သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား ကျူးကျော်ခဲ့မှု ဂျပန်ဝန်ကြီးချုပ် တောင်းပန်


လွန်ခဲ့တဲ့နှစ် ၁၀၀ ဒီလအတွင်းမှာ စတင်ကျူးကျော် တိုက်ခိုက်ခဲ့ပြီးတော့ ၃၆ နှစ်ကြာအောင် ကိုရီးယားနိုင်ငံကို သိမ်းပိုက်ထားခဲ့တဲ့အတွက် တိုက်ရိုက်အကျဆုံးနဲ့ အသေးစိတ် အဖြစ်ဆုံး တောင်းပန်ချက် တရပ်ကို ဂျပန်နိုင်ငံက ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

၁၉၁၀ ပြည့်နှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဂျပန်နိုင်ငံက ကိုရီးယားနိုင်ငံကို ကိုလိုနီလုပ် သိမ်းပိုက် အုပ်ချုပ်ခဲ့တာဟာ ကိုရီးယား လူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို အလွန်အမင်း ထိခိုက် ပျက်စီးစေခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် နာအိုတို ကန် (Naoto Kan) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုနဲ့ ခံစားရမှုတွေ ဖြစ်စေခဲ့တဲ့အတွက် အထူး နောင်တရပါကြောင်းနဲ့ အလေးအနက် တောင်းပန်ပါကြောင်း ဂျပန်နိုင်ငံကိုယ်စား ဝန်ကြီးချုပ်က ဖော်ပြ ပြောဆိုခဲ့ပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရှင်းပြဖို့ တောင်ကိုရီးယား သမ္မတ အီလ် မြောင်ဘာ့က် (Lee Myung-bak) ဆီ ဒီကနေ့ သူ တယ်လီဖုန်း ဆက်ခဲ့တယ်လို့ မစ္စတာကန်က သတင်းထောက်တွေကို ပြောပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ စကားတွေကို လက်တွေ့လုပ်ရပ်အဖြစ် ပြသသင့်တယ်လို့ မစ္စတာအီလ်က ဂျပန်ဝန်ကြီးချုပ်ကို ပြောဆိုခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟပ်ပ် သတင်းဌာနက ကိုရီးယားသမ္မတကို ကိုးကား ပြောဆိုပါတယ်။

XS
SM
MD
LG