သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ် သစ်တော ပြုန်းဖွယ်ရှိ


မြန်မာနိုင်ငံ အလယ်ပိုင်းက သစ်စခန်း။
မြန်မာနိုင်ငံ အလယ်ပိုင်းက သစ်စခန်း။

ကယားပြည်နယ်အတွင်းမှာ အဖိုးတန်ကျွန်းသစ်တွေကို ခုတ်ယူမှုများပြား လာတာကြောင့် သစ်တောပြုန်းတီးမှု ရှိလာနေတဲ့အတွက် KNPPခေါ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီကနေ ကျွန်းသစ်ထုတ်ခွင့်ကို လုံး၀ ပိတ်ပင် တားဆီးသွားမယ်လို့ ပါတီခေါင်းဆောင် တွေက ပြောပါတယ်။ အခုလိုသစ်တွေကို အလွန်အကျွံ ခုတ်လှဲခဲ့မှုကြောင့် ကယားပြည်နယ်အတွင်းမှာ ရာသီဥတုဖေါက်ပြန်မှု ဒဏ်ကို တွေ့ကြုံနေရပြီးလို့လဲ သဘာ၀ ပါတ်ဝန်းကျင်လေ့လာသူတွေ ကနေပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းပြီး အခုလိုသတင်းပေးပို့ ထားပါတယ်။

ကယားပြည်နယ် သံလွင်မြစ် အနောက်ဖက်ခြမ်းဒေသမှာ သစ်ထုတ်လုပ်ရေး ကုမ္ပဏီတွေကနေ သစ်ထုတ်လုပ်နေတာ ကုန်သလောက် ဖြစ်နေပြီး KNPPထိန်းချုပ်ရာ သံလွင်အရှေ့ဖက်ခြမ်းကိုကူးလာမဲ့အနေအထားကြောင့် သစ်ထုတ်လုပ်ခွင့်ကို ပိတ်ပင်ရတယ်လို့ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

"အခုက သံလွင်ရဲ့ အနောက်ဘက်ခြမ်းမှာဆိုရင် သစ်တွေက ကုန်သလောက်ပဲဗျ။ ကုမ္ပဏီတွေကတော့ သိတဲ့အတိုင်းပဲဗျာ။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခရိုနီတွေကတော့ ပိုများတာပေါ့။ နောက်တချို့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အလုပ်လုပ်တယ်ပေါ့။ အခုက နည်းနည်းပါးပါး ကျန်မှာက ကျနော်တို့ KNPP တွေရှိနေတဲ့ သံလွင်မြစ် အရှေ့ဘက်ကမ်းပေါ့ဗျာ။ အနောက်ဘက်ကမ်းမှာ ကုန်ပြီပြောတယ်။ အရှေ့ဘက်ကမ်းကိုလည်း ကုမ္ပဏီတွေက ကူးလာမယ့် အနေအထားရှိတယ်။ ကျနော်တို့ ပြည်နယ်ထဲမှာလည်း သစ်တော သယံဇာတတွေကလည်း ကုန်ခါနီးပြီ။

ဒါ့အပြင် ကျနော်တို့ နောင်လာမျိုးဆက်တွေအတွက်လည်း ကျနော်တို့ စဉ်းစားဖို့ လိုတယ်။ နောက်ပြီးတော့ ကျနော်တို့ဆီမှာလည်း တွက်ကြည့်လိုက်တဲ့ အခါကျတော့ သစ်တောထိန်းသိမ်းရေး လုပ်ငန်းနဲ့ ပြုစုပျိုးထောင်ရေးလုပ်ငန်းတွေ ကလည်း မရှိသလောက်ဖြစ်တယ်ဗျ။ အဲ့တော့ ကျနော်တို့က သစ်တောထိန်းသိမ်းရေး နဲ့ ပြုစုပျိုးထောင်ရေး လုပ်ငန်းကို လုပ်သင့်တယ်လို့ ကျနော်တို့က အဲ့လိုမြင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကလည်း ပေါ်လစီ ချမှတ်လိုက်ရတာဖြစ်တယ်လေနော့။ ကျနော်တို့က အခုက အကုန်လုံး လိုက်ပြီး အသိပေးအကြောင်းကြားပြီးဖြစ်တယ်။ ။"

ကယားပြည်နယ်အတွင်းမှာ ကယားဖူးကုမ္ပဏီ ထူးကုမ္ပဏီ ထီးပွင့်ကံကုမ္ပဏီ ဦးထွန်းကျော်ခေါင်းဆောင်တဲ့ ကလလတ အဖွဲ့ပိုင် ကုမ္ပဏီရယ် KNPPပိုင် ကယားဌာနေ တမောထျှာ ကုမ္ပဏီတို့အပြင် တခြားကုမ္ပဏီငယ် အများအပြားကလဲ ကျွန်းသစ် အပါအဝင် တခြားသစ်တွေကိုထုတ်လုပ်နေကြပါတယ်။

ဒီသစ်ထုတ်လုပ်ခွင့်ကို နိုင်ငံတော်အစိုးရကနေ ချပေးတာဖြစ်တဲ့အတွက် အစိုးရ အပိုင်းမှာလဲ တာဝန်ရှိတယ်လို့ ဦးအောင်ဆန်းမြင့်က အခုလို ဆက်ပြောပါတယ်။

" နိုင်ငံခြားသားတွေက ထိုင်းတွေ ရှိတယ်။ တရုတ်တွေရှိတယ်ဗျာ။ သစ်တွေကို ထုတ်နေကြတာ။ နယ်စပ်တွေက ထုတ်နေကြတာ။ ဒါပေမဲ့ အစိုးရ မပါပဲ ဘယ်လိုလုပ် ထုတ်လို့ရမလဲဗျ။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘယ်လောက်ပဲ နားလည်မှုယူတယ်ပြောပြော၊ အစိုးရမပါရင် လုံးဝကို ထုတ်လို့မရဘူးဗျ ဒါတော့ ကျိမ်းသေတယ်။ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေက သစ်တွေက ထွက်သွားတယ် ဆိုပေမဲ့ သူတို့ရဲ့ ခွင့်ပြုချက်က ဘယ်လိုမှ မထွက်နိုင်ဘူးဗျ။ ဒါကတော့ ကျနော်တို့က ပြောပြချင်တယ်လေ။"

သစ်ထုတ်လုပ်လုပ်မှုအပိုင်းမှာ သစ်တောသစ်ထုတ်ဥပဒေနဲ့ မကိုက်ညီတာရှိပေမဲ့လဲ အာဏာပိုင်တွေကနေ အရေးယူဆောင်ရွက်မှု အားနည်းတာဟာ ကယားပြည်နယ် အတွင်း သစ်တောပြုန်းတီးမှုရဲ့အခြေခံ အကြောင်းတရားတခုလို့လည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

လက်ရှိ ကယားပြည်နယ်အတွင်းမှာ ကျွန်းသစ်အပါအဝင် သစ်တောရှိနေမှု အခြေအနေ နဲ့ ပတ်သက်လို့ ဒေသခံ သဘာဝ ပါတ်ဝန်းကျင်လေ့လာသူတဦးဖြစ်တဲ့ ဆရာစေးရယ်စိုးက အခုလို ပြောပြပါတယ်။

"ဒီ KNPP ထိန်းချုပ် နယ်မြေမှာ တချို့ ရှိမှာပေါ့နော်။ ဥပမာ ရှားတော မြို့နယ်ထဲမှာ ရှိမယ်။ နောက်ပြီးမှ သံလွင်အရှေ့ခြမ်းမှာ ရှိမယ်ပေါ့နော်။ အများကြီးတော့ မကျန်ဘူး။ နည်းနည်းပါးပါးပေါ့နော်။ အဲ့တော့ KNPP က သူတို့လက်နက်ကိုင်တွေနဲ့ ထိန်းချုပ်ပြီး လုပ်ထားတယ်။ ဝင်ပြီးတော့ လုပ်ပိုင်ခွင့် မပေးဘူး။ အဲ့လိုမျိုးတွေပေါ့။ ကျန်တဲ့နေရာတွေကတော့ မရှိတော့ဘူး။"

ကယားပြည်နယ် အတွင်း သစ်တောပြုန်းတီးမှုကြောင့် လက်ရှိ အချိန်မှာ ရေရှားပါး လာမှု အန္တရာယ်ကို စတင် ခံစားနေရပြီ လို့လည်း ဆရာစေးရယ်စိုးက ဆိုပါတယ်။

"သစ်တောပြုန်းတီးမှုတွေ ရှိမယ်ဆိုရင်တော့ အဓိက ရင်ဆိုင်ရမှာက သဘာဝ ဘေးဒဏ် ခံရမှာပေါ့နော်။ ကရင်နီမှာရှိတဲ့ ပြည်သူလူထု က စိုက်ပျိုးရေးကိုပဲ သူတို့ လုပ်ကိုင် စားသောက်ကြရတယ်ဆိုတော့ ရေရှားပါးမှုနဲ့ ရင်ဆိုင်ရမှာပေါ့။ အခုလည်း ရေရှားတဲ့ပြသနာကို ရင်ဆိုင်ရပြီလေ။ ကရင်နီပြည်မှာ သစ်တောတွေပြုန်းတီးလို့ မိုးတွေ မရွာဘူး။ ရေတွေလည်း မရှိဘူးပေါ့နော်။ မြန်မာပြည် ဘက်မှာ ဘယ်လောက်ပဲ ရေလွှမ်းမိုးနေပါစေ။ ဒီမှာတော့ ရေမရှိဘူးဖြစ်နေတယ်။ အခု တောင်သူတွေဆို ဒုက္ခရော်ကနေပြီပေါ့နော်။ နှမ်းခင်းတွေ စိုက်ကြတယ်။ စပါးတွေစိုက်တယ်။ ဒါပေမဲ့ သူက မိုးမရွာဘူးလေ။ အခု ရာသီဥတုဒဏ်တွေ ခံနေရပြီလေ။ "

ကယားပြည်နယ်အတွင်းသစ်တောပြုန်းတီးမှုဟာ ပြည်နယ်တခုလုံးအတိုင်းအတာအရ ၅၀ရာခိုင်နှုန်းရှိနေပြီးလို့လဲ ဆရာစေးရယ်စိုး ကပြောပါတယ်။

ကယားပြည်နယ်အစိုးရအနေနဲ့ ၂၀၁၃ခုနှစ် အထိနောက်ဆုံး ထားပြီး ပြည်ပကို တင်ပို့ဖို့ သစ်တန်ချိန်(၇၀၀၀)ကျော်နဲ့ ဒေသတွင်း လိုအပ်ချက်ဖြစ်တဲ့ သစ်တန်ချိန် (၂၆၀၀) ထုတ်လုပ်ဖို့ ဒေသခံ ကုမ္ပဏီ လေးခု အပါအဝင် လုပ်ငန်းရှင် ကုမ္ပဏီ ဆယ်ခု ကို ပြည်နယ် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးဌာနကနေ ခုတ်လှဲ တင်ပို့ခွင့် ပြုထားခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ သစ်တွေကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ် ထိုင်း အိန္နိယနိုင်ငံတွေကို အများဆုံးတင်ပို့နေတာဖြစ်ပြီး တစ်နှစ် ကို ပျမ်းမျှအားဖြင့် မက်ထရစ် တန်ပေါင်း ၁ ဒသမ ၆ သန်း ခန့်ရှိနေတယ်လို့ လန်ဒန် အခြေစိုက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အေဂျင်စီ (EIA) ကနေ ထုတ်ပြန်ထားပါတယ်။

ဒီလိုတိုင်းရင်းသားဒေသမှာ ထွက်ရှိတဲ့ မြေပေါ်မြေအောက်သယံဇာတတွေကို ထုတ်ယူရောင်းချနေပေမဲ့လဲ ဒေသခံတိုင်းရင်းသား တွေအတွက် တစုံတရာ အကျိုးအမြတ် ခံစားခွင့်မရှိတဲ့ အခြေအနေကြောင့် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလူမျိုးစုတွေ အကြားမှာ ပဋိပက္ခဖြစ်ပွါးလာနိုင်စေတဲ့ အကြောင်းအရင်းတခုလို့လည်း KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

KNPPခေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ သြဂုတ်လ(၄)ရက်နေ့ကနေ (၇)ရက်နေ့ အထိ ကျင်းပခဲ့တဲ့ ဗဟိုကော်မီတီ အစည်းအဝေးကနေ သဘာ၀ ပါတ်ဝန်းကျင်ရေရှည်တည်တန်ကခိုင်မြဲရေးနဲ့ သဘာဝဒဏ် ကျရောက်မယ့် ဘေးအန္တရာယ်ကို ကာကွယ် တားဆီး ဖို့အတွက် ကျွန်းသစ်နဲ့ တခြားသစ်မာတွေကို အသစ်ထပ်မံ ခုတ်လှဲခြင်း စီးပွါးဖြစ် လုပ်ကိုင်ခြင်းတို့ကို လုံးဝတားဆီးပိတ်ပင်သွား မယ်လို့လဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG