သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာဈေး မီးလောင်ဆိုင်ခန်းတွေ ပြန်ဆောက်ပေးမည်


မနေ့က မီးလောင်ပျက်စီးသွားတဲ့ အဆင့်မြင့် မင်္ဂလာဈေးကြီးနေရာကို ပြန်လည်ပြုပြင်ပြီးရင် ဒီနေရာမှာပဲ ဈေးပြန်ဖွင့်ခွင့်ပေးမယ်လို့ မီးလောင်ဆုံးရှုံးသွားတဲ့ ဆိုင်ရှင်တွေကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီက အာမခံ ပြောခဲ့ပါတယ်။ များသောအားဖြင့်
ရန်ကုန်မှာ ဈေးကြီးတွေ မီးလောင်ပြီးရင် ဆိုင်နေရာပြန်မရတာမို့ အခု မီးလောင်လို့ ဆုံးရှုံးမှု တွေရင်ဆိုင်နေရတဲ့ မင်္ဂလာဈေး ဆိုင်ရှင်တွေ အတွက် စိတ်ပြေစရာသတင်းဖြစ်ခဲ့ပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

အဆင့်မြင့် မင်္ဂလာဈေးကြီးမီးကတော့ မနေ့မွန်းလွဲပိုင်းကတည်းက မီးအားအရှိန်ကျသွားခဲ့ပြီး ဒီကနေ့မနက် အစောပိုင်းမှာတော့ လုံး၀ မီးညွန့်သေသွားပါပြီ။ ဈေးကြီးရဲ့ လေးလွှာမြောက်နဲ့ ခေါင်မိုးပေါ်က စားသောက်တန်းတွေ အားလုံး မီးလောင်ပျက်စီးသွားပါတယ်။ အောက်ဆုံးထပ် အဝတ်အထည်တန်းတွေကတော့ မီးမသင့်ခဲ့ပါဘူး။

အခုလို မီးလောင်ဆုံးရှုံးသွားတဲ့ ဆိုင်ခန်းရှင်တွေကို ဒီကနေ့ နေ့လည်ပိုင်းက မင်္ဂလာဈေး ဓမ္မာရုံမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အတွင်းရေးမှုးနဲ့အဖွဲ့ လာရောက် တွေ့ဆုံပြီးတော့ ပြန်လည်ပြင်ဆင်ပြီးရင် ဒီနေရာမှာ ဈေးပြန်ဖွင့်ခွင့်ပေးမယ်ဆိုပြီး အာမခံ သွားတယ်လို့ အဲဒီအစည်းအဝေး တက်ရောက်ခဲ့တဲ့ မင်္ဂလာဈေး ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“သူ အာမခံတယ်ပေါ့၊ ဒီဈေးကို ပြန်ပေးမယ့်အကြောင်း၊ ပြီးတော့ ‘စ’ သုံးလုံးကလည်း လူကြီးပဲဗျာ။ ဈေးမှာလည်း အားလုံးက သံသယ တွေနဲ့ပေါ့ဗျာ။ အခုကတော့ သူတို့ အာမခံသွားတဲ့ အစီအစဉ်ကတော့ ဆိုင်တွေမရွှေ့ရဘူးတဲ့၊ အဲဒီမှာ အကြာကြီး မီးလောင်သွားတော့ ကြံ့ခိုင်မှုက ပြန်ပြင်ရမယ်ပေါ့ဗျ၊ သုံးလွှာ၊ လေးလွှာ။

“အဓိကကတော့ဗျာ ကြံ့ခိုင်မှုပြန်ပြင်ရမယ်ဗျာ၊ အဲဒီအတွက် အချိန်စောင့်ရမယ်ဗျာ၊ စစ်ဆေးမှု လုပ်မယ် နော်၊ အဲဒါပဲပေါ့။ အဓိကက ဈေးသူ ဈေးသားတွေက မပြောင်းရဘူးဆိုတော့ ပျော်တော့ လက်ခုပ်တောင် တီးကြသေးတယ်ဗျာ။ သူကတော့ပြောပါတယ်၊ ကျနော့်ကို သဘော ကျလို့ လက်ခုပ်တီးတာတော့ မဖြစ်လောက်ဘူးတဲ့။ ဒီနေရာကိုမဖယ်ရဘူးဆိုတာ အာမခံလို့ လက်ခုပ်တီးတာပေါ့။ ဒီလောက်ပါပဲ။

“ကျန်တဲ့ညွှန်မှူးက ‘စ’ သုံးလုံးက ညွှန်မှူးလာတာကတော့ သူကတော့ ပိုင်ဆိုင်မှုစာရင်းကို ဘယ်လောက်ပိုင်ဆိုင်သလဲဆိုတော့ဗျာ၊ မှတ်ပုံတင်နံပတ်တို့၊ ဆိုင်နံပတ်တို့ အဓိက အဲဒါတွေကတော့ ကြေငြာဖို့ပေါ့ဗျာ။ ပစ္စည်းတန်ဖိုး ဘယ်လောက်ဆုံးရှုံးတယ် ဘာညာဖြစ်မှာ ပေါ့။ ဒီနေရာကိုပဲ မပြောင်းရဘူးဆိုရင်တော့ ယာယီဈေး ဘယ်နေရာ ပြန်ပေးမလဲဆိုတော့ ကျနော်တို့နားမှာ တော်ဝင်ပလာဇာပဲ၊ မင်္ဂလာမွန်ပေါ့၊ ကပ်လျက် အဲဒီအထဲမှာ တနေရာရာ ပြန်ပေးမှာပေါ့ဗျာ။ သုံးရက်အတွင်း ညှိနှိုင်းအစည်းဝေး လုပ်မယ်လို့တော့ ကြားတာပဲဗျာ။”

အဲဒီတော့ တော်ဝင်ဈေးမှာက နဂိုက ဈေးကရှိပြီးသားဆိုတော့ အကိုတို့ကို ဘယ်လိုနေရာပြန်ပေးမှာလဲ။

“တော်ဝင်ပလာဇာကတော့ သူများတွေပြောတာကတော့ အဲဒီမှာ စီတီဇင်သူဋ္ဌေးပိုင်တယ်တော့ ပြောတာပဲ။ အဲဒါကြီးကတော့ ‘အ’ နေတာပေါ့၊ အရင် အမဲဈေးကြီးကို ဖျက်ဆောက်ထားတာကို။ ကျနော်တို့ အဲဒီ မြို့တော်စည်ပင် အားကစားစခန်းနားက ထိပ်က။ လောလောဆယ် ခေါ်ပြောတဲ့ကိစ္စကတော့ ချွေးသိပ်တဲ့ကိစ္စပဲဗျာ။ သူတို့ ရေဘယ်လိုပက်ရတယ်ပေါ့၊ မီးသတ်ကား ဘယ်နှစ်စီးလာတယ် ဘာညာပေါ့။”

တခြားအကိုတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ တခြား အထောက်အပံ့ အကူအညီတွေ နိုင်ငံတော်ကပေးဖို့ ဘာညာရော ပြောသေးလားခင်ဗျ။

“အဲဒါကတော့အကို - အကို့ကိုပဲ ကျနော် မေးခွန်းပြန်ထုတ်ရမယ်၊ တသက်လုံး ဈေးတွေလည်း မီးလောင်နေတာ၊ တခါမှ အဲဒီလို ပေးတယ်လို့ မကြားဖူးဘူးခင်ဗျ။”

ဟုတ်ကဲ့၊ အကိုတို့က အခု တက်ကြည့်လို့မရဘူးဆိုတော့ အပြင်ဘန်းကကြည့်ရင် ဈေးအခြေအနေ ဘယ်လိုရှိသလဲ။

“ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ကမနက် ရှစ်နာရီခွဲလောက်ကနေပြီးတော့ နေ့ခင်း မီးတက်တယ်၊ မနေ့ကည တညလုံးလဲ တငွေ့ငွေ့၊ ခုထက်ထိလဲ အထဲမှာ တငွေ့ငွေ့ဆိုတော့ ဒါက သိပ်တော့ ကျနော်ထင်တာ အုတ်ကို အပူ ပေးသလိုပဲ ဖြစ်သွားတယ်။ ကြံ့ခိုင်မှုပိုင်းက ဘယ်လိုမှ စိတ်မချရဘူး။ ဒါပေမဲ့ ခက်တာက အပေါ်ထပ်ဖြစ်ပြီးတော့ မြေညီတွေ၊ Underground (မြေအောက်) တွေက ကောင်းတယ် ဆိုတော့လည်းဗျာ၊ အပေါ်ထပ်ကိုပဲ တကယ်လို့ သူတို့ ပြန်ဆောက်မယ်၊ ဆက်မယ် ဆိုရင်တော့ လုပ်ရမှာပေါ့။ အဲဒါ တခုလောက်ပါပဲ။”

အခုက ပြန်ပြင်ဆောက်မယ်ဆိုတာ ဘယ်လောက်လောက် ကြာမယ်လို့ ခန့်မှန်းထားသလဲခင်ဗျ။

“အဲဒါတွေကတော့ အခု ကျနော်ကတော့ ရှင်းရှင်းပြောရတာဗျာ၊ ဒါက ဟို ကြိုးနီစံနစ်နဲ့ သွားနေတယ်ဆိုတော့ ဘယ်လိုမှ မခန့်မှန်းနိုင်ဘူး ဗျ။ နောက်ပြီးတော့ ဒုတိယမှာ အဲဒီလိုပေါ့ လူကြီးနှစ်ယောက်လုံးက ပြောသွားတယ်ဗျာ၊ သူတို့ စသုံးလုံးက လူကြီးရော၊ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီလောက် သူတို့မှာ Authority (လုပ်ပိုင်ခွင့်အာဏာ) မရှိဘူးဆိုတာ သူတို့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားတယ်။ မိန့်ခွန်းပဲ ပြောရ မှာပေါ့၊ အဲဒီမှာ သူတို့ပြောတဲ့ကိစ္စမှာ ထည့်ပြောသွားတာပေါ့ဗျာ။ သူတို့ကလည်း အပေါ်ကို ထပ်တင်ပြရဦးမှာတဲ့။”

အဆင့်မြင့် မင်္ဂလာဈေးကြီးကို ပြန်လည်ပြင်ဆင်ချိန်မှာ ယာယီဈေးတခု ထားရှိမယ်ပြောပေမယ့် အတိအကျတော့ မရှိသေးပါဘူး။
ပြန်လည်ပြင်ဆင်မယ့် စရိတ်စကကိုလည်း အစိုးရကထောက်ပံ့မလား၊ ဆိုင်ခန်းပိုင်ရှင်တွေကိုယ်တိုင်က စိုက်ထုတ်ရမလားဆိုတာလည်း ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ အခုလို မီးမလောင်ခင်မှာ မင်္ဂလာဈေးကြီးကို ပြောင်းပစ်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတော့ မီးလောင်ပြီးနောက် ဆိုင်ခန်းနေရာတွေ ပြန်မရမှာကို ဆိုင်ရှင်တွေက စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုလို မြို့တော်စည်ပင်ကော်မတီ အတွင်းရေးမှူးအာမခံချက်ကြောင့် ဆိုင်ရှင်တွေအတွက်တော့ ဆုံးရှုံးမှုတွေထဲက စိတ်သက်သာရာတခု ရစေတာအမှန်ပါ။

XS
SM
MD
LG