သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့အကြို ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်


မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေ မကျင်းပမီ အကြိုနေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ ရန်ကုန်မြို့အနှံ့ လုံခြုံရေး အစီအမံတွေကို တွေ့မြင်ကြရပါတယ်။ ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့ရတဲ့ ၆၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွေကို အာဏာပိုင်တွေက ကျင်းပဖို့ စီစဉ်နေသလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား သီးခြား အစီအစဉ်တခု ကျင်းပသွားဖို့ ရှိပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မနက်ဖြန် ကျရောက်မယ့် ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ရန်ကုန်မြို့မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ပြောပါတယ်။ အာဇာနည်နေ့ အခမ်းအနား ကျင်းပမယ့် ရွှေတိဂုံဘုရား မြောက်ဘက်မုခ်နားက အာဇာနည်ကုန်းဘက်၊ နောက် ဘုရားဝန်းကျင် တလျှောက်နဲ့ မြေနီကုန်း စမ်းချောင်းဘက်တွေမှာ ဒီကနေ့ လုံခြုံရေးတွေကို ဝတ်စုံပြည့်တွေနဲ့ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပြပါတယ်။

“လုံခြုံရေးကတော့ အများကြီး ချထားတယ်ဗျ။ အာဇာနည်ကုန်း ပတ်ချာလည်၊ ရွှေတိဂုံဘုရား၊ ပြည်သူ့ရင်ပြင် အဲဒီပတ်ဝန်းကျင်တွေ၊ နောက် M3 ပတ်ချာလည်၊ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံး ပတ်ချာလည်မှာရော တွေ့ရတယ်ဗျ၊ လုံခြုံရေးတွေ၊ ယူနီဖောင်း အပြည့်အစုံနဲ့ ဝတ်ထားတာကို တွေ့ရတယ်။

“မြို့ထဲမှာတော့ တင်းတင်းကျပ်ကျပ် မရှိဘူး။ ဒါပေမဲ့လည်း ချတော့ ချထားတယ်။ တင်းတင်းကျပ်ကျပ် ရှိတာတော့ အာဇာနည်ကုန်း ပတ်ဝန်းကျင်မှာတော့ အများကြီးပဲ။ ကျနော်တို့ နောက်ထပ်ကြားတာလည်း အရင်တုန်းကဆိုရင် ရွှေဂုံတိုင်ရုံးချုပ်မှာ အခမ်းအနားလုပ်တာပေါ့၊ အခုတော့ NLD က အဘ ဦးတင်ဦးအိမ်မှာ ပြောင်းပြီးတော့ သူတို့ အခမ်းအနားလေး လုပ်မယ်လို့ သိရတယ်ဗျ။ ဦးတင်ဦး အိမ်နားမှာလည်း လုံခြုံရေးတွေ အပြည့်အ၀ ချထားတယ်လို့လည်း သိရတယ်။”

မနက်ဖြန် ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားကိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့၊ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ဖို့ ခုချိန်ထိ အကြောင်းကြားတာ မရှိသေးဘူးလို့လည်း သိရပါတယ်။ တခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကိုလည်း အခမ်းအနားတက်ဖို့ ဖိတ်ကြားခြင်း မရှိပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေကို တက်ရောက်ဖို့ ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် အခမ်းအနားတရပ် အနေနဲ့ ကျင်းပပေမဲ့ မြို့တော်ဝန် အဆင့်လောက်ကို အမြင့်ဆုံးထား ကျင်းပနေတာ နှစ်အတော်လေး ရှိနေပါပြီ။ ဟိုးအရင်တုန်းကလို အာဇာနည်ကုန်းမှာ ပြည်သူလူထုတွေ တိုးမပေါက်အောင် ဂါရဝပြုကြတဲ့ မြင်ကွင်းမျိုး မတွေ့ရတာလည်း ကြာလှပြီလို့ သူက ဆက်ပြောပြပါတယ်။

“မတွေ့ရတော့ပါဘူး၊ အဲဒါတွေဆို လုံးလုံး ပျောက်ကွယ်သွားပြီ။ အခုဟာ အာဇာနည်ကုန်းမှာ လူတွေ အလေးပြုဖို့ နေနေသာသာ အနားတောင် ကပ်လို့မရတော့ဘူး။ သက်ဆိုင်ရာ လူတွေလောက်ပဲ လုပ်တယ်။ ၉ နာရီ၊ ၁၀ နာရီ ပတ်ဝန်းကျင်ဆို ပြီးသွားတာပဲ။ သူတို့က အခမ်းအနား ပြီးသွားတာနဲ့ တခါတည်းပိတ်၊ အဲဒီအထဲကိုလည်း ဝင်လို့မရ၊ အဲဒီနားလည်း ကပ်လို့မရ။ လုံခြုံရေးတွေ ဒီလောက်ချထားတာ ဘယ်လိုမှ သွားလို့မရဘူး။ ဗိုလ်ချုပ်ပြတိုက်ကို ကြည့်ဖို့က တော်တော်ခဲယဉ်းတယ်။

“အဲဒီလိုဆိုတော့ လူတွေက အာဇာနည်နေ့ကို တော်တော်များများ သိဖို့ တော်တော်ခဲယဉ်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက ဒါတွေကို မသိစေချင်ဘူး။ သူတို့ကိုယ်တိုင်လည်း ညှိုးချက်နဲ့ထားပြီးတော့ ဒါကြီး ဖျောက်ကွယ်ချင်တဲ့ သဘောတရားမှာရှိတယ်။”

အခုဆိုရင် အာဇာနည် သူရဲကောင်းတွေနဲ့ အာဇာနည်နေ့ ဆိုတာကို ကလေးသူငယ်တွေ မသိသလောက်၊ နားမလည်သလောက် ဖြစ်ကုန်တာမျိုးတွေထိ ရှိနေတယ်လို့လည်း ဆိုပါတယ်။

“အရင်တုန်းကတော့ တခဲနက် လူထုက အာဇာနည်နေ့ကြီးကိုပဲ စောင့်ပြီးတော့ မျှော်နေကြရတယ်။ ရေဒီယိုမှာလာတဲ့ ဥသြဆွဲသံကြီးကို နားထောင်ပြီးတော့ အလေးပြုကြတာတွေ ဘာတွေ ရှိတယ်။ အခုကတော့ အဲဒီလိုတွေလည်း မလုပ်ကြတော့ဘူး။ တချု့ိလူတွေဆိုလည်း မသိတော့ဘူး၊ မသိဘူးဆိုတာ ကလေးတွေပေါ့။ အာဇာနည်နေ့ဆိုတော့ ကလေးတွေက ပြောတယ်၊ အာဇာနည်နေ့ကျတော့ရှိပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့နေ့ကျတော့ မရှိဘူးလားလို့တောင် မေးတဲ့ အဖြစ်အပျက်မျိုး ဖြစ်သွားတော့ တော်တော်ဝမ်းနည်းစရာပဲ။ ကလေးတွေလည်း မသိတော့ဘူး။ နောင်လာနောက်သားတွေဆို အာဇာနည်နေ့ဆိုတာ ဘာမှန်းကို မသိလောက်အောင် ဖြစ်သွားတော့ ဝမ်းနည်းစရာတော့ ကောင်းတယ်။ အခု လူတွေကလည်း စိတ်ဝင်စားမှု တော်တော်နည်းသွားတယ်၊ အာဇာနည်နေ့ကို၊ သူတို့မသိကြတော့။”

ရန်ကုန်မြို့ခံ လူငယ်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့ဟာ လွန်ခဲ့တဲ့ ၁၉၄၇ ခု၊ ဇူလိုင် ၁၉ ရက်နေ့၊ မနက် ၁၀ နာရီခွဲခန့် အချိန်မှာ ရန်ကုန်မြို့ အတွင်းဝန်များရုံးအတွင်း အစည်းအဝေး လုပ်နေတုန်း ဝင်ရောက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရတာ အခုနှစ် ဇူလိုင် ၁၉ ရက်ဆိုရင် ၆၃ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

XS
SM
MD
LG