သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ခိုက်မှုများကြောင့် မောင်တောဒေသခံအချို့ နေရပ်စွန့်ခွာ


မောင်တောမြို့တွင် လုံခြုံရေးရဲများကိုတွေ့ရစဉ်
မောင်တောမြို့တွင် လုံခြုံရေးရဲများကိုတွေ့ရစဉ်

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့အရေးအခင်းနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှုအောက်မှာ မျှမျှတတနဲ့ အကောင်းဆုံးဖြေရှင်းသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆို ပါတယ်။ လောလောဆည်မှာတော့ မောင်တောမြို့ အနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံတိုင်းရင်းသား အတော်များ များဟာ လုံခြုံရေး အတွက် စိုးရိမ်ထိတ်လန့်တာတွေဖြစ်နေပြီး အိုးအိမ်စွန့်ခွာပြောင်းရွှေ့တာတွေလည်း ရှိနေပါ တယ်။ မောင်တောမြို့နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေဟာ တနင်္ဂနွေနေ့ မနက်အစောက စတင်ဖြစ်ပွားပြီး အင်္ဂါနေ့အထိ တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေသလို ဒီကနေ့မှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးအခင်းနဲ့ပတ်သက်ပြီးအခုလို ပြောဆိုပါတယ်။

“ဒီကိစ္စကတော့ ကျမတို့ကတော့ အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းမယ်။ ဒါက မျှမျှတတ တရားဥပဒေ စိုးမိုးရေးအောက်မှာပဲ ကျမတို့အားလုံးလုပ်သွားမယ်။ ဘာတွေ ဘာတွေမှာ ဘာဖြစ်နေလဲဆိုတာ မရှင်းသ၍တော့ ဘယ်သူ့ကိုမှ ကျမတု့ိ စွပ်စွဲမှာမဟုတ်ဘူး။ သေသေချာချာ အထောက်အထား ခိုင်လုံမှ စွပ်စွဲချက် တင်သင့်ရင် တင်မှာဖြစ်ပါတယ်။”

ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကျင်းပတဲ့ နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဖေမြင့်နဲ့ အဖွဲ့ဟာ တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အခြေအနေမှန်သိနိုင်ဖို့နဲ့ နယ်မြေတည်ငြိမ်မှုရှိစေဖို့ အတွက် ရခိုင်ပြည်နယ်မောင်တောမြိုု့ကို သွားရောက်လေ့လာနေပါတယ်။ ပြည်ထောင်စုဝန်ကြီးခရီးစဉ်ကတော့ ရာသီဥတု မကောင်းတာကြောင့် လေကြောင်းက သွားရောက်နိုင်တာမရှိဘဲ ရေလမ်းကသွားရောက်ရတာကြောင့် အချိန်ကြန့်ကြာမှုတွေလည်း ရှိနေပါတယ်။

ဝန်ကြီးနဲ့ အဖွဲ့ လာရောက်တဲ့နေ့မှာပဲ မောင်တောမြို့နယ်အတွင်းမှာတော့ အခြေအနေတွေက မတည်မငြိမ်ရှိနေတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မနေ့က အဲဒီ ပြောင်းပစ်ကျေးရွာမှာ တိုက်ပွဲဖြစ်တာက တော်တော်လေးကြာတယ်။ ညနေ ၂ နာရီကနေ ည ၆ နာရီ ၇ နာရီထိ အဲလိုဖြစ်တော့ လူတွေထိန့်လန့်ကုန်တယ်။ ထိန့်လန့်ကုန်တယ် ကောလဟာလတွေများတာတွေရော ဟိုဌာနကိုပဲ ဝင်စီးတော့မလို အဲလိုတွေဖြစ်တော့ လူတွေက သိပ်ပြီးတော့ လုံခြုံရေး စိုးရိမ်သောကတွေများပြီး ဟိုပြောင်းဒီပြောင်း ဖြစ်နေကြတယ်။ နယ်ကလူက မြို့ပေါ်တက်လာတယ်၊ မြို့ပေါ်ကတခါ စစ်တွေတို့၊ ရသေ့တောင်တို့ အဲဒီလို အန္တရာယ်ကင်းမယ့်နေရာတွေကို ဆက်သွားကြတာတွေ့တယ်။ ဒီနေ့တနေ့လုံးကားနဲ့ ထွက်နေကြတာပဲ။”

အစိုးရတပ်မတော်က သတင်းထုတ်ပြန်ရာမှာတော့ အင်္ဂါနေ့ နေ့ခင်း ၂နာရီခွဲကျော်လောက်မှာ မောင်တောမြို့နယ် ပြောင်းပစ်ရွာအနီးမှာ တပ်မတော်စစ်ကြောင်းကို လူအင်အား၃၀လောက်က လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ပြန်လည်ခုခံစဉ်မှာ အင်အား၃၀၀လောက်က လက်နက်ငယ်တွေ၊ ဓားတွေတုတ်တွေနဲ့ အခြားဖက်က ထပ်မံတိုက်ခိုက်ကြောင်း ဖော်ပြပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ တပ်မတော်က ၄ယောက်ကျဆုံး၊ တယောက်ဒဏ်ရာရပြီး သေနတ်၂လက်ပျောက်ဆုံးပြီး စီးနင်တိုက်ခိုက်သူဖက်က အလောင်းတလောင်းရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့မှာလည်း အမှတ် ၁ နယ်ခြားစောင့် တပ်စခန်းဌာနချုပ်ရှိရာ ကျီးကန်းပြင်ကို ဒီကနေ့မနက်ပိုင်းက လူအင်အား ၂၀၀လောက်နဲ့ ဝိုင်းရံတိုက်ခိုက်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ သီးခြားအတည်ပြုချက်တော့ မရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG