သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင် မောင်တော ရေရှည်အန္တရာယ်ရှိ


မောင်တောခရိုင်အတွင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ
မောင်တောခရိုင်အတွင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ

မြန်မာ-ဘင်္ဂလားနယ်စပ် ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း လက်ရှိလုံခြုံရေးနဲ့ ရေရှည်အတွက်ပါ စိုးရိမ်မှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက နယ်ခြားစောင့်တပ်ဖွဲ့ ဌာနချုပ်နဲ့ ရဲစခန်းတွေကို လူအင်အားနဲ့ အကြမ်းဖက် ဝင်စီးနင်းမှုတွေဖြစ်ခဲ့တဲ့အတွက် အစိုးရဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေစိုးရိမ်ထိတ်လန့်ပြီး အစုလိုက်အပြုံလိုက် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ နောက်ဆုံးရ အခြေအနေ မဆုမွန် ဆက်ပြောပြပေးပါမယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့လို့ ညမထွက်ရအမိန့် အချိန်တိုးပြီး ထုတ်ပြန်လိုက်တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာတော့ တပ်မတော်စစ်ကြောင်းတွေနဲ့ နယ်ခြားစောင့်တပ်အပါအဝင် ရဲလုံခြုံရေးတွေဘက်က ပိုက်စိပ်တိုက်ရှာဖွေပြီး အင်အားသုံး နယ်မြေ ရှင်းလင်းနေပါတယ်။ ကျေးရွာတချို့နားမှာ တပ်မတော်နဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေကြား အပြန်အလှန်တိုက်ခိုက်မှု အချို့လည်း ဖြစ်ခဲ့ပြီး နှစ်ဘက် သေဆုံးမှုတွေ ရှိနေပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်ကို ကျေးရွာတွေက ဒုက္ခသည်တွေရောက်ရှိနေပြီး အသက်အန္တရာယ်လုံခြုံရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပြီး ဒေသတွင်း ရေရှည်လုံခြုံမှုအပေါ်မှာပါ စိုးရိမ်နေကြတယ်လို့ ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့နယ်က ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဦးခင်မောင်သန်း။ ။ နယ်ကလူတွေအတွက်တော့ လုံခြုံရေးအခက်အခဲရှိသလို စားရေးသောက်ရေးလည်းအခက်အခဲအများကြီးရှိပါတယ်။ မြို့ပေါ်မှာလည်း ခက်ခက်ခဲခဲနေနေရပါတယ်။ အဓိကတော့ ကျနော်တို့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးပါ။ အဲဒါ အဓိကပါပဲ။

မေး။ ။ ညမထွက်ရအမိန့်လည်းထုတ်ထားတယ်။ နယ်မြေထဲမှာလည်းရှင်းတဲ့အချိန်မှာ ရွာတွေမှာ တပ်ဘက်က ထိတွေ့မှုတွေဖြစ်တယ်လို့ သိရတော့ ဆရာ မောင်တောမှလက်ရှိလုံခြုံရေးအခြေအနေက ဘယ်လောက်စိုးရိမ်ရတဲ့အနေအထားမှာရှိနေပါသလဲဆရာ။

ဦးခင်မောင်သန်း။ ။လက်ရှိလုံခြုံရေးအခြေအနေကတော့ အများကြီးစိုးရိမ်မှုတွေရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်အကြမ်းဖက်လာတယ်ဆိုတော့ လက်နက်မရှိတဲ့ပြည်သူတွေအတွက် အထူးစိုးရိမ်မှုတွေဖြစ်နေရပါတယ်။

မေး။ ။အဲဒီတော့ အခုဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ ဘယ်လောက်အထိ စိုးရိမ်မှုရှိပါသလဲ။ နောက် အမြန်ဆုံးပြေလည်နိုင်အောင် ဘယ်လိုဖြေရှင်းပေးမယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါသလဲဆရာ။

ဦးခင်မောင်သန်း။ ။ပိုပြီးတော့ အင်အားတွေချပေးပြီး လုံလုံခြုံခြုံလုပ်ပေးတာထက် ကျနော်တို့ကို ပြဿနာအရင်းအမြစ်ကိုရှာရမှာပဲလေ။ အဲဒီလို ဆေးမြီးတို နဲ့ ကုလို့မရဘူးခင်ဗျ။ ဘာကြောင့်ဖြစ်လာသလဲ၊ ဘာကြောင့်လဲဆိုတာတွေကို ရှာပြီးမှ သေသေချာချာလုပ်ပေးမယ်ဆိုရင်တော့ ရေရှည် ငြိမ်းချမ်းမယ့်သဘောရှိပါတယ်။ ဒါမှမဟုတ်ရင်တော့ နောက်ထပ်လည်းပြန်ဖြစ်မှာပဲ။ ခဏလေး ဆေးမြီးတိုနဲ့ ကုလိုက် ၊ ပြန်ဖြစ်လိုက် အဲဒီလိုနဲ့ သံသရာလည် နေမှာပဲခင်ဗျ။ ၁၉၈၂ မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ဒီ ဘင်္ဂလီတွေကို စစ်ဆေးပေးစေချင်တယ်။

မေး။ ။အဲဒီတော့ဆရာ ဒုက္ခသည်တွေက မောင်တောဘက်ကိုရောက်လာတယ်ဆိုတော့ ဆရာတို့ မြို့ပေါ်မှာရော ဒုက္ခသည်တွေအတွက် လက်ခံထားပါသလဲဆရာ။ သူတို့ဘာများအရေးတကြီးအကူအညီတွေ လိုပါသလဲဆရာ။

ဦးခင်မောင်သန်း။ ။ဟုတ်ကဲ့ ကျနော်တို့ မောင်တောမြို့မှာ မနေ့ကဆိုရင် ဒုက္ခသည် ၁၀၀ လောက်ရောက်လာပါတယ်။ အဲဒါ မောင်တောအလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာ ယာယီစခန်းချထားပါတယ်။ သူတို့အဓိက စားရေးသောက်ရေးအခက်အခဲတွေအများကြီးရှိပါတယ် သူတို့မှာ။”

မောင်တောဒေသခံတွေ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံ (မောင်တော အလို တော်ပြည့် ကျောင်းတိုက်)
မောင်တောဒေသခံတွေ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံ (မောင်တော အလို တော်ပြည့် ကျောင်းတိုက်)

လက်ရှိမှာတော့ တပ်မတော်ဘက်က လုံခြုံရေးအင်အားတွေနဲ့ နယ်မြေရှင်းလင်းတယ် ဆိုပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မရောက်နိုင်သေးတဲ့ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ အသက်အန္တရာယ်စိုးရိမ်နေကြတယ်လို့လည်း ရခိုင်ဒုက္ခသည်တွေကို ကယ်ဆယ်ကူညီလက်ခံထားတဲ့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းက အရှင်ကုမာရက မိန့်ပါတယ်။

“နယ်တွေ၊ ရွာတွေမှာဆိုရင်တော့ လုံခြုံမှုအားနည်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဟိုမှာက ကုလားလူဦးရေက ၈ သိန်းကျော်လောက်ရှိတယ် မောင်တောမှာက။ ရခိုင်လူဦးရေနဲ့ ဌာနဆိုင်ရာဝန်ထမ်း၊ တိုင်းရင်းသားတွေနဲ့ပေါင်းမှ လူဦးရေက ၄-၅ သောင်းလောက်ပဲရှိတယ်။ ဘယ်လိုမှအင်အားမမျှဘူးလေ

နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် မောင်တောမြို့နယ်က တိုင်းရင်းသားတွေဟာ ဘူးသီးတောင်ကိုတိမ်းရှောင်နေသလို ဘူးသီးတောင် မြို့နယ်ကရွာသူရွာသားတွေကလည်း မြို့ပေါ်ကို တိမ်းရှောင်ဖို့ ပြင်ဆင်နေတယ်လို့ ဘူးသီးတောင်မြို့နယ် ANP ခေါ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဦးသန်းနိုင်က ပြောပါတယ်။

“ဘူးသီးတောင်မှာ အခြေအနေကတော့ လုံခြုံရေးတွေ အားနည်းနေတယ်။ ဒါနဲ့ နယ်ခံဒေသတွေကနေပြီးတော့ စိုးရိမ်ကြောင့်ကျပြီးတော့ မြို့ပေါ်ကို တက်ဖို့တောင် အခြေအနေရှိတယ်။ တချို့နေရာတွေမှာ ကလေးတွေနဲ့ မိန်းမတွေကို ပို့ထားကြပြီ။ လူကြီးတွေက ကိုယ့်နေရာမှာကိုယ်တော့ ရှိနေတာပေါ့။ မောင်တောဘက်ကနေပြီး ဘူးသီးတောင်ဘက်ကို ရောက်တယ်။ ဘူးသီးတောင်ကနေပြီးတော့ စစ်တွေကို အမြန်ယာဉ်လေးစင်းနဲ့ သူတို့ ဆင်းသွားကြတယ်။ နောက်ပြီးတော့ ဘူးသီးတောင်မှာ ကယ်ဆယ်ရေး စစ်ဘေးရှောင်စခန်း ဖွင့်ထားတယ်ခင်ဗျ။ စစ်ဘေးရှောင်စခန်းမှာတောင်မှ အခု လူ ၁၀၀ ကျော်လောက်၊ ၁၅၀ လောက်တောင်မှ ရောက်နေပြီ။”

ဒါကြောင့်ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေရှိနေလို့ ပိတ်မိနေတဲ့ ပညာရေးဝန်ထမ်းတွေကို တပ်မတော် ရဟတ်ယာဉ်နဲ့ ပြန်လည်ခေါ်ယူပြီး နေရပ်ပြန်ပို့ပေးနေပြီး ကျန်းမာရေး ဝန်ထမ်းတွေကတော့ မောင်တောမြို့နယ်ဆေးရုံမှာပဲ နေထိုင်ဖို့ စီစဉ်ပေးထားတယ်လို့ မောင်တောမြို့နယ် ပညာရေးမှူးဦးခင်အောင်ကပြောပါတယ်။

“ဒီနေ့ တနာရီကစပြီးတော့ တောင်ပြိုအစိုးရကနေပြီးတော့ ဟိုက်စကီး နှစ်စီးနဲ့ စပြီးတော့ သယ်နေပါပြီ။ အခုအချိန်အထိကတော့ နှစ်စီးလောက် သယ်လို့ပြီးပါပြီ။ ဆရာ ၇၀ ကျော် ရှိပါတယ်။ ဘူးသီးတောင်ကနေပြီးတော့ စစ်တွေကို အမြန်ဘုတ်နဲ့ သယ်ပေးနေပါတယ်။”

ဒေသတွင်း လုံခြုံရေးစိုးရိမ်စရာအနေအထားဖြစ်လာလို့ ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ပိုပြီးတော့မှ စနစ်တကျ ထိထိရောက်ရောက်အကာအကွယ်ပေးဖို့ကိုလည်း တောင်းဆိုနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG