သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်ကို မဖိတ်


ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်မယ့် ၆၃ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေကို ဖိတ်ကြားခဲ့ပေမယ့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ခုချိန်ထိ ဖိတ်ကြားခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခြင်းမရှိတာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီတခုချင်းစီအနေနဲ့ ၅ ယောက်နေ ၇ ယောက်အထိ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ကြဖို့ ရွေးကောက်ပွဲ ကော်မရှင်က သူတို့ကို ဖိတ်ကြားခဲ့တဲ့အကြောင်း နိုင်ငံရေးပါတီတွေက ပြောပြကြပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ ရန်ကုန်တိုင်းအတွင်းက နိုင်ငံရေးပါတီတွေအနေနဲ့ အာဇာနည်နေ့အခမ်းအနားကိုတက်ရောက်ကြဖို့ ရန်ကုန်တိုင်း ကော်မရှင်ရုံးက ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။

အာဇာနည်ဗိမ္မာန်မှာကျင်းပမယ့် အာဇာနည်နေ့ အခမ်အနားတက်ကြဖို့ နိုင်ငံရေးပါတီတွေကို အခုလို ဖိတ်ကြားခဲ့ပေမယ့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ခုချိန်ထိ ဖိတ်ကြားခြင်း မရှိသေးဘူးလို့ NLD ခေါင်းဆောင်ပိုင်းက ပြောပါတယ်။

တကယ်လို့ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့အခမ်းအနားတက်ဖို့ ဖိတ်ကြားခဲ့ရင်တောင် သူမအနေနဲ့ နေအိမ်ကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားမို့ မလွတ်မလပ်နဲ့ အကျဉ်းကျခံဘဝကနေ အာဇာနည်အခမ်းအနားကို သွားတက်ရတဲ့အဖြစ်မျိုးကို မလိုလားဘူးလို့ သူမရဲ့လုပ်ဖော်ကိုင်ဖက် တဦးလည်းဖြစ်၊ NLD ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးတင်ဦးက ပြောပါတယ်။

"အချုပ်အနှောင် အဖွဲ့အစည်းထဲမှာ ထားပြီးတော့ အဲဒီလို တက်ရောက်ခွင့်ပြုတယ်တို့ ဘာတို့ဆိုရင်၊ သူဘယ်တော့မှ မလုပ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူက နေအိမ်အကျယ်ချုပ်ကနေ အပေါက်လေးထဲကနေ ထွက်သွား၊ သူတို့ခေါ်သွားတဲ့နေရာ လိုက်သွား၊ ဟိုရောက်တဲ့အခါကျတော့ အာဇာနည်ဗိမ္မာန်ကျတော့ သူတို့ အစီအစဉ်အတိုင်း အလေးပြု။ ပြီးတဲ့အခါကျရင်လည်း ပြန်လာ၊ ပြီးတော့တခါ အချုပ်ထဲပြန်နေဆိုတာ၊ ဒါမျိုးကို သူမကြိုက်ဘူး။"

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီး ထိန်းသိမ်း ခံရပြီးကတည်းက အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခြင်း မရှိတော့ဘူးလို့လည်း ဦးတင်ဦးက ဆက်ပြောပြပါတယ်။

"ကျနော်မှတ်မိသလောက်ဆိုရင် နေအိမ်အကျယ်ချုပ်ချတယ် ဆိုတဲ့အတောအတွင်းမှာ သူ ဘယ်တော့မှ မသွားဘူးဗျ၊ သူအဲဒီလို အခြေအနေမှာ ဘယ်တော့မှ မသွားဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဟာနဲ့ပတ်သက်တာ အားလုံးက သူတို့က နောက်တနေ့မှာ သတင်းစာထဲမှာထဲ့ပြီးတော့ ဝါဒဖြန့်တဲ့သဘောမျိုး လုပ်တာမျိုးဆိုရင်တော့ သူက မကြိုက်ဘူးလေ။ သူကြိုက်တာက ဘာလဲဆိုတော့ လွှတ်လပ်တဲ့သူတယောက် အနေနဲ့ အဲဒါ လွှတ်လွှတ်လပ်လပ် သူက သူရဲ့ဖခင်၊ သူ့ရဲ့မိခင်တွေကို အမှတ်တရ ဂုဏ်ပြုတာတွေ လုပ်ပါတယ်။ ဒါပေမယ့် ဒီလိုတော့ ကိစ္စမရှိပါဘူး။ အဲဒီနေ့ ကျနော်တို့ သိရသလောက်တော့ သူက မိဘနှစ်ပါးစလုံးအတွက် ကုသိုလ်ကောင်းမှုလုပ်ပြီး တရားထိုင်ပါတယ်။ နောက် သူက ဘုန်းကြီးကျောင်းကို ဆွမ်းပို့တယ်။ အဲဒီဟာတွေတော့ သူ့အိမ်မှာ သူလုပ်တာတွေ ရှိတယ်ဗျ။"

အခါတိုင်းနှစ်တွေမှာတော့ အာဇာနည်နေ့အခမ်းအနားကို အခမ်းအနား ကျင်းပရေးကော်မီတီဖွဲ့စည်းပြီး ကျင်းပတာဖြစ်ပါတယ်။ ဒီနှစ်ကျမှ ထူးထူးခြားခြား ရွေးကောက်ပွဲကော်မရှင်က အာဇာနည်နေ့ အခမ်းအနားအတွက် နိုင်ငံရေးပါတီတွေကို တာဝန်ခံ ဖိတ်ကြားနေတဲ့အတွက် ဖိတ်ကြားခံရသူတွေကိုယ်တိုင် အံ့အားသင့်နေကြပါတယ်။

NLD ကတော့ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူလက်တွဲလုပ်ခဲ့ကြတဲ့ ခေါင်းဆောင်ဟောင်းတွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စုဝေးပြီး လူငယ်တွေနဲ့အတူ အာဇာနည်နေ့ စကားဝိုင်းလေး သူ့အိမ်မှာပဲ ကျင်းပသွားဖို့ စီစဉ်ထားတဲ့အကြောင်း ဦးတင်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင် ၉ ယောက်တို့ဟာ မြန်မာနိုင်ငံလွှတ်လပ်ရေးရဖို့ ကြိုးပမ်းနေကြရင်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကလုပ်ကြံ သတ်ဖြတ်ခံခဲ့ကြရတာဖြစ်ပါတယ်။

XS
SM
MD
LG