သုံးရလွယ်ကူစေသည့် Link များ

ကာဂစ္စတန် ပဋိပက္ခကြောင့် လူ ၄၀၀,၀၀၀ အိုးအိမ်မဲ့

  • ဗွီအိုအေ (မြန်မာဌာန)

ကာဂစ္စတန်နိုင်ငံ တောင်ပိုင်းက သွေးထွက်သံယို လူမျိုးရေး အဓိကရုဏ်းတွေကြောင့် လူပေါင်း ၄၀၀,၀၀၀ အထိ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ဒီအထဲက ၁၀၀,၀၀၀ လောက်ဟာလည်း အိမ်နီးချင်း ဥဇဘက်ကစ္စတန် နိုင်ငံကို ထွက်ပြေး ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာဌာန ပြောခွင့်ရသူ အမျိုးသမီးက ဆိုပါတယ်။

တောင်ပိုင်းဒေသက အော့ရှ် (Osh) နဲ့ ဂျလာလာဘတ် (Jalalabad) မြို့တွေမှာ ဒီလ ၁၀ ရက်နေ့က စတင်ဖြစ်ပွားတဲ့ လူမျိုးရေး ပဋိပက္ခတွေကြောင့် လွန်ခဲ့တဲ့ ၆ ရက်အတွင်း လူပေါင်း ၁၉၀ ကျော် သေဆုံးခဲ့တာပါ။ ဒါပေမဲ့လည်း ကြားဖြတ်အစိုးရ တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) တို့ကတော့ သေဆုံးသူ အရေအတွက်ဟာ တရားဝင် ကိန်းဂဏန်းထက် အများကြီး ပိုနိုင်တယ်လို့ ဆိုပါတယ်။

အော့ရှ်မြို့မှာ အခြေအနေတွေ တည်ငြိမ်စ ပြုလာနေပြီး ကာဂစ်စ်လူထု အနေနဲ့ ဒီလ ၂၇ ရက်နေ့မှာ ပြုလုပ်ဖို့ ရှိနေတဲ့ လူထုဆန္ဒခံယူပွဲမှာ ပါဝင်သွားဖို့ ကြားဖြတ်အစိုးရရဲ့ ဒုတိယ၀န်ကြီးချုပ် အဇင်ဘက် ဘက်ခ်နာဇရော့ဗ် က ဒီကနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။

ရုရှားနိုင်ငံက ဦးဆောင်တဲ့ လုံခြုံရေးအဖွဲ့ကတော့ ကြားဖြတ်အစိုးရက တောင်းခံထားသလို ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်တွေ ကာဂစ္စတန်ကို စေလွှတ်ပေးမှာ မဟုတ်တဲ့အကြောင်း ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။

လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ CSTO က တရားဥပဒေ ကင်းမဲ့မှုတွေကို ဟန့်တားမယ့် အစီအစဉ်တွေအတွက် ပြင်ဆင်ထားနိုင်အောင် ကျွမ်းကျင်သူတွေ စေလွှတ်ပေးမယ်လို့သာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG