သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ဂျာယန်ညီလာခံ ဒုတိယနေ့ ဖက်ဒရယ်မူ ညှိနှိုင်းဆွေးနွေးမည်


မိုင်ဂျာယန်တွင် ညီလာခံ ကျင်းပနေစဉ်။
မိုင်ဂျာယန်တွင် ညီလာခံ ကျင်းပနေစဉ်။

ကချင်ပြည်နယ် ၊ မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ဖြစ်တဲံ ဒီကနေ့မှာတော့ ၂၁ ရာစု ပင်လုံညီလာခံကျင်းပတဲ့အခါ တိုင်းရင်းသားတွေ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဘုံသဘောတူညီချက် တင်ပြနိုင်ရေးအတွက် နိုင်ငံရေးမူဘောင်ကိစ္စကို အဓိကထား ဆွေးနွေးသွားမယ်လို့ ညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။ ဗိုလ်မှူးစိုင်းလကို ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။

ဗိုလ်မှူး စိုင်းလ။ “ဒီနေ့ ဆွေးနွေးကြမှာကတော့ ၂၁ ရာစု ပင်လုံမှာ ထပ်မံ ကျင်းပမယ့်ပွဲမှာ ကျနော်တို့ EAO (Ethnic Armed Organizations) တွေ အနေနဲ့ ဒီ နိုင်ငံရေးကိစ္စရပ်ဖြစ်တဲ့ ဖက်ဒရယ်မူ အခြေခံပေါ့၊ အဲဒါတွေကို ကျနော်တို့ ညှိနှိုင်း ဆွေးနွေးကြမယ်။ ကျနော်တို့ ဘယ်လိုပုံ သဘောတူညီချက်တွေ ရနိုင်မလဲ၊ အဲဒါကို ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ အဲဒီကိစ္စက အဓိကဖြစ်ပါတယ်။”

မေး။ ကျနော်တို့ ကြားတာက အဓိက ဆွေးနွေးကြမယ့် (၄) ချက်ထဲမှာ ဒီ ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားတွေရဲ့ သဘောထားကို တင်ပြနိုင်ဖို့၊ ဘုံသဘောထားကို တင်ပြနိုင်ဖို့အတွက် ဒီ နိုင်ငံရေး အခြေခံ မူဘောင်တွေကို ဆွေးနွေးမယ်၊ စောစောက ဗိုလ်မှူးပြောတဲ့ အကြောင်း အရာကို ဆွေးနွေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ကြားတာက အဲဒီမှာ စာတမ်းတွေ တင်ကြမယ်လို့ ကြားပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးကနေပြီးတော့ စာတမ်းတွေ တင်ကြမှာလား ခင်ဗျ။ ဘယ်လိုပုံစံ ဆွေးနွေးမှာပါလဲ ဗိုလ်မှူး။

ဗိုလ်မှူး စိုင်းလ။ “ဟုတ်ပါတယ်။ ဒီ တော်လှန်ရေးတလျှောက်လုံးမှာ သူတို့ပြင်ဆင်ထားတဲ့ စဉ်းစားချက်တွေ၊ စာတမ်းတွေ၊ နောက်ပြီးတော့ သူတို့ အစုအဖွဲ့တွေမှာ ရှိနေခဲ့တဲ့ အခြေခံမူတွေကို လာပြီးတော့ စာတမ်းအနေနဲ့ တင်ပြဖို့ ရှိပါတယ်။ တချို့ အဖွဲ့တွေကတော့ ပြင်ဆင်ထားမှု မရှိတော့ ဒီပွဲမှာ သူတို့ပြင်ဆင်ထားတဲ့ ပုံစံနဲ့ သူတို့က ညှိနှိုင်း ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ အဲဒီဟာကတော့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေပေါ့။ ဒီနေ့တော့ ဒီကိစ္စ အဓိကဖြစ်ပါတယ်။”

မေး။ ဟုတ်ကဲ့ ဗိုလ်မှူး၊ အဲဒီတော့ ဗိုလ်မှူးလဲ ကိုယ်တိုင် ကြုံခဲ့ရပြီးသားပဲ၊ ဆွေးနွေးပွဲတွေကို အမျိုးမျိုး၊ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပြီးပြီဆိုတော့ အခုတကြိမ် ဆွေးနွေးပွဲက အရင်ဆွေးနွေးခဲ့တာတွေနဲ့ ဘာများထူးခြားပါသလဲ ဗိုလ်မှူး။

ဗိုလ်မှူး စိုင်းလ။ “ဒီပွဲမှာတော့ ပထမအကြိမ် UPC (Union Peace Conference) မှာ မပါတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညီလာခံ ကျင်းပနေတာဖြစ်တော့ သူတို့ဆီက အကြံဉာဏ်တွေ၊ သူတို့ဆီက စဉ်းစားချက်တွေ၊ သူတို့မှာရှိနေတဲ့ သဘောထားတွေ၊ စာတမ်းအနေနဲ့ သူတို့ထပ်မံပြီးတော့ တင်ပြမယ်၊ ညှိနှိုင်းမယ်၊ ဆွေးနွေးမယ်။ အဲဒါကို ကျနော်တို့ ဘုံသဘောတူညီချက် တခုအနေနဲ့ ရရှိဖို့ အဲဒီလိုမျိုး စဉ်းစားထားတာတွေရှိတော့ ဒီနေ့မှာ အပြတ်ဆွေးနွေးနိုင်ပြီးတော့ ဘုံသဘောတူညီချက်တခု ချမှတ်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။”

မေး။ အခုဒီ မိုင်ဂျာယန် ညီလာခံမှာ UWSA တို့၊ TNLA တို့၊ MNDAA တို့ စတဲ့ ဒီ (၃) ဖွဲ့က ဒီညီလာခံကို တက်မလာဘူးဆိုတော့ တကယ်လို့များ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပတယ်ပဲဖြစ်ဖြစ်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ဒီ (၃) ဖွဲ့က ကျန်နေခဲ့တော့မလား။ ဗိုလ်မှူးတို့ ဒီ အစည်းဝေးတက်လာတဲ့ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကရော ဒီ (၃) ဖွဲ့အပေါ် ဘယ်လို သဘောထားသလဲ။ မတက်ဘူးဆိုရင်လည်း သူတို့ကို ချန်ထားခဲ့တော့မယ်ဆိုတဲ့ သဘောလားခင်ဗျ။ သူတို့က သီးခြားဖြစ်နေတဲ့ သဘောလား။

ဗိုလ်မှူး စိုင်းလ။ “ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဂုဏ်သိက္ခာရှိရှိတဲ့ ပါဝင်နိုင်တဲ့ ပုံစံမျိုးဖြစ်အောင် ကျနော်တို့ အစိုးရကလည်း ဖန်တီးပေးသလို၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်ကလည်း ညှိနှိုင်းနေကြပါတယ်။ ဒီ ကျနော်တို့ မိုင်ဂျာယန် ညီလာခံမှာတော့ ကျန်နေတဲ့ (၃) ဖွဲ့က မတက်ရောက်ပေမယ့်လည်း ဒီလကုန် အတောအတွင်းမှာ အစိုးရနဲ့ သူတို့ သီးသန့်တွေ့ဖို့ ရှိပါတယ်။ ဆိုတော့ သူတို့ပုံစံနဲ့ သူတို့ ဆက်လက်ပြီးတော့ ဖော်ဆောင်နေတာကို တွေ့ရတော့ ဒီ ၂၁ ရာစုပင်လုံ ထပ်မံကျင်းပမယ့် ညီလာခံမှာ ပါဝင်နိုင်ရေးကိုလည်း ကျနော်တို့ မျှော်လင့်ပါတယ်။ တနည်းတဖုံနဲ့တော့ သူတို့ ဖြစ်လာမှာပဲလို့ ကျနော်တို့ အဲဒီလိုတော့ မျှော်မှန်းထားပါတယ်။”

ဗိုလ်မှူး အခုလို ပြောပြပေးတာ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျား။

ဗိုလ်မှူး စိုင်းလ။ “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျား၊ မင်္ဂလာပါ။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG