သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မျက်လုပ်ငန်း အလွဲသုံးစားမှု စွပ်စွဲချက် အပြန်အလှန်ဖြေရှင်း


မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ရံပုံငွေအရေး သတင်းစာ ရှင်းလင်းပွဲတွင် အရင် သတ္ထု တွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ရှင်းလင်းနေစဉ်။ (ဇွန် ၂၊ ၂၀၁၆)
မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ရံပုံငွေအရေး သတင်းစာ ရှင်းလင်းပွဲတွင် အရင် သတ္ထု တွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ရှင်းလင်းနေစဉ်။ (ဇွန် ၂၊ ၂၀၁၆)

မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေ ယူရိုသန်း ၉၀ ကျော်ငွေကြေး အလွဲသုံးစားမှုဖြစ်တယ်လို့ စွပ်စွဲတိုင်ကြားမှုတွေ ရှိလာ တဲ့နောက်၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်အတွင်းမှာ သဘောကွဲမှုတွေ အပြန်အလှန် စွပ်စွဲမှုတွေဖြစ်နေ ပါတယ်။ နိုင်ငံရေး ကစားကွက် တခုအနေနဲ့ သမ္မတဟောင်း ကိုစွပ်စွဲတာ ဒီလိုလုပ်ကြံတာ ဖြစ်တယ်လို့ တိုင်ကြားခံရသူတွေဘက်က ချေပနေပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွင်းမှာတော့ စုံစမ်းစစ်ဆေးမှုတွေရှိနေပြီလို့ သိရပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေ ယူရိုသန်း ၉၀ ကျော် ငွေကြေး အလွဲသုံးစားမှုဖြစ်တယ်ဆိုပြီး စွပ်စွဲမှုတွေရှိပေမယ့် အတိအကျ အထောက်အထားနဲ့ တင်ပြမှုတွေ ဖြေရှင်းမှုတွေတော့ မတွေ့ရသေးပါဘူး။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် တိုင်ကြားစာမှာ အသင်း စတင် တည်ထောင်တဲ့ ၂၀၀၉ ခုနှစ်ကနေ၂၀၁၆ ခုနှစ်အထိ ကျောက်မျက် လုပ်ငန်း ရှင်များထံမှ ၁ ရာခိုင်နှုန်း ကောက်ခံထားသော ရန်ပုံငွေ ယူရိုငွေ သန်း ၉၃ သန်းရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ယူရိုငွေ ၉၃ သန်း ပျောက်ဆုံး တယ်လို့ ပြောတဲ့နေရာ မှာ လက်ကျန် ယူရိုငွေ ၇ သန်းရှိနေပြီး လက်ရှိ မှာ ပျောက်ဆုံးနေတာ ယူရို ၈၆ သန်း ဖြစ်ပါတယ်။ ဒီအတွက် စာရင်းတောင်းခံ တာတွေ စစ်ဆေးမှုတွေ လုပ်နေတာပါ။

အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူကနေ သမ္မတဟောင်း ဦးသိန်းစိန် နှင့် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်း တို့ကို ပေးအပ်ငွေ အပါအဝင် အကြောင်းအရာ ခေါင်းစဉ် ၁၀ ခု ပြပြီး အဲဒီရန်ပုံငွေများထဲကနေ အများသဘောထားမပါဘဲ သုံးခဲ့တယ်လို့ တိုင်ကြားသူတွေက တိုင်ကြားစာထဲမှာဖော်ပြထားပါတယ်။

ခုချိန်မှာ ဒီအလွဲသုံးစားမှုအတွက် ခုံရုံးဖွဲ့စစ်ဆေးနေ ပေမယ့်လည်း ပါဝင် ပတ်သတ်သူတွေဟာ နိုင်ငံအကြီးအကဲဟောင်းတွေဖြစ်နေသလို နောက်ထပ်ပါဝင်လာနိုင် တာကြောင့် ခု လက်ရှိ ခုံရုံးဖွဲ့စစ်ဆေးမှုကို အရင် အကြီးကဲဟောင်းတွေရဲ့ သြဇာလွှမ်းမိုးသူ မဟုတ်တဲ့ သူတွေနဲ့ စစ်ဆေးဖို့တောင်းဆိုနေကြပါတယ်။ သန်းချီ အလွဲသုံးစားမှုကို ဖော်ထုတ်ပေးဖို့ တိုင်ကြားထားသူ တွေထဲက လုပ်ငန်းရှင် ဦးကျော်ကျော်ဦးက-

" ကျနော်တို့လိုချင်တဲ့ အဖွဲ့ဆိုတာက အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်တွေ၊ ပြည်သူ့ လွှတ်တော်က ကိုယ်စားလှယ်တွေ ပါရမယ်။ ရှေ့နေချုပ်ရုံးက ဥပဒေပညာရှင်တွေ ပါရမယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စာရင်းစစ် ပညာရှင်တွေ ပါရမယ်။ သယံဇာတ နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ကိုယ်စားလှယ်တွေ ပါရမယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကျွမ်းကျင်အင်ဂျင်နီယာ ပါရမယ်။ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ကိုယ်စားလှယ်တွေ ပါရမယ်။ အဲ့ဒီ့လူတွေ ၇ ဦး စုထားတဲ့ အဖွဲ့အစည်းက စစ်တဲ့ဟာကို ကျနော်တို့ လက်ခံမယ်။ "

ဒီထဲမှာ အရင်သမ္မတဟောင်း ဦးသိန်းစိန်၊ ဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ ပါဝင် ပတ်သတ်နေသလို ဒီထက်မက အခြားသော အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်ဟောင်းတွေ ပါ ထပ်မံပါဝင်လာနိုင်မယ်လို့ တိုင်ကြားသူတွေ ဘက်က စွပ်စွဲပြောဆိုခဲ့ပေမယ့် တိုင်ကြားခံရသူတွေထဲမှာ တဦး အပါအဝင်ဖြစ်တဲ့ အရင်သတ္ထုတွင်း ဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်ကတော့

" ဒီအထဲမှာ သမ္မတဦးသိန်းစိန် ဒီငွေတွေလည်း လက်ခံထားတာလည်း မဟုတ်ဘူး။ ဒီ ၈၁ သန်း ဟာလည်း သူ့လက်ထဲမှာ မဟုတ်ဘူး။ .သူ့လက်ထက်မှာလို့ပြောရင် ဒီအတိုင်းပဲပြောမှာပေါ့။ သဘောကလေ။ ဟိုတုန်းက ဖြစ်ပျက်လာတဲ့ ဟာတွေ၊ ဟိုတုန်းက မဏ္ဍိရတနာ ခန်းမကြီး ဆောက်တာတွေ ဘာတွေ၊ ဒါတွေလည်း ပတ်သတ်တာပဲ ရောနေတဲ့ဟာကို။ ၇သန်းက သမ္မတကြီးလက်ထဲကို ကျနော်လည်း ထည့်တာမဟုတ်ဘူး။ ဘယ်သူမှလည်း ထည့်တာမဟုတ်ဘူး။ သူတို့လုပ်ငန်းရှင် ကနေပြီးတော့ ဆောက်လုပ်ရေးအဖွဲ့ကို တွက်ပေးတာ။ ဒါတွေပဲ ကျနော်တို့ လုပ်ခဲ့တာလေ။ ဟုတ်တယ်မဟုတ်လား။"

သတင်းစာရှင်းလင်းပွဲ
သတင်းစာရှင်းလင်းပွဲ

တာဝန်ကနေ အငြိမ်းစားယူခဲ့တဲ့ချိန်ထိ ဘဏ်ငွေစာရင်းတွေနဲ့ပတ်သတ်ပြီး အခုအစိုးရသစ်ကို တရားဝင်လွှဲပေးလိုက်ပြီဖြစ်တယ်လို့လည်း အရင် သတ္ထု တွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင် က ပြောပါတယ်။

" ၃၁ရက်နေ့ ၃ လပိုင်းမှာ ကျနော်တို့ စာရင်းပိတ်လိုက်ပါတယ်။ ပိတ်ပြီးတော့ ကျနော်တို့လွှဲလိုက်ပါတယ်။ အလွှဲအပြောင်းလုပ်တဲ့အထဲမှာ ကျနော်တို့ အဲ့ဒီ့ငွေက ရှိပါတယ်။ ဘဏ်အကောင့်မှာလည်း ရှိပါတယ်။ ယေဘူယျပြောရင်တော့ ၉၂သန်း ကျော်ရှိပါတယ်။ အဲ့ဒီ့ကနေ စပြီးတော့ ကျနော်တို့ ကျောက်မျက် မဏ္ဍိရတနာ ဆောက်လုပ်တာတို့ဘာတို့ညာတို့ အကုန်လုံး သုံးလိုက်တဲ့ဟာက ကျနော့်လက်ထဲမှာတော့ ၅.၄ သန်းကျော် ကျန်တယ်လို့ ကျနော် ရှင်းလင်းပြီးဖြစ်ပါတယ်။ ထပ်ပြောရရင်တော့ ကျနော်တို့လက်ထက်မှာ လုပ်တဲ့ပွဲတွေမှာ ကောက်ခံရရှိငွေက ပေါင်းလိုက်လို့ရှိရင် ၃၈သန်း လောက်ရှိပါတယ်။ အဲ့တာကြောင့် ကျနော်တို့ လက်ရှိအားဖြင့် ၇.၂ သန်းလောက် ကျန်တယ်ဆိုရင် နုတ်ကြည့်လိုက်ပေါ့။"

တိုင်တန်းမှုက နိုင်ငံရေးကစားကွက်အရ ထိုးနှက်မှုသာ ဖြစ်တယ် လို့ ပြောဆိုနေ တာတွေလည်း ရှိနေပါတယ်။ အရင် သမ္မတဟောင်း လက်ထက်မှာ ပြန်ကြားရေး ဝန်ကြီးအနေနဲ့ တာဝန်ယူခဲ့သူ ဦးရဲထွဋ်က လက်ရှိ ဒီအလွဲသုံးစားမှုလို့ ခေါင်းစဉ် တပ်ထားတဲ့ ဒီတိုင်တန်းမှုအပေါ် သူက ခုလိုပြောပါတယ်။

" တိုင်တဲ့အခါမှာ ကျနော်တို့ စဉ်းစားရမှာက အုပ်ချုပ်မှု အာဏာအရ လုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကိုလည်း တိုင်တာ မဟုတ်ဘူး။ နောက်တခါ လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ သယံဇာတနဲ့ သက်ဆိုင်တဲ့ ကေ်ာမတီတွေ နောက်တခုက တိုင်ကြားစာ နဲ့ပတ်သက်တဲ့ ကော်မတီကိုလည်း တိုင်တာ မဟုတ်ပဲ နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အထုတ်ခံထားရတဲ့ ပါတီဝင်တွေ တော်တော်များများ ပါဝင်နေတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စများ ကေ်ာမရှင်ကို သွားတိုင်တယ်ဆိုတော့ ဒါဟာ အသင်းရဲ့ကိစ္စထက် ပိုပြီးတော့မှ နက်နဲတဲ့ နိုင်ငံရေးအကြောင်းခံတွေများ ရှိမလားလို့ စဉ်းစားစရာဖြစ်တာပေါ့။"

မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ သန်း၉၀ အခု ကိစ္စအတွက် အမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်အပါအဝင် လူ ပုဂ္ဂိုလ် ၃ ဦးနဲ့ ခုံရုံးဖွဲ့ပြီး တိုင်တန်းသူကျောက်မျက်အသင်း အမှု ဆောင်တွေအပြင် တိုင်ကြားခံရသူတွေကိုပါ စစ်ဆေးလျက်ရှိနေပါတယ်။ တိုင်ကြားခံရသူတွေကိုပါ စစ်ဆေးမှုနဲ့ပတ်သတ်ပြီးတော့ လက်ရှိဝန်ကြီးဌာနပိုင်း ကဘာမှ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG