သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့တပ်မတော်


မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တချို့ မောင်တောမြို့နယ် ကျီးကန်ပြင်ကျေးရွာအနီး တံတားမှာ လက်လုပ်ဗုံးပေါက်ကွဲမှုကို စစ်ဆေးနေစဉ် (နိုဝင်ဘာလ ၂၀၁၆ ခုနှစ်) ဓါတ်ပုံ- MOI
မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တချို့ မောင်တောမြို့နယ် ကျီးကန်ပြင်ကျေးရွာအနီး တံတားမှာ လက်လုပ်ဗုံးပေါက်ကွဲမှုကို စစ်ဆေးနေစဉ် (နိုဝင်ဘာလ ၂၀၁၆ ခုနှစ်) ဓါတ်ပုံ- MOI
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က အစိုးရဟာ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတော် သမ္မတရုံး ရဲ့ အဲဒီ ကော်မတီ ဖွဲ့စည်းကြောင်း သတင်းထုတ်ပြန်ချက်ထဲမှာ “ရခိုင်ပြည်နယ်အ တွင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်း များ ဆောင်ရွက်နိုင်ရန်အတွက်” ဆိုပြီး ဖော်ပြထား ပါတယ်။ ကော်မတီ ဥက္ကဌ အဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံး ဒုဝန်ကြီး ဦးခင်မောင်တင်က ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် နိုင်ငံတော် သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးကို တာဝန်ပေး ထားပါတယ်။ အဖွဲ့ဝင်တွေအဖြစ် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး နဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဆောင်ရွက်ကြပါတယ်။ ကော်မတီ ဖွဲ့စည်းပြီးပြီးချင်း နောက်နေ့ကစ ရခိုင်ပြည်နယ် မောင်တောဘက်က သတင်းတွေ ကို အဆက်မပြတ် ထုတ်ပြန်ပေးနေတာ တွေ့ရပါတယ်။ ဒီအတော အတွင်း သတင်းထုတ်ပြန်ရေး ကော်မတီ အတွင်းရေးမှူး တာဝန်ယူထားသူ ဦးဇော်ဌေးက လည်း သူ့ရဲ့ facebook အင်တာနက် လူမှုကွန်ယက်စာမျက်နှာမှာ "မောင်တော- နောက်ဆုံးအခြေအနေ" ခေါင်းစဉ်နဲ့ အတွေးအမြင် စာစု တစ်ခု ရေးပါတယ်။ ထူးခြားတာကတော့ သူ့ဖော်ပြချက်ထဲမှာ တပ်မတော်ဟာ ရခိုင်ပြည်နယ် မောင်တော ပြသနာမှာ စိန်ခေါ်မှု အသစ်တစ်ရပ် ရင်ဆိုင်နေရပြီ ဆိုတာပါပဲ။ လက်ရှိ မောင်တော ပြသနာ ဘယ်အခြေအနေ ရောက်နေသလဲ၊ တပ်မတော်အနေနဲ့ တကယ်ပဲ စိန်ခေါ်မှု အသစ်တစ်ရပ် ရင်ဆိုင်နေရပြီလား ဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

ရခိုင်ပြည်နယ် မောင်တောဘက်က ပြသနာကို အကျဉ်းလောက် ပြန်ပြောရမယ် ဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ ရဲကင်းစခန်း သုံးခု တစ်ပြိုင်နက် အကြမ်းဖက် တိုက်ခိုက်ခံရတာက စပါတယ်။ ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် တစ်ချို့ ကျဆုံးခဲ့သလို၊ ကင်းစခန်းက လက်နက်ငယ်တစ်ချို့လည်း ဆုံးရှုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်ပြီးနောက်ပိုင်း အကြမ်းဖက်သမားတွေကို ချေမှုန်းဖို့၊ ဖော်ထုတ် ဖမ်းဆီးဖို့၊ ဆုံးရှုံးသွားတဲ့ လက်နက်တွေ ပြန်ရဖို့ တပ်မတော်က ဦးဆောင်ပြီး စစ်ဆင်ရေး တစ်ရပ် ဆင်နွဲှရပါတော့တယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ဦးဆောင်၊ စစ်ဆင်ရေး ဆင်နွဲှပြီး ကာလ တစ်ခုအရောက်မှာ ပြည်ထဲရေး တာဝန်ရှိသူတစ်ယောက်က အကြမ်းဖက်သမား တစ်ချို့ကို နှိမ်နင်းနိုင်ခဲ့ပြီ၊ လက်နက်တစ်ချို့လည်း ပြန်ရပြီ၊ အကြမ်းဖက်သမားတွေလက်ထဲ ရှိနေတဲ့ လက်နက်ငယ်တွေ ဆိုတာဟာလည်း သိပ်ပြီး အသုံးပြုလို့ ရတာ မရှိတဲ့အတွက် စိုးရိမ်စရာ မလိုဘူး၊ ဒါကြောင့် အကြမ်းဖက်မှုဖြစ်ပွားတဲ့ကာလက နေရပ်စွန့်ခွာသွားခဲ့တဲ့ ဒေသခံ တိုင်းရင်းသားတွေ ကိုယ့်အိမ်ကိုယ့်ယာ ပြန်လာနိုင်ပြီ ဆိုပြီး ပြောဆိုခဲ့ပါတယ်။ တကယ်တော့ သူ့ထင်မြင်သုံးသပ်ချက် မှားသွားပါတယ်။ အဲဒီနောက်ပိုင်း အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု ဆက်ဖြစ်ပွားလာပြီး၊ တစ်ချို့နေရာတွေမှာ ရွာသားတွေပါ ပါဝင်လာတာ တွေ့ကြရလို့ပါပဲ။

အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ နယ်မြေရှင်းလင်းရေး လုပ်တဲ့ တပ်မတော် စစ်ကြောင်းကို ထောင်နဲ့ချီရှိတဲ့ လူအုပ်က ဝိုင်းဝန်းရန်ပြု တိုက်ခိုက်တဲ့ အဆင့်တောင် ရှိလာပြီး စစ်ကြောင်းမှူး တစ်ယောက်တောင် ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခက်အခဲ အကြပ်အတည်းကြောင့် လေကြောင်းပစ်ကူ ရယူခဲ့ရတယ်လို့လည်း ဝန်ခံခဲ့ရပါတယ်။

အခြားတဖက်မှာတော့ အကြမ်းဖက် တိုက်ခိုက်သူတွေဟာ ရွာသားတွေကို စည်းရုံးပြီး တပ်မတော်ကို တန်ပြန် တိုက်ခိုက်ခိုင်းတာ၊ ဖြစ်ပျက်သမျှတွေကို ဗီဒီယို ရိုက်ကူးပြီး နိုင်ငံတကာကို အမြဲလိုလို ပေးပို့နေတာ၊ နိုင်ငံခြား သတင်းဌာနတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ပြောဆိုစေတာ စတာတွေ လုပ်နေတဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေလည်း ထွက်ပေါ်လာခဲ့ ပါတယ်။ ပြောရရင် အဲဒီဒေသမှာ တည်ငြိမ်ရေး၊ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ တပ်မတော် အတွက် အခြား ဘယ်ဒေသတွေနဲ့မှ မတူတဲ့ အခြေအနေတစ်ခု ရင်ဆိုင်နေရတယ် ဆိုတဲ့ သဘောမျိုးပါပဲ။

ဒါနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက ခုလို ရေးပါတယ်။ “အကြမ်းဖက်သမားတွေဟာ ကိုင်ဆောင်ထားတဲ့ လက်နက်ကို တစ်နေရာရာမှာ ဖွက်လိုက်တာနဲ့ သာမန် လူနဲ့ မခြား ဖြစ်သွားတဲ့ အနေအထားမျိုး ဖြစ်တာကို သတိပြုစေလိုပါတယ်။ တပ်မတော်ဟာလည်း သမားရိုးကျ မဟုတ်တဲ့ စစ်ဆင်ရေးကို ဆင်နွှဲနေရ တာ ဖြစ်ပါတယ်။ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်တိုက်ခိုက်မှုတွေနဲ့ အသားကျနေပေမယ့် ဒီလိုမျိုး Operation Other Than War -OOTW "စစ်ပွဲမဟုတ်တဲ့ စစ်ဆင်ရေး"ကို စနစ်တကျ ဆင်နွှဲနေရတာ ဖြစ်ပါတယ်။ ဒါဟာ တပ်မတော်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အင်အားကို စိတ်ရှိလက်ရှိ အသုံးပြုလို့ မရပါဘူး။ တိုက်ပွဲလုပ်ငန်းစည်းမျဉ်းတွေ မတူညီတော့ ပါဘူး။ စစ်မြေပြင် စည်းကမ်းတွေလည်း ပိုပြီး သတိထား ရပါတယ်။ မြေပြင် အခြေအနေ၊ ထိတွေ့မှု အနေအထားတွေကို အခြေခံပြီး တိုက်ပွဲအ မိန့် ပေးရတာ မျိုး ဖြစ်ပါတယ်။ ကန့်သတ်စစ် Limited War လို့ အတိအကျ လည်း ပြောလို့ မရပြန်ပါဘူး။ အချိန်အဆ၊ အပျော့-အပြင်း အင်မတန် စကားပြောပါတယ်။ တစ်ဘက်ကကြည့်ရင် ပရော်ဖက်ရှင်နယ် တပ်မတော်ကို ဦးတည်လျှောက်လှမ်းနေ တဲ့ တပ်မတော်အတွက် နောက်ထပ် အဆင့်တစ်ဆင့် လို့ ဆိုနိုင်ပါတယ်။” ဆိုပြီး ဖြစ်ပါတယ်။

တကယ်လည်း အဲဒီဒေသမှာ တပ်မတော်ရင်ဆိုင်နေရတာက ဘာသာစကား မပေါက်တဲ့ လူအုပ်စုကြီးထဲကနေ အကြမ်းဖက်သမားတွေ ဘယ်တော့ ထွက်လာ မလဲ ဆိုတဲ့ ပြသနာ၊ တစ်ခါတစ်ရံ အဲဒီ ထောင်နဲ့ချီရှိတဲ့ လူအုပ်စုကြီးကိုယ်တိုင်က တပ်မတော်ကို တိုက်ခိုက်တာ၊ ဒါကို တပ်မတော်ဘက် က ပြင်းပြင်းထန်ထန် တုန့်ပြန်တိုက်ခိုက်လိုက်ရင်လည်း လူ့အခွင့်အရေးချိုးဖေါက်မှု၊ ဂျီနီဗာ ကွန်ဗင်းရှင်း မလိုက်နာမှု စတာတွေ ဖြစ်သွားနိုင် တဲ့ ပြသနာ၊ အကြမ်းဖက် သမားတွေဟာ မှန်တာတွေရော၊ မမှန်တာတွေပါ နိုင်ငံတကာကို အဆက်မပြတ် ဝါဒဖြန့်နေ တဲ့ ပြသနာ စတာတွေ ရင်ဆိုင်နေရလို့ပဲ ဖြစ်ပါတယ်။

ပြောရရင် မြန်မာ့တပ်မတော်ဟာ အရင် စစ်အာဏာရှင်တွေ လက်အောက်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုမျိုးစုံနဲ့ နာမည်ပျက်ခဲ့ရတဲ့ တပ်မတော် ဖြစ်ပါတယ်။ ၂၀၁၁ သမ္မတဦးသိန်းစိန် အစိုးရတက်လာ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာပြီးနောက်ပိုင်းမှ ပြုပြင်ပြောင်းလဲမှု အများကြီး လုပ်ခဲ့တာဖြစ်ပါတယ်။ ကလေးစစ်သား အသုံးပြုတာ၊ ပေါ်တာဆွဲတာ၊ စစ်မြေပြင်မှာ ပေါ်တာတွေကို အထမ်းသမားအဖြစ်တင်မက လူသားမိုင်းတွေ အဖြစ် အသုံးပြုတာ၊ ရောက်သွားတဲ့ ကျေးရွာတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်တာ စတဲ့ ကိစ္စအတော်များများ ပြုပြင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ရည်ခိုက်ရည် အရည်အသွေး ကျဆင်းနေတာကိုလည်း ပြုပြင်ရပါသေးတယ်။ အခု နောက်ဆုံး အခြေအနေကတော့ ခက်ခဲတဲ့ အခြေအနေအောက်မှာ ဘာလုပ် လုပ် စောင့် ကြည့်ခံနေရတဲ့ အနေအထားမျိုးအောက်မှာ တာဝန်ထမ်းဆောင်နေရတဲ့ သဘော တွေ့မြင်ကြရတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေဟာ ဦးဇော်ဌေး ပြောသလို မြန်မာ့တပ်မတော် အတွက် စိန်ခေါ်မှု အသစ် ဆိုရင်လည်း မမှားပါဘူး။ ပရော်ဖက်ရှင်နယ် ဖြစ်အောင် ကျိုးစားနေတဲ့ မြန်မာ့တပ်မတော် အနေနဲ့ ရခိုင်ပြည်နယ် မောင်တောဘက်က အခု စိန်ခေါ်မှု အသစ်ကို ရင်ဆိုင်ကျော်လွှားပြီး နယ်မြေ အေးချမ်းတည်ငြိမ်အောင် အကောင်အထည် ဖော်နိုင်ခဲ့မယ် ဆိုရင်ဖြင့် ဒီမိုကရေစီခေတ်နဲ့ လိုက်လျော ညီထွေ ဖြစ်တဲ့၊ နိုင်ငံတကာမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ တပ်မတော် အဆင့် ရောက်လာနိုင်မယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက် ရပါတယ်။

XS
SM
MD
LG