သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးအရ အရေးယူရင် ဗိုလ်ချုပ်ထိန်မောင်တို့ အလားတူ တုံ့ပြန်မည်


စစ်ရေးအရ အရေးယူရင် ဗိုလ်ချုပ်ထိန်မောင်တို့ အလားတူ တုံ့ပြန်မည်
စစ်ရေးအရ အရေးယူရင် ဗိုလ်ချုပ်ထိန်မောင်တို့ အလားတူ တုံ့ပြန်မည်

ဒီရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရ သတင်းစာ မျက်နှာဖုံးတွေမှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းတဲ့ သတင်းတွေ ဆက်တိုက် ဖော်ပြနေချိန်မှာ ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီကတော့ အသွင်ပြောင်း ဖွဲ့စည်းရေးကို ထပ်မံ ငြင်းဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရက ကရင်ငြိမ်းချမ်းရေး ကောင်စီကို တပတ်အတွင်း နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ တောင်းဆိုထားပြီး လက်မခံရင် စစ်ရေးအရ အရေးယူမယ်လို့ ဖိအားပေးတာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ကရင်ငြိမ်းချမ်းရေး ကောင်စီက ကိုယ်စားလှယ်တွေကို မော်လမြိုင်မြို့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ခေါ်ယူပြီး တပတ်အတွင်း အသွင်ပြောင်းဖို့အတွက် ဖိအားပေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကရင်ငြိမ်းချမ်းရေး ကောင်စီကတော့ ဒီတောင်းဆိုချက်ကို လက်မခံနိုင်ဘူးလို့ အဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးရင်နုက အခုလို ပြောပါတယ်။

“တပတ်အတွင်း လုပ်ရင်လုပ်၊ မလုပ်ရင်တော့ သူက ဘယ်လိုလုပ်မလဲတော့ မပြောတတ်ဘူးလေ။ ဒါပေမဲ့ ကျနော်တို့ မလုပ်ဘူးလေ၊ ဘယ်လိုပဲ ပြောပြောပေါ့။ ပြည်သူ့စစ်လည်း မလုပ်ဘူးနော်။ နယ်ခြားစောင့်တပ်လည်း မလုပ်ဘူးပေါ့။”

မြန်မာစစ်အစိုးရဘက်က သူတို့ တောင်းဆိုတာကို လက်မခံရင် စစ်ရေးအရ ဖိအားပေးပြီး ကရင်ငြိမ်းချမ်းရေး ကောင်စီ အခြေစိုက်ရာ ထို့ကော်ကိုးကနေ မောင်းထုတ်ပစ်မယ်လို့ ခြိမ်းခြောက် ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဗိုလ်မှူးရင်နုက စစ်ရေးအရ အရေးယူလာရင် အလားတူ တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ရေးအရ အရေးယူလာရင် ကျနော်တို့လည်း အဲဒါယူရမှာပေါ့။ မဟုတ်ဘူးလား။ ဒါလည်း တနည်းနည်းနဲ့ တုံ့ပြန်ရမှာပေါ့။ ကျနော်တို့ ဒီကိုပြန်လာတာကတော့၊ ငြိမ်းချမ်းရေး ပြန်လာလုပ်တာကတော့ ကျနော်တို့ ဟိုးအရင်က ခေါင်းဆောင်ကြီး စောဘဦးကြီး မူ ၄ ချက်နဲ့ ပြန်ယူလာတယ်လေ။ အဲဒါပဲ၊ အသေယူထားတာပေါ့၊ မဟုတ်ဘူးလား။”

ကရင်ခေါင်းဆောင် စောဘဦးကြီးမူ ၄ ချက်ကတော့ လက်နက်ချစကား အလျင်းမပြောရ။ ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်။ ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် ဆိုတာ ဖြစ်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) က တွဲဖက်အတွင်းရေးမှူး ပဒိုစောလှငွေကလည်း ကရင်ငြိမ်းချမ်းရေး ကောင်စီကို စစ်ရေးအရ အရေးယူလာရင် အခြေအနေအရ သူတို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မကြာမီမှာ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ကရင်ငြိမ်းချမ်းရေး ကောင်စီရဲ့ သဘောထားကိုတော့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်မိုသီက အခုလို ပြောဆိုပါတယ်။

“အခုရွေးကောက်ပွဲက လူထုရဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ရထားတဲ့မဲကို သူတို့ စော်ကားတာပဲ။ NLD ကို အာဏာမအပ်ဘူး။ မအပ်ဘဲ အခုတခါ ထပ်လာပြီးတော့ ရွေးကောက်ပွဲ ပြန်လုပ်မယ်။ ရွေးကောက်ပွဲ ဘယ်ဟုတ်မလဲ၊ ရွေးချယ်ပြီးသွားပြီပဲဟာ။ ဘယ်လို ရွေးကောက်ပွဲ ထပ်လုပ်မလဲ။ ရွေးကောက်ပွဲဆိုတာ သူတို့ ကမ္ဘာကို မျက်လှည့်ပြတာ၊ ဒါပဲရှိတယ်။

“အဲတော့ အခု တိုင်းရင်းသား ခေါင်းဆောင်တွေရော ကျနော်တို့ရော ဘာပြန်လုပ်မလဲဆိုရင် ဒီရွေးကောက်ပွဲ တို့မလိုဘူး။ တို့လိုတာက အရင်ရွေးကောက်ပွဲကို အသိအမှတ်ပြုပြီးတော့ နိုင်တဲ့ပါတီကို အာဏာအပ်ဖို့၊ ဒါပဲရှိတယ်။”

ဒီနှစ် ဧပြီလ ၇ ရက်နေ့ကလည်း ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ကရင်ငြိမ်းချမ်းရေး ကောင်စီကို အသွင်ပြောင်း ဖွဲ့စည်းဖို့အတွက် အလားတူ တောင်းဆိုခဲ့ဖူးပါတယ်။ ဒါကို ဧပြီလ ၂၂ ရက်နေ့မှာ ဗိုလ်ချုပ်ထိန်မောင်က လက်မခံနိုင်ကြောင်း စာရေးသား ပေးပို့ပြီး ငြင်းဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။

KNU/KNLA Peace Council ခေါ် ကရင်ငြိမ်းချမ်းရေး ကောင်စီဟာ ၂၀၀၇ ခုနှစ်မှာ KNU ကနေ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ကရင်ငြိမ်းချမ်းရေး ကောင်စီက မြန်မာစစ်အစိုးရ ကမ်းလှမ်းတဲ့ နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ် ဖွဲ့စည်းရေးကို အရင်ကလည်း အကြိမ်ကြိမ် ငြင်းဆိုထားတာ ဖြစ်ပါတယ်။

လာမယ့် ၂၈ ရက်နေ့မှာတော့ ကရင်ငြိမ်းချမ်းရေး ကောင်စီက အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူထားပြီး မြန်မာစစ်အစိုးရရဲ့ တောင်းဆိုချက် အပေါ်မှာ အပြီးသတ် ဆုံးဖြတ်မယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရဟာ ရွေးကောက်ပွဲ မတိုင်မီမှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဒီရက်ပိုင်းတွေ အတွင်းမှာ ဖိအားပေး တောင်းဆိုနေပါတယ်။ ဒါပေမဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီတို့က အသွင်ပြောင်းရေးကို လက်မခံကြောင်း တုံ့ပြန်ထားပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နဲ့ ဟောင်သရောဒေသ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းတဲ့ သတင်းတွေကို မြန်မာစစ်အစိုးရထုတ် သတင်းစာ မျက်နှာဖုံးတွေမှာ ဦးစားပေး ဖော်ပြထားပါတယ်။

XS
SM
MD
LG