သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အရေး EU ကိုင်တွယ်ပုံကြောင့် Macedonia နစ်နာ


Greece နဲ့ Macedonia နယ်စပ်က ဒုက္ခသည်စခန်းတဲများ။ (မတ် ၁၀၊ ၂၀၁၆)
Greece နဲ့ Macedonia နယ်စပ်က ဒုက္ခသည်စခန်းတဲများ။ (မတ် ၁၀၊ ၂၀၁၆)

လတ်တလော ရင်ဆိုင်နေရတဲ့ ဒုက္ခသည် ပြဿနာကို EU ဥရောပသမဂ္ဂရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကြောင့် မက်စီဒိုးနီးယားနိုင်ငံက ပေးဆပ်နေရပြီး၊ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ရောက်လာတဲ့အတွက် အခုဆိုရင် ဒေါ်လာ ၂၈ သန်း ကုန်ကျခဲ့ရတယ်လို့လည်း မက်စီဒိုးနီးယားသမ္မတက ပြောဆိုလိုက်ပါတယ်။

သောကြာနေ့ထုတ် ဂျာမန်သတင်းစာတစောင်ဖြစ်တဲ့ Bild နဲ့ မေးမြန်းခန်း တခုမှာ - မက်စီဒိုးနီးယားသမ္မတ Gjorge Ivanov က - တိုင်းပြည်မှာ အမျိုးသားရေးပြဿနာတရပ် အဖြစ် ကြေညာခဲ့ရပြီးနောက် ကြုံတွေ့နေရတဲ့ အခြေအနေအပေါ် မက်စီဒိုးနီးယားက စိတ်ပျက်နေပြီလို့ ပြောဆိုခဲ့ပါတယ်။

အခုလို မက်စီဒိုးနီးယားက ကုန်ကျနေရတာကို EU က တပြားမှ မပေးခဲ့ဘူးလို့ လည်း ပြစ်တင်ခဲ့ပြီး၊ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ဆီးရီးယား၊ အာဖဂန်နဲ့ အီရတ် နိုင်ငံသား သန်းပေါင်းများစွာကို ကြိုးစားပမ်းစား အကူအညီပေးနေရသလို၊ တိုင်းပြည်မှာ စီးပွားရေးအရ စိတ်မချရတဲ့ အခြေအနေမျိုး ကြုံနေရချိန်မှာ -EU က မက်စီဒိုးနီးယားရဲ့ လုံခြုံရေးအရ စိုးရိမ်မှုတွေကို မမြင်ဘူးလို့လည်း ပြောဆိုခဲ့တာပါ။

တိုင်းပြည်ကို ဝင်လာသူတွေဆီကနေ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့အတု ဒါမှမဟုတ် ခိုးထားတဲ့ ပတ်စ်ပို့တွေ ၉၀၀၀ လောက်ကိုလည်း သိမ်းဆည်းရမိ ထားကြောင်း ပြောဆိုခဲ့သလို၊ ကိုယ်ရေး အချက်အလက်တွေကို စစ်ဆေးစုဆောင်းတဲ့ နည်းပညာ ဒါမှမဟုတ် စစ်သွေးကြွတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ ကိုလည်း ဂျာမနီနိုင်ငံက မျှဝေပေးဖို့ ငြင်းဆန်ခဲ့တယ် လို့လည်း ဝေဖန်ခဲ့ပါတယ်။

ဂျာမနီနိုင်ငံအနေနဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေကို အပြည့်အဝ ပေးအပ်နေပေမဲ့လည်း - လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေမှာတော့ အောင်မြင်မှု မရှိဘူးလို့လည်း ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG