သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေး လျှောက်လွှာ ပယ်ချ


အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေး လျှောက်လွှာ ပယ်ချ
အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေး လျှောက်လွှာ ပယ်ချ

အလုပ်သမားတွေနဲ့ လယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ရည်ရွယ် ဖွဲ့စည်းဖို့ စီစဉ်ခဲ့တဲ့ မြန်မာအမျိုးသား အလုပ်သမားများ သမဂ္ဂကို ဖွဲ့စည်းခွင့် မပေးနိုင်ဘူးလို့ ဒီကနေ့ အာဏာပိုင်တွေဘက်က တုံ့ပြန်လိုက်ပါတယ်။ ဒီလို ငြင်းပယ်လိုက်တာဟာ မြန်မာအစိုးရက တည်ဆဲဥပဒေကို ကိုယ်တိုင် လိုက်နာကျင့်သုံးမှု မရှိတာ ဖြစ်တယ်လို့ အလုပ်သမား သမဂ္ဂရဲ့ ဥပဒေ အကြံပေး ဦးဖိုးဖြူက ဝေဖန် ထောက်ပြထားပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မြန်မာအမျိုးသား အလုပ်သမားများ သမဂ္ဂဟာ ရန်ကုန်က စက်မှုဇုန် အလုပ်သမားတွေနဲ့ လယ်ယာလုပ်သားတွေ ပူးပေါင်းပြီး တည်ထောင်ထားတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ တရားဝင် မှတ်ပုံတင်ခွင့် ရရှိဖို့အတွက် ဒီလ ၂ ရက်နေ့က နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို စာပေးပို့ လျှောက်ထားခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီကနေ့တော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆင့်ခေါ်ခဲ့ပြီး ဖွဲ့စည်းခွင့် မပြုနိုင်သေးကြောင်း တုံ့ပြန်လာတယ်လို့ အလုပ်သမား သမဂ္ဂရဲ့ ဥပဒေ အကြံပေး ဦးဖိုးဖြူက ပြောပါတယ်။

“ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကနေ ဆင့်ခေါ်တာပါ။ ပထမဆုံး အဲဒီဆုံရပ်မှာ စုပြီးတော့ အလုပ်သမားရေးရာ ညွှန်ကြားမှု ဦးစီးဌာနကို သွားတယ်။ အဲဒီမှာရှိတဲ့ ညွှန်မှူး ၄ ယောက်နဲ့ တွေ့တယ်။ အဲဒီ ညွှန်မှူး ၄ ယောက်က သူတို့ဘက်က ဥပဒေအမြင်တွေ၊ ကျင့်သုံးပုံကိစ္စတွေ ပြောတယ်။ ကျနော်တို့ဘက်ကလည်း ဒါတွေနဲ့ ပတ်သက်ပြီး ခုခံချေပတာတွေ၊ ရှင်းလင်းတာတွေ ကျနော်တို့ ပြောကြတယ်။ လိုရင်းချုပ်ရရင်တော့ အခု ဖွဲ့ခွင့်မပေးနိုင်သေးဘူး ဆိုတဲ့ သဘောမျိုး သက်ရောက်အောင် သူတို့က ပြောတယ်။”

မြန်မာအမျိုးသား အလုပ်သမားများ သမဂ္ဂကို မှတ်ပုံတင်ခွင့် လျှောက်ထားတာဟာ မြန်မာပြည်တွင်းမှာ တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၆၄ ခုနှစ် အလုပ်သမားများရဲ့ အခြေခံ ရပိုင်ခွင့် ဥပဒေ အပိုဒ် ၉ အရ သမဂ္ဂ ဖွဲ့စည်းခွင့်၊ ၁၉၂၆ ခုနှစ် အလုပ်သမား အစည်းအရုံးများ နည်းဥပဒေခေါ် Trade Union Act တွေနဲ့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ အညီ လျှောက်ထားတာ ဖြစ်တယ်လို့ ဦးဖိုးဖြူက ပြောပါတယ်။

အလုပ်သမားရေးရာ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတွေက ငြင်းပယ်ရတဲ့ အကြောင်းပြချက်ကို သူက အခုလို ဆက်ပြောပြပါတယ်။

“ILO အဖွဲ့ဝင် နိုင်ငံတွေ အားလုံးက သဘောတူ ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ Convention 87 ကို မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးထားတာ မှန်ပေမဲ့ ပြည်တွင်းက လိုက်နာဖို့အတွက် ညီညွတ်တဲ့ ပြဋ္ဌာန်းဥပဒေ မရှိသေးပါဘူးလို့ ပြောတယ်။ သူတို့က ဒီ Trade Union Act ကို ဘယ်လို ချေပလဲဆိုတော့ မသုံးတာ ကြာပြီဖြစ်တဲ့အတွက်၊ နောက် Convention 87 နဲ့လည်း လျော်ကန် ညီညွတ်နိုင်တဲ့ အခြေအနေမျိုးလည်း မရှိတဲ့အတွက် ဒါဟာ Dead letter သေနေတဲ့ စာတမ်းတခုမျှသာ ဖြစ်တယ်လို့ အကြောင်းပြန်ပါတယ်။”

ILO က ပြဋ္ဌာန်းထားတဲ့ Convention 87 ဆိုတာဟာ လွတ်လပ်စွာ စည်းရုံးခွင့်နဲ့ လွတ်လပ်စွာ အဖွဲ့အစည်း ထူထောင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် ဖြစ်ပါတယ်။

ဒီလို ငြင်းပယ်တဲ့ အပေါ်မှာတော့ ရှေ့နေ ဦးဖိုးဖြူက အခုလို သုံးသပ်ပါတယ်။

“ကျနော့်ကို ငြင်းတာက ဥပဒေ ပြဋ္ဌာန်းချက်ပါ အချက်တွေနဲ့ မညီညွတ်လို့ ငြင်းတာ မဟုတ်ပါဘူး။ ဥပဒေ ပြဋ္ဌာန်းချက်တွေကို၊ တည်ဆဲ ဥပဒေ ပြဋ္ဌာန်းချက်တွေကို ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရက ကိုယ်ပြဋ္ဌာန်းတဲ့ ဥပဒေကို၊ ကိုယ် အတည်ပြုထားတဲ့ ဥပဒေကို၊ ကိုယ် မဖျက်သိမ်းထားသေးတဲ့ ဥပဒေကို ကိုယ်ကိုယ်တိုင် လိုက်နာမကျင့်သုံးနိုင်ဘူး ဆိုပြီးတော့ ကျနော်တို့ရဲ့ ဖွဲ့စည်းတည်ထောင်ခွင့် မှတ်ပုံတင်ခြင်း လျှောက်ထားလွှာကို ပယ်ချလိုက်တာပဲ ဖြစ်ပါတယ်။”

သူတို့အဖွဲ့ဟာ တရားဝင် ဖွဲ့စည်းခွင့်ရဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာအမျိုးသား အလုပ်သမားများ သမဂ္ဂဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အလုပ်သမား သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရဖို့၊ အလုပ်သမားနဲ့ လယ်သမားတွေရဲ့ ရပိုင်ခွင့်တွေ အပြည့်အ၀ ရစေဖို့နဲ့ သူတို့အကျိုးစီးပွားတွေ ကာကွယ်ဖို့ ဖွဲ့စည်းထားတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက ဖွဲ့စည်းထားတဲ့ အလုပ်သမား အဖွဲ့အစည်းတွေ ရှိပေမဲ့ အခုလို လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတရပ် ထူထောင်နိုင်ဖို့ ကြိုးစားနေတာကို ဘယ်လ်ဂျီယံမှာ အခြေစိုက်တဲ့ နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITUC) က ထောက်ခံ ကြိုဆိုထားပါတယ်။

XS
SM
MD
LG