မဟာ ၆ ဒေသမှ စစ်ဘက်အရာရှိတဦးက ပြောပါတယ်။

DKBA တပ်ဖွဲ့ဟာ ၁၉၉၅ ခုနှစ် ဇန်နဝါရီလလောက်မှာ ဘာသာရေး ခွဲခြားမှုကို အကြောင်းပြပြီး KNU ကနေ ခွဲထွက်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ KNU နဲ့ လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက်လုံးမှာ ထိခိုက် ကျဆုံးတာတွေ များပြားခဲ့တယ်လို့လည်း KNU အရာရှိတဦးက ပြောပါတယ်။

အခုလို KNU နဲ့ DKBA တို့ အောက်ခြေအဆင့်ကနေပြီး တဖွဲ့နဲ့တဖွဲ့ နားလည်မှု ရှိလာတဲ့အပေါ်မှာ စစ်အစိုးရက ဘယ်လိုသဘောထားဦးမယ် ဆိုတာ မသိသေးဘူးလို့ အမည်မဖော်လိုသူ ကရင်အမျိုးသားအရေး လှုပ်ရှားသူတဦးက ဆိုပါတယ်။

အခုလို တဖွဲ့နဲ့တဖွဲ့ နားလည်မှု ရှိလာတာဟာ ကောင်းမွန်တဲ့ အသွင်လက္ခဏာ ဆောင်လာတယ်လို့ ဆိုပေမဲ့ စစ်အစိုးရကနေ ကြိုးကိုင်ထားတဲ့ DKBA က ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ စစ်အစိုးရရဲ့ ဆန္ဒတွေကို ငြင်းဆန် ပယ်ရှားဖို့တော့ အချိန်ယူရမှာဖြစ်ပြီး ညီညွတ်ရေး တည်ဆောက်နိုင်ဖို့ကတော့ မရေရာမှုတွေနဲ့ ပြည့်နေဆဲပဲလို့ ကရင်အမျိုးသားအရေး လှုပ်ရှားသူများက သုံးသပ်ထားပါတယ်။

XS
SM
MD
LG