သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဂစ္စတန် အဓိကရုဏ်း အရေးပေါ်ကူညီရေး မနိုင်မနင်း ဖြစ်နေ


ကာဂစ္စတန်နိုင်ငံ တောင်ပိုင်းမှာ အရေးပေါ် စောင့်ရှောက်မှုပေးဖို့ လုပ်လို့မနိုင်တဲ့ အခြေအနေကို လုံး၀ ရောက်နေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအသင်းရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကာဂစ္စဇ်နဲ့ ဥဇဘက် လူမျိုးတွေအကြား အကြမ်းဖက် တိုက်ခိုက်တာတွေ ရှိခဲ့တဲ့အတွက် လူအနည်းဆုံး ၁၀၀ သေဆုံးခဲ့ပြီး ၁,၂၀၀ ကျော် ဒဏ်ရာရခဲ့ကြပြီးတဲ့နောက် အခုလို အခြေအနေ ကြုံနေရတာ ဖြစ်ပါတယ်။

အသေသတ်ဖို့၊ ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရက်ရက်စက်စက်၊ ပြင်းပြင်းထန်ထန် လုပ်နေတယ် ဆိုတဲ့ သတင်းတွေကို အလွန်အမင်း စိုးရိမ်မိတဲ့အကြောင်း ကာဂစ္စတန် ကြက်ခြေနီအဖွဲ့ရဲ့ ဒုတိယ အကြီးအကဲ ဆီဗာရိုင်း ချပတ်ဇ် (Severine Chappaz) က တနင်္ဂနွေနေ့က ပြောပါတယ်။

တောင်ပိုင်းကမြို့တွေ ဖြစ်ကြတဲ့ အော့ရှ် (Osh) နဲ့ ဂျလာလာဘတ် (Jalalabad) မြို့တွေမှာ အဓိကရုဏ်းတွေ ဖြစ်ခဲ့တဲ့အတွက် ကာဂစ္စတန် ကြားဖြတ်အစိုးရက အရန်တပ်ဖွဲ့တွေကို အဲဒီဒေသကို လွှတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ လိုအပ်ရင် ပစ်မိန့်ပေးပိုင်ခွင့်ကိုလည်း ပေးအပ်လိုက်ပါတယ်။

ကာဂစ္စတန်မှာရှိတဲ့ သူ့ရဲ့ လေတပ်စခန်းတွေကို ကာကွယ်ဖို့ ရုရှားကလည်း တပ်တွေကို စေလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ကာဂစ္စတန် ပြည်တွင်းကို တပ်တွေ စေလွှတ်ဖို့ တောင်းဆိုချက်ကိုတော့ လက်မခံခဲ့ပါဘူး။

လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးမယ်လို့ ရုရှားက ကတိပေးလိုက်ပြီး ယခင် ဆိုဗီယက်အတွင်းက နိုင်ငံတွေရဲ့ အုပ်စုအတွင်းမှာ ဒီကိစ္စကို ဆွေးနွေးမယ်လို့ ပြောပါတယ်။

အဓိကရုဏ်းဒဏ် ခံလိုက်ရသူ အများအပြားဟာ ဆေးကုသမှု ခံယူဖို့ မော်စကို ကို လေယာဉ်နဲ့ ထွက်ခွာသွားကြပါတယ်။
အဓိကရုဏ်းကြောင့် ဥဇဘက်လူမျိုးတွေ သောင်းချီပြီး ထွက်ပြေးခဲ့ကြတယ်လို့ ဥဇဘက် အရေးပေါ်ဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

XS
SM
MD
LG