သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိခင်နဲ့ကလေးငယ်များ အသက်ရှည် ကျန်းမာရေး


မိခင်နဲ့ကလေးငယ်များ အသက်ရှည် ကျန်းမာရေး
မိခင်နဲ့ကလေးငယ်များ အသက်ရှည် ကျန်းမာရေး

ကမ္ဘာပေါ်မှာ မိခင်နဲ့ကလေးငယ် သေဆုံးမှုအရေအတွက်ရဲ့ ၉၅ ရာခိုင်နှုန်းရှိနေတဲ့ နိုင်ငံတွေထဲက အများစုဟာ ကျန်းမာရေးတိုးတက်မှု ဆိုင်ရာ ရည်မှန်းချက်တွေပြည့်မီဖို့ လမ်းကြောင်းမှန်ပေါ်မှာရှိမနေဘူးလို့ အစီရင်ခံစာအသစ်တခုက ပြောလိုက်ပါတယ်။ အဲဒီလိုနိုင်ငံတွေ ထဲမှာ မြန်မာနိုင်ငံလဲ တခုအပါအဝင်ပါ။ ဒီအကြောင်းကို ဒီသီတင်းပတ်ရဲ့ ကျန်းမာရေးကဏ္ဍမှာ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ကလေးငယ်သေဆုံးမှုအရေအတွက်ကို သိသိသာသာလျှော့ချဖို့နဲ့ မိခင်ကျန်းမာရေး တိုးတက်လာအောင်လုပ်ဖို့ဆိုတဲ့ အချက်နှစ်ချက်ဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က သဘောတူထားခဲ့ကြတဲ့ ထောင်စုနှစ်ရည်မှန်းချက်တွေထဲက နှစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ မိခင်နဲ့ကလေးငယ်သေဆုံးနှုန်း အများဆုံးဖြစ်နေတဲ့ နိုင်ငံ ၆၈ နိုင်ငံထဲက အများစုဟာ ရည်မှန်းချက်တွေအောင်မြင်ဖို့ နောက်ကျနေ ပြီး နိုင်ငံ ၁၂ နိုင်ငံမှာဆိုရင် တိုးတက်မှုတွေက နှေးကွေးနေပါတယ်။

အဲဒါတွေကတော့ Countdown to 2015 ၂၀၁၅ ခုနှစ်ဆီသို့ အချိန်ရေတွက်ခြင်း ဆိုတဲ့အဖွဲ့ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားတဲ့ တွေ့ရှိ ချက်တွေပါ။ ဒီအဖွဲ့ဟာ သုတေသနပြုသူတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အစိုးရတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ တခြား အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ကြတဲ့ အဖွဲ့တခုဖြစ်ပါတယ်။ အစီရင်ခံစာကို ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်နှစ်စာ အခြေအနေပြ အစီရင်ခံစာအဖြစ် ထုတ်ပြန်ထားပါတယ်။

မိခင်နဲ့ကလေးကျန်းမာရေးမှာ တိုးတက်မှုအားနည်းရခြင်းရဲ့ အဓိကအကြောင်းအချက်တခုကတော့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ သားဖွား ဆရာမတွေ အလွန်အမင်းနည်းပါးတဲ့အချက်ပဲဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။ ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ WHO က Flavia Bustreo ဟာ အစီရင်ခံစာပြုစုရာမှာ ပါဝင်သူတွေထဲကတဦးပါ။

“တိုးတက်မှုအနည်းဆုံးနိုင်ငံတွေဟာ လူသားအရင်းအမြစ် အနည်းပါးဆုံးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ခွဲဝေချထားရာမှာ အလွဲချော်ဆုံးနိုင်ငံ တွေဖြစ်ကြပါတယ်။”

ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ ၆၈ နိုင်ငံထဲက မြန်မာနိုင်ငံမှာ ၂၀၀၄ ခုနှစ် ကိန်းဂဏန်းတွေအရ လူဦးရေတသောင်းကို ကျန်းမာရေး လုပ်သား ၁၃.၄ ယောက်ပဲရှိတယ်လို့ ဖော်ပြထားပါတယ်။ တိုးတက်မှုလမ်းကြောင်းပေါ်ရောက်နေတယ်လို့ အစီရင်ခံစာမှာဖော်ပြထားတဲ့ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူတသောင်းအတွက် ကျန်းမာရေးလုပ်သား ၅.၈ ယောက်ပဲ ဖြန့်ချထားနိုင်ပါတယ်။ မြန်မာနိုင်ငံ ဟာ ဆယ်နှစ်အတွင်း လုံလောက်တဲ့တိုးတက်မှုမရှိဘူးဆိုတဲ့ အဆင့်ထဲမှာ ပါဝင်နေပါတယ်။ ဆယ်နှစ်စာ တိုးတက်မှုအခြေအနေကို အဆင့် သတ်မှတ်ဖော်ပြတာမှာ တိုးတက်မှုလုံးဝမရှိ၊ လုံလောက်တဲ့ တိုးတက်မှုမရှိ၊ တိုးတက်မှုလမ်းကြောင်းပေါ်ရောက် ဆိုပြီး အဆင့်သုံးမျိုး ခွဲခြား ဖော်ပြထားပါတယ်။

ဒီနေရာမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတို့ရဲ့ အခြေအနေပြ ကိန်းဂဏန်းတွေကို အနည်းငယ် နှိုင်းယှဉ်ဖော်ပြလိုပါတယ်။
၂၀၀၈ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံမှာမွေးတဲ့ကလေးတွေထဲက အသက်ငါးနှစ်အောက်ကလေးငယ် ၁,၀၀၀ မှာ ၉၈ ယောက် သေဆုံးခဲ့ကြ ရပြီး ဘင်္ဂလားဒေ့ရှ်မှာ သေဆုံးတာက ၅၄ ယောက်ပဲရှိပါတယ်။ ထောင်စုနှစ်ရည်မှန်းချက်က ၂၀၁၅ ခုနှစ်အရောက်မှာ သေဆုံးတဲ့ ကလေးငယ် ၅၀ အထိ လျှော့ချဖို့ဖြစ်တာမို့ ဘင်္ဂလားဒေ့ရှ်က အတော်နီးစပ်နေပြီး မြန်မာက အတော် ဝေးနေသေးတယ်လို့ဆိုရမှာပါ။

တခါ ကျန်းမာရေးကဏ္ဍမှာ အစိုးရနှစ်ခုရဲ့ အသုံးစရိတ်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၀၇ ခုနှစ် စာရင်းတွေအရ ကျန်းမာရေးအတွက် မြန်မာအစိုးရသုံးစွဲတာက အစိုးရအသုံးစရိတ်အားလုံးရဲ့ တစ် ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရက ၈ ရာခိုင်နှုန်းသုံးခဲ့ပါတယ်။ ကလေး တယောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရရဲ့ တရားဝင်ထောက်ပံ့ငွေက အမေရိကန်နှစ်ဒေါ်လာရှိပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ၃ ဒေါ်လာ ထောက်ပံ့ပါတယ်။ အသက်ရှင်မွေးဖွားတဲ့ ကလေးတယောက်ချင်းစီအတွက် မိခင်ရယ်၊ သီတင်းလေးပတ်သားအထိ ကလေးငယ် ရယ်အတွက် မြန်မာအစိုးရသုံးစွဲတဲ့ ထောက်ပံ့ငွေက ၄ ဒေါ်လာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ၈ ဒေါ်လာ သုံးစွဲပါတယ်။

နိုင်ငံသားတယောက်ချင်းစီရဲ့ စုစုပေါင်းကျန်းမာရေးကုန်ကျစရိတ်က မြန်မာနိုင်ငံမှာ ၂၁ ဒေါ်လာရှိပြီး ဘင်္ဂလားဒေ့ရှ်မှာ ၄၂ ဒေါ်လာရှိပါ တယ်။ အဲဒီကုန်ကျစရိတ်စုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားတွေ ကိုယ့်အိတ်ထဲကပေးကြရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ကတော့ ၆၅ ရာခိုင်နှုန်း ပေးကြရပါတယ်။

မိခင်နဲ့ကလေးကျန်းမာရေး တိုးတက်ဖို့ရာမှာ နောက်ထပ် အတားအဆီးကတော့ အဲဒီ ကျန်းမာရေးကုန်ကျစရိတ်ဖြစ်တယ်လို့ WHO က မစ္စ Bustreo က ပြောပါတယ်။

“ကျန်းမာရေးကုန်ကျစရိတ်အများစုကို ပြည်သူတွေကိုယ်တိုင် ကိုယ့်အိတ်ထဲကပေးရတဲ့နိုင်ငံတွေမှာ ဒါက အဓိက အတားအဆီး အခက်အခဲ ကြီးဖြစ်နေပါတယ်။”

ဘရာဇီးလ်နဲ့ ရဝမ်ဒါလိုနိုင်ငံတွေမှာ အဲဒီကုန်ကျစရိတ်တွေကို ပေးစရာမလိုတော့ဘဲ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်လိုက်တဲ့အခါ မိခင်နဲ့ကလေးတွေရဲ့ကျန်းမာရေးပိုင်း သိသိသာသာ တိုးတက်ခဲ့တယ်လို့ မစ္စ Bustreo က ပြောပါတယ်။ သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတော့ အထူး ချီးကျူးပြောဆိုခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဝင်ငွေအရမ်းနည်းပြီး အရမ်းခက်ခဲတဲ့ အခြေအနေတွေမှာ ရှိနေတာတောင်မှ မိခင်နဲ့ကလေးသေဆုံးမှု လျော့ကျဖို့ လုပ်ဆောင်နိုင်ခဲ့ပြီး တိုးတက်မှုလမ်းကြောင်းပေါ် ရောက်နေပါပြီ။”

ကလေးငယ်တွေ သေဆုံးရတာမှာ အဓိကရောဂါတွေဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အဆုပ်ယောင်ရောဂါတွေအတွက် ကုသမှုပိုင်း တိုးတက်စေတဲ့မူဝါဒတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ချမှတ်ခဲ့တာဟာ ကလေးငယ်သေဆုံးမှု ကျဆင်းရတာရဲ့ အကြောင်းအချက်တခုဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်အတွင်း အသက်ငါးနှစ်အောက် ကလေးငယ်တထောင်မှာ ၉၈ ယောက် သေဆုံးခဲ့တယ်ဆိုတာတောင်မှ ဒါဟာ ၁၉၉၀ ပြည့်နဲ့နှိုင်းယှဉ်ရင် လျော့သွားတာဖြစ်ပါတယ်။ အစီရင်ခံစာမှာ ဖော်ပြထားတာအရ ၁၉၉၀ ပြည့်နှစ်တုန်းက ကလေးငယ်တထောင် မှာ အယောက် ၁၂၀၊ ၂၀၀၀ ပြည့်နှစ်ရောက်တော့ ၁၀၇ ယောက် သေဆုံးခဲ့ပါတယ်။

၁၉၉၀ ကနေ ၂၀၀၀ ပြည့်နှစ်အထိ တိုးတက်မှုနှုန်း ၁.၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်းမှာလည်း ၁.၁ ရာခိုင်နှုန်းပဲ တိုးတက်မှုရှိခဲ့တာကြောင့် တိုးတက်မှုအပြောင်းအလဲမရှိ၊ လုံလောက်တဲ့တိုးတက်မှုမရှိဘူးလို့ အစီရင်ခံစာက ဆိုထားတာပါ။

၂၀၁၅ ခုနှစ်မှာ အောင်မြင်ရရှိဖို့ချမှတ်ထားတဲ့ ထောင်စုနှစ်ရည်မှန်းချက် အမှတ် ၄ က အသက်လေးနှစ်အောက် ကလေးငယ်သေဆုံးနှုန်း လျော့ကျဖို့ဖြစ်ပြီး အမှတ်ငါးကတော့ မိခင်တွေရဲ့ကျန်းမာရေး သိသိသာသာ တိုးတက်လာစေဖို့ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်ကျန်းမာမှ ကျန်းမာတဲ့ကလေးတွေ မွေးဖွားနိုင်၊ မွေးဖွားပြီးချိန်မှာလဲ အသက်ရှည် ကျန်းမာအောင် စောင့်ရှောက်နိုင်မှာ ဖြစ်သလို ကလေးကျန်းမာရေးဟာလဲ မိခင်ဖြစ်သူကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။

ပုခက်လွှဲသောလက်ဟာ ကမ္ဘာကို စိုးမိုးနိုင်သည်ဆိုတဲ့ ဆိုရိုးစကားရှိသလို ကလေးဆိုတာ နိုင်ငံရဲ့အနာဂတ်ဆိုတဲ့ စကားလည်းရှိပါတယ်။ နိုင်ငံနဲ့လူ့အဖွဲ့အစည်း ကျန်းမာအသက်ရှည်ရေး၊ သာယာဝပြောရေး၊ အနာဂတ်လှပရေးဟာ ဒီကနေ့ကလေးငယ်တွေနဲ့ မိခင်တွေရဲ့ ကျန်းမာရေးပေါ်မှာ မူတည်နေတာကြောင့် အထူး ဂရုပြု စောင့်ရှောက်သင့်လှပါကြောင်းတင်ပြရင်း ဒီသီတင်းပတ်ရဲ့ ကျန်းမာရေးအစီအစဉ် ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျား။

XS
SM
MD
LG