သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ခရီးစဉ်အတွင်း ဒုက္ခသည်တွေနဲ့ ကိုဖီအာနန် တွေ့ဆုံ


 ကိုဖီအာနန် သက္ကယ်ပြင်ရွာရှိ ဒုက္ခသည်များနှင့်တွေ့ဆုံစဉ်
ကိုဖီအာနန် သက္ကယ်ပြင်ရွာရှိ ဒုက္ခသည်များနှင့်တွေ့ဆုံစဉ်

ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဒီကနေ့မှာတော့ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ၂ ရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ် အဆုံးမသတ်ခင်မှာပဲ စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်လည်းဖြစ်တဲ့ ကိုဖီ အာနန် ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ လူမှုအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာတော့၊ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက လူမှုအသိုင်းအဝိုင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေဒဏ် ခံခဲ့ကြရသူတွေနဲ့ တွေ့ဆုံဖို့ စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတွေကို သွားခဲ့တာလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းရဲ့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ အကြံပေး ကော်မရှင် အဖွဲ့ဝင်တစ်ဥိးဖြစ်သူ ဦးအေးလွင်က ဗွီအိုအေကို ပြောပါတယ်။

“ အောင်မင်္ဂလာရပ်ကွက်ပေါ့နော် စစ်တွေမြို့မှာရှိတဲ့ ပဋိပက္ခထဲမှာ ပါမသွားတဲ့ မွတ်ဆလင်ရပ်ကွက်ကို အရင်ဆုံးသွားပါတယ်ခင်ဗျ။ အဲဒီမှာ သွားပြီးတော့ ကျနော်တို့ ရခိုင် ဗုဒ္ဓဘာသာဒုက္ခသည်စခန်း မင်းဂံ အဲဒီကို ကျနော်တို့ သွားပါတယ်ခင်ဗျ။ အဲဒီကနေပြီးတော့မှ မွတ်ဆလင် ဒုက္ခသည်စခန်း သက္ကယ်ပြင် အဲဒီကို ကျနော်တို့ သွားပါတယ်။ ၁ နာရီထိုးကျတော့ လေဆိပ်ဆင်းပြီးတော့ ၂ နာရီမှာ ရန်ကုန်ပြန်ရောက်ပါတယ်။”

ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တဦးလည်းဖြစ်တဲ့ ကိုဖီအာနန်ရဲ့ မနေ့တုန်းက ရခိုင်ပြည်နယ် ခရီးစဉ်မှာတော့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ စစ်တွေမြို့မှာ စုဝေးပြီး ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှာ ပြည်ပက ကျွမ်းကျင်သူတွေ ပါဝင်နေတာကို ကန့်ကွက်ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီကော်မရှင်အဖွဲ့ကို ပြည်တွင်း တတ်သိပညာရှင်တွေနဲ့သာ ပြန်လည် ဖွဲ့စည်းသင့်တယ်ဆိုပြီး ရခိုင်အမျိုးသားပါတီက အရေးကြိးအဆိုကို ပြည်သူ့လွတ်တော်မှာ တင်သွားခဲ့တာပါ။ ဒါပေမဲ့လို့ ဒီကော်မရှင်ဟာ မနေ့က ရခိုင်ပြည်နယ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို ဒီကနေ့မှာလည်း ရခိုင်နဲ့ မူစလင် အသိုင်းအဝိုင်း ဒုက္ခသည် တွေနဲ့ တွေ့ဆုံခဲ့တာပါ။ မစ္စတာ ကိုဖီအာနန်နဲ့ တွေ့ဆုံခဲ့တဲ့အခါမှာ ဒုက္ခသည်တွေက သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြတောင်းဆိုတာတွေ ရှိတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

“အရင်တုန်းက ဆိုရင် မွတ်ဆလင်တွေနဲ့ သွားသွားလာလာနေခဲ့တယ်ပေါ့လေ။ နောက်ပိုင်းမှာတော့ဖြင့် သူတို့ အပြောအရပေါ့နော် တဖက်နိုင်ငံက လူတွေရောက်လာတဲ့အပေါ်မှာ ပြဿနာတွေ ဖြစ်ရပါတယ်ဆိုတဲ့ ကိစ္စပေါ့နော် အဲဒါတွေပြောတယ်။ ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းကတော့ သူတို့ကို နေရာစီမံကိန်းအနေနဲ့ အိမ်တွေဘာတွေ ပြန်ဆောက်ပေးမလားတော့မသိဘူး အဲဒီလိုဆောက်နေတဲ့အတွက်ကြောင့် သူတို့ ရိက္ခာတွေဘာတွေ ဖြတ်တောက်ခံရတော့မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ သူတို့ အဲဒါပြောတယ်ခင်ဗျ။ နောက်ပြီးတော့ သူတို့ရဲ့ စားဝတ်နေရေးအတွက်ပေါ့လေ စက်ရုံ၊ အလုပ်ရုံတွေလုပ်ပေးဖို့အတွက်ပေါ့ အဲဒါလေးတွေ ပြောပါတယ်။ ဒီ မွတ်ဆလင်တွေဘက်ကကျတော့ သူတို့ ဥပဒေအရ အကာအကွယ်မရဘူး ။ ဥပဒေမှာ မည်သို့ပင်ဆိုစေကာမှာ သူတို့ ခွဲခြားဆက်ဆံခံနေရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးမှာ အဲဒါလေးတွေကို သူတို့ တင်ပြကြပါတယ်ခင်ဗျ။”

ရခိုင်ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာပဲ ရန်ကုန်မြို့ကို ပြန်ရောက်ရှိခဲ့ပါတယ်။ မနက်ဖြန် စက်တင်ဘာလ ၈ ရက်နေ့မှာတော့ သမ္မတ ဦးထင်ကျော်နဲ့ကော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့လည်း တွေဆုံဖို့ ရှိတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဝင်တွေဟာ မနက်ဖြန် စက်တင်ဘာလ ၈ ရက်နေ့မှာတော့ သူတို့ရဲ့ ပထမဆုံး ရခိုင်ခရီးစဉ်အတွင်း တွေ့ကြုံခဲ့ရတာတွေကို ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားဖို့ ရှိပါတယ်။ အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်မှာပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပံ့ပိုးရေး၊ ပြန်လည် ရင်ကြား စေ့ရေး၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးရေး၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးစတဲ့ ကဏ္ဍတွေအတွက် မြေပြင်အခြေအနေတွေ ကိုလေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။မြေပြင် အခြေအနေတွေကိုလေ့လာပြီး ၁၂ လအတွင်းအစီရင်ခံစာတစ်ရပ် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ဒီကော်မရှင်အဖွဲ့ဟာ မကြာမှီအချိန်အတွင်းမှာပဲ ရန်ကုန်မြို့ အမျီုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ြ့ငိမ်းချမ်းရေး ဗဟိုဌာနမှာလည်း ရုံးတစ်ခု ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG