သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တိုက်ပွဲကြောင့် တရုတ်ပိုင်နက်ထဲ လက်နက်ကြီးကျည်ကျရောက်


တရုတ်-မြန်မာ နယ်စပ်နားမှာ ကိုးကန့်လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေကြောင့် ကျည်ဆံတွေ တရုတ်နယ်မြေထဲ ကျရောက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အပြစ်တင်လိုက်ပါတယ်။

ကိုးကန့်ဒေသမှာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာတပ်ဖွဲ့တို့ ဒီကနေ့ အင်္ဂါနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။ တလကျော်ကြာနေပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံနေရသလို ကျည်ဆံတွေလည်း တရုတ်နိုင်ငံထဲ ကျရောက်နေတာမို့ အမြန်ဆုံး တင်းမာမှုတွေ လျော့သွားအောင် ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ကိုးကန့်ပဋိပက္ခဖြစ်နေတာ အခုဆို တလကျော်နေပြီဖြစ်ပြီး ဒါဟာ တရုတ်မြန်မာ နယ်စပ်ဒေသကို မတည်မငြိမ်ဖြစ်စေသလို လူနေမှုဘဝတွေကိုလည်း ထိခိုက်စေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရှိစေဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက အခြေအနေ တင်းမာမှုလျော့ပါးအောင် တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ပေးဖို့ နောက်တချိန်ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။” - လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောသွားတာပါ။

တရုတ်နိုင်ငံအနောက်တောင်ဘက် ယူနန်နယ်ထဲကို ဒုက္ခသည်တွေ သောင်းနဲ့ချီ ဝင်ရောက်လာနေတာအတွက် တရုတ်အစိုးရက စိတ်မချမ်းမသာ ဖြစ်ရတဲ့အပြင် တနင်္ဂနွေနေ့က တရုတ်မြေပေါ် ကျည်ဆံတချို့ ကျရောက်ခဲ့တဲ့အတွက် လူကို ထိခိုက်မှု မရှိပေမဲ့ အိမ်တလုံး ပျက်စီးခဲ့ရကြောင်းလည်း ပြောပါတယ်။

တရုတ်အစိုးရနဲ့ မြန်မာသံတမန်တွေဟာ နယ်စပ်ဒေသ ပဋိပက္ခတွေ အဆုံးသတ်စေဖို့ နယ်စပ်ဒေသ မြို့တွေမှာရော ဘေဂျင်းမြို့မှာပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ကြပေမဲ့ အခုထိတော့ ထိထိရောက်ရောက် မတားဆီးနိုင်သေးပါဘူး။

XS
SM
MD
LG