သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသ နောက်ဆုံး အခြေအနေ


ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်လုံခြုံရေး အကာအရံပြုလုပ်ထားပုံ
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်လုံခြုံရေး အကာအရံပြုလုပ်ထားပုံ

မောင်တော အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေလို့ စွပ်စွဲခံထားရတဲ့ လူပေါင်း (၁၁)ဦးကို ဖမ်းဆီးထားကြောင်း မြန်မာတပ်မတော်က မနေ့ ကြာသပတေးနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်မှန်သမျှ NLD အစိုးရအနေနဲ့ ခွင့်ပြုမှာမဟုတ်သလို၊ ဒေသတွင်း တည်ငြိမ်ရေးအတွက်ပါ ဆောင်ရွက်မှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ မောင်တောဒေသ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

ရခိုင်ပြည်နယ်စပ် မောင်တောမြို့နယ်တဝိုက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ ဘက်မှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ အောက်တိုဘာလ (၁၈)ရက်နေ့က အကြမ်းဖက်တိုက်ခိုက်သူတွေလို့ စွပ်စွဲခံရတဲ့ လူပေါင်း (၁၁) ဦးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေကြောင်း တပ်မတော်ပိုင် သတင်းဌာနဖြစ်တဲ့ မြဝတီသတင်းစာမှာ မနေ့က ဖေါ်ပြထားပါတယ်။

ဖမ်းဆီးရမိခဲ့သူတွေဟာ အောက်တိုဘာလ (၉)ရက်နေ့က ငါးခူးရ ရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သူ တွေဖြစ်တယ် လို့လည်းဆိုပါတယ်။ သူတို့တွေကို ဘယ်လို ဥပဒေပုဒ်မတွေနဲ့ အရေးယူမလဲဆိုတာကိုတော့ တာဝန်ရှိသူတွေဘက်က ထုတ်ဖေါ် ပြောကြားခြင်းမရှိသေးပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း သတင်းထောက်တချို့က တွေ့ဆုံမေးမြန်းရာ မှာ မော်တောအကြမ်းဖက်မှုနဲ့ပတ်သက်လို့ အခြေအနေကို အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သလို အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာလည်း ဒေသတွင်း တည်ငြိမ်ရေးကို လုပ်ဆောင်မှာဖြစ်တယ်လို့ အခုလို ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ကျမတို့နိုင်ငံတင်မက ဒေသတွင်းနဲ့ အခြားပြင်ပနေရာတွေမှာပါ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ရရှိဖို့ ကျမတို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကင်းမဲ့တဲ့ဒဏ်ကို ကျမတို့ခံခဲ့ရပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုး ကမ္ဘာမှာရှိတဲ့ အခြားဘယ်နိုင်ငံကိုမှ ကျမတို့ မဖြစ်စေချင်ပါဘူး။”

ဒါအပြင် နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဂုဏ်သိက္ခာ တခုခုနဲ့ပတ်သက်ပြီး ဘယ်လို ခြိမ်းခြောက်မှုမျိုးကို မဆို NLD အစိုးရက ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း မနေ့က ထုတ်ဝေတဲ့ ဝါရှင်တန်ပို့စ်သတင်းမှာဖေါ်ပြထားပါတယ်။

အခုလို မောင်တောဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ တာဝန်ရှိတဲ့အဖွဲ့အစည်း အဖြစ်စွပ်စွဲခံထားရတဲ့ မူဂျာဟစ်ဒင်အကြမ်းဖက် အဖွဲ့ရဲ့ ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်ပြီး အရင် ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးကို တာဝန်ယူခဲ့သူတဦးဖြစ်တဲ့ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ်က အခုလို သုံးသပ်ပါတယ်။

“အဓိကတော့ အဲဒီ ဘူးသီးတောင်၊ မောင်တော ဒေသကို မူဆလင်ဒေသတခုလို့ တည်ထောင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တဲ့ အနေအထားမျိုးရှိပါတယ်။ ကျနော်တို့ facebook မှာပါတဲ့ ဗွီဒီယို ၊ tape ခွေကိုပဲ ကြည့်ကြည့် အမှန်တကယ်ပဲ လူထုအင်အားနဲ့ စုပြီးတော့မှ ဝင်ပြီး ရဲစခန်းတွေကို ဝင်စီးတဲ့ အနေအထားမျိုးတွေရှိပါတယ်။ ဒါတွေဟာ တော်ရုံလုပ်လို့မရဘူး ငွေရေးကြေးရေးထောက်ပံ့မှုမရှိပဲနဲ့ ဒီအလုပ်ကို လုပ်လို့မရဘူး။ ခေါင်းဆောင်မှုပိုင်းမပါပဲနဲ့ ကျနော်တို့ လုပ်လို့မရဘူး၊ စနစ်တကျ အကွက်ကျ စီမံပြီးလုပ်ခဲ့တဲ့ အနေအထားရှိပါတယ်။ ပြောစရာရှိတာကတော့ လက်နက်ကောင်းကောင်းကို ကျနော်တို့ကိုင်တဲ့အနေအထားမျိုးကျနော်တို့ မရှိဘူး။ အဲဒီ သဘောသဘာဝကလည်း ဒီလက်နက်ဆိုတဲ့ လက်နက်ကောင်းကောင်းတွေဟာ ဖြတ်ပြီးတော့မှ ကျနော်တို့ နိုင်ငံနယ်စပ်ထဲကို ဝင်လာဖို့ အင်မတန်မှ ခက်ခဲတဲ့ အနေအထားရှိပါတယ်။ ဒါကြောင့်မို့လို့ တုတ်ဓါးတွေ ၊ သေနတ်ပေါ့လေ အဲဒါတွေနဲ့ ဝင်ပြီးတော့ စီးတဲ့ အနေအထားတွေ ဖြစ်ခဲ့ပါတယ်။”

အရင် စစ်အစိုးရလက်ထက် ၁၉၉၃ခုနှစ်က ဖြစ်ခဲ့တဲ့ မောင်တောအကြမ်းဖက်မှုနဲ့ပတ်သက်လို့လည်း သူရဲ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

“ကျနော်တို့ စစ်အစိုးရအဖြစ် ၁၉၉၃ ခုနှစ် ဧပြီလမှာ သင်္ကြန်အတွင်းမှာပါပဲ ၊ ဘူးသီးတောင်ရယ် မောင်တောရယ်ကို အဲဒီအချိန်တုန်းက RSO (Rohingya Solidarity Organisation) ရယ်၊ ARIF ဆိုပြီးတော့မှ ဒီသောင်းကျန်းသူ ၂ ဖွဲ့ဆိုတာ ရှိခဲ့ပါတယ်။ အဲဒီအဖွဲ့တွေကနေ တနေ့ထဲမှာပဲ ဗုံးအလုံးပေါင်း ၂၀ ကို ခွဲပြီးတော့မှ တိုက်တာခိုက်တာ ပစ်တာတွေ အဲဒီအချိန်က ဖြစ်ခဲ့ပါတယ်။”

ဒါပေမယ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ မောင်တောအကြမ်းဖက်မှုကို ဥပဒေနဲ့ အညီ ကိုင်တွယ်ဖြေရှင်း ပုံကြိုးစားတဲ့နည်းလမ်းကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတကာရဲ့ ပူးပေါင်းကူညီမှုကို ရရှိခဲ့တာဖြစ်တယ်လို့ မြင်ကြောင်း ဦးအောင်လင်းထွဋ်က ဆိုပါတယ်။

လက်ရှိမောင်တောဒေသအခြေအနေတွေ မတည်ငြိမ်သေးတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို ယာယီပိတ်ထားကြောင်း စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ကြေညာထားပါတယ်။ လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ အောက်တိုဘာလ (၁၄)ရက်နေ့ စာရင်းအရ မောင်တော ဒေသနယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ ၃ သန်းကျော်ဖိုးထိရှိခဲ့ပါတယ်။

မောင်တောဒေသ နောက်ဆုံး အခြေအနေ
please wait

No media source currently available

0:00 0:04:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG