သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းလားဒေသက"ဝ" တပ်ဖွဲ့တွေသတ်မှတ်ချိန်ကျော်ပေမဲ့ မရုပ်သိမ်းကြသေး


uwsa
uwsa

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားဒေသမှာ တပ်စွဲထားတဲ့ ဝတပ်တွေရုပ်သိမ်းဖို့အတွက် နောက်ဆုံး သတ်မှတ်ချိန် ကျော်လွန်သွားပေမဲ့ အခြေအနေဟာ ငြိမ်သက်နေဆဲဖြစ်ပြီး ဝတပ်ဖွဲ့ဖက်ကတော့ စစ်ပွဲကို သူတို့ဖက်က စတင်မှာမဟုတ်ကြောင်း စာပေးပို့ထားပါတယ်။ လောလောဆည်မှာ ဝတပ်ဖွဲ့ဖက်က စစ်ပြင်ဆင်တာ မတွေ့ရကြောင်း နီးစပ်သူတွေက ပြောဆိုပေမဲ့ တပ်မတော်က တောင်းဆိုသလို မိုင်းလားက တပ်တွေ ရုပ်သိမ်းမယ် အခြေအနေလည်း မတွေ့ရကြောင်း သုံးသပ်တာတွေရှိနေပါတယ်။ မိုင်းလားဒေသက နောက်ဆုံးအခြေအနေကို ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ မိုင်းလားဒေသမှာ အစိုးရတပ်မတော်နဲ့ ဝတပ်ဖွဲ့အကြား စစ်ရေးတင်းမာတာတွေ မြင့်တက်လာချိန်မှာ UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ဲရဲ့ ဥက္ကဌ ဦးပေါက်ယူချန်းက မည်သည့်စစ်မက်ဖြစ်ပွားတာကိုမှ ဦးစွာ အလွယ်တကူ စတင်မှာ မဟုတ်ကြောင်း အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းကို ပေးပို့တဲ့စာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒီစာဟာ၂၁ရက်နေ့ နေ့စွဲနဲ့ပေးပို့တာဖြစ်ပြီး မိုင်းလားဒေသမှာ ဖြစ်ပွားတဲ့ပြသနာကို မကြီးထွားအောင် အောက်ခြေတပ်တွေကို ညွှန်ကြားထားကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ စောလျင်စွာဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း ဖော်ပြပါတယ်။

ဝတပ်ဖွဲ့တွေ မိုင်းလားဒေသတွင်းဝင်ရောက်တပ်စွဲထားတာနဲ့ပတ်သက်ပြီး အစိုးရတပ်မတော်ဖက်က ဒီလ ၂၄ရက်နေ့ နောက်ဆုံးထားရုပ်သိမ်းဖို့ ညွှန်ကြားထားပါတယ်။ သတ်မှတ်ချိန် ကျော်လွန်သွားပေမဲ့ ဒေသ တွင်းမှာတော့ အခြေအနေက ငြိမ်သက်နေတယ်လို့ မိုင်းလားဒေသက စောင့်ကြည့် လေ့လာနေသူ တဦးက ပြောပါတယ်။

“ကနေ့အခြေအနေကတော့ ငြိမ်သက်နေတယ်။ ကျွန်တော်တို့ ဒီဘက်ကနေပဲ လှုပ်ရှားမှုတွေရှိတယ်၊ ဟိုဘက်ကတော့ ဘာမှ လှုပ်ရှားမှုမရှိဘူး။ မနေ့ကတုန်းက ဟိုဘက်ကကျွန်တော့်ကို လှမ်းပြောတာကတော့ ဒီတိုက်ပွဲတွေ မဖြစ်နိုင်ပါဘူးတဲ့၊ သူတို့ကပြောတာလေ၊ တကယ်လို့ဖြစ်မယ်ဆိုရင်တဲ့ ဝနယ်ထဲက ရွာတိုင်း အိမ်တိုင်းက လူအားလုံးဟာတဲ့ အကုန်ပြည်သူ့စစ်တွေဖြစ်တယ်ပေါ့၊ သူတို့ ယူနီဖောင်းဝတ်ပြီးတော့မှ သေနတ်ကိုင်တဲ့နေ့ဟာတိုက်ပွဲဖြစ်တဲ့နေ့ပဲတဲ့၊ သူတို့ ယူနီဖောင်းလဲမဝတ်ဘူး၊ သေနတ်လည်းမကိုင်ဘူး၊ သူတို့ လယ်ယာထဲမှာ၊ တောင်ယာထဲမှာ လယ်ထဲမှာပဲ ရှိနေတယ်တဲ့၊ ဘာမှ လှုပ်ရှားမှုမရှိဘူးတဲ့။”

ဒီကနေ့မှာလည်း မိုင်းယန်းဖက်က ဝန်ထမ်းတချို့နဲ့ ဒေသခံပြည်သူတွေဟာ ကျိုင်းတုံဖက်ကို တိမ်းရှောင်တာတွေ ရှိနေတယ်လို့ ဆက်ပြောပါတယ်။

“ဝန်ထမ်းတွေကို ကျွန်တော်တို့ဒီမိုင်းခတ်ကနေပြီးတော့ မိုင်းခတ် အထွက်ဘက်ကနေပြီးတော့ ပိတ်ထားပြီးတော့မှ အကုန်ပြန်ခိုင်းတယ်ဗျ။ သူတို့တာဝန်ကျတဲ့နေရာကိုလည်း မပြန်ရဲဘူး။ မိုင်းခတ်မှာပဲစုနေခိုင်းတယ်။ ဒါပေမယ့် အရပ်သားတွေကတော့ အဲ့ဒီ မိုင်းယန်းမြို့ပေါ်ကလူအားလုံးလောက်နီးနီးရယ် နောက်ပြီးတော့ ဖာပွန်ရယ် ၊ နောက်ပြီးတော့ ယမ်းခိုင်ဆိုတဲ့ရွာကလူတွေရယ်၊ မိုင်းနွေ ကလူတွေရယ် သူတို့ကတော့ ကားစင်းလုံးကျွတ်၊ စင်းလုံးကျွတ်ပြေးကြတယ်။ ကျိုင်းတုံကို ထွက်ကြတယ်။ အဲ့ဒီအရပ်သားတွေကိုတော့ တားတာ၊ ဆီးတာ မရှိဘူး။ ပြီးရင် ကျွန်တော်တို့ မနေ့ကနဲ့ မနေ့က တနေကုန်ရယ်၊ ဒီနေ့ရယ်ဆိုရင်တော့ ကားအစင်းလေးဆယ်လောက်တော့ ရှိမယ်နဲ့ တူတယ်။ ခန့်မှန်းတာ၊ မှန်လုံကားတွေရယ်၊ ကိုယ်ပိုင်ကားငယ်တွေရယ်ပေါ့နော်၊ ကား ၄၀ လောက်တော့ ရှိမယ်ဗျ။ဒီနေ့မနက်လည်း ထပြီး သွားနေကြတုန်းပဲရှိသေးတယ်”

လက်ရှိ စစ်ရေးတင်းမာမှုအခြေအနေအပေါ်မှာတော့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ပြည်ထောင်စု institute က ဒါရိုက်တာ ဦးခွန်ဆိုင်းကတော့ အခုလို သုံးသပ်ပါတယ်။

“၀ အနေနဲ့ကတော့ သူရဲ့စိုးရိမ်ချက်ကတော့အစိုးရဘက်နေပြီးတော့မှ အဘက်ဘက်ကနေ ဝိုင်းထားတယ်။ သူ့ကို ဝိုင်းလို့မရတဲ့နေရာတော့ မိုင်းလားဘက်နေမဲခေါင်မြစ်ကိုဆင်းတဲ့လမ်း၊ အဲ့ဒီလမ်းပဲရှိတယ်။ ဒီတော့ သူ့အတွက်ကတော့ မိုင်းလားဆိုတဲ့ နယ်မြေကတော့ သူ့အတွက် အသက်ရှုပေါက် အကြီးဆုံးပါပဲ။ ဒီဥစ္စာကိုတော့ သူတို့ လွယ်လွယ်နဲ့ လက်လွှတ်ခံမယ်လို့တော့ ကျွန်တော်မမြင်ဘူးပေါ့ဗျာ၊၊ သေချာတာကတော့ ဒီဝနဲ့ အစိုးရနဲ့တိုက်ပြီဆိုလို့ရှိရင်တော့ ဒီစစ်ပွဲဟာဒီ့ပြင်နေရာတွေကိုလည်း ကူးသွားနိုင်တာပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ ၀ ဘက်ကလည်း သူက မဟာမိတ်တွေရှိထားတာကိုး။“

နောက်ဆုံးရရှိတဲ့သတင်းတွေအရတော့ ဝတပ်ဖွဲ့တွေဟာ အထက်အမိန့်မရတာကြောင့် မိုင်းလားမှာဘဲ ဆက်လက်တပ်စွဲထားဆဲရှိနေသလို မနေ့က ဝ၊ မိုင်းလားနဲ့ အစိုးရတပ်မတော်ကိုယ်စားလှယ်တွေ အကြားဆွေးနွေးတာဟာလည်း တိကျတဲ့ အဖြေမရရှိတာကြောင့် ဒီကနေ့မှာ အဆင့်မြင့် ကိုယ်စားလှယ်တွေ ထပ်မံဆွေးနွေးနေကြောင်း သိရပါတယ်။ ဒီသတင်းကိုတော့ သီးခြားအတည်ပြုချက် မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG