သုံးရလွယ်ကူစေသည့် Link များ

မဲခေါင်မြစ်အောက်ပိုင်းဒေသ ဖွံ့ဖြိုးရေး အမေရိကန်က ဒေါ်လာ ၁၈၇ သန်းကူညီ


မဲခေါင်မြစ်ဝှမ်း အောက်ပိုင်းဒေသ ပညာရေး၊ ကျန်းမာရေးနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် ဒီနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၈၇ သန်း အသုံးပြုသွားမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်နဲ့ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေဖြစ်ကြတဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နဲ့ ဗီယက်နန်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဟနွိုင်းမြို့က အစည်းအဝေးအတွင်း ကြာသပတေးနေ့မှာ အခုကိစ္စကို သဘောတူခဲ့ကြတာလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီအထဲက အများဆုံး ပမာဏ ဒေါ်လာ ၁၄၇ သန်း ကို ငှက်ဖျားရောဂါနဲ့ အိပ်ချ်အိုင်ဗွီ အိတ်စ် ရောဂါ ဖြစ်ပွားမှုတွေ လျော့ချနိုင်ဖို့ အပါအဝင် ကျန်းမာရေး လုပ်ငန်းတွေအတွက် သုံးသွားမှာဖြစ်ပါတယ်။ နောက်ထပ် ဒေါ်လာ ၂၂ သန်းကိုတော့ ဥတုရာသီ ပြောင်းလဲမှု အကျိုးဆက်တွေကို ကာကွယ်နိုင်ဖို့ ကြိုးစားတဲ့ လုပ်ငန်းတွေ အပါအဝင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေ အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးမှုနည်းတဲ့ ကျေးလပ်ဒေသတွေမှာ အင်တာနက် အသုံးပြုနိုင်ရေး ကြိုးပမ်းမှု အပါအဝင် ပညာရေးကဏ္ဍအတွက်တော့ အမေရိကန် ဒေါ်လာ ၁၈ သန်း အသုံးပြုသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မဲခေါင်မြစ်ဝှမ်းဒေသ လေးနိုင်ငံပေါင်းပြီး မဲခေါင်မြစ်ဝှမ်း အောက်ပိုင်းဒေသ လှုပ်ရှားမှု Lower Mekong Initiative ကို ဖွဲ့စည်းထားတာပါ။ အဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကိုတော့ ပြီးခဲ့တဲ့တနှစ်လောက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG