သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ် ရွေးကောက်ပွဲ ဆန္ဒပြမှု လူ ၅၀၀ ကျော်တက်


မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြပွဲ ပြုလုပ်နေစဉ်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြပွဲ ပြုလုပ်နေစဉ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၆ ရက်သာ လိုတော့တဲ့ အချိန်မှာ မဲဆွယ်စည်းရုံးမှုတွေကို အကြိတ်အနယ် လုပ်ဆောင်နေသလို ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြမှုတွေကလည်း ပိုပြီး များလာနေပါတယ်။ မွန်ပြည်နယ်ဘက်မှာ ဆိုရင်လည်း ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အခုဆန္ဒပြပွဲမှာ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေလည်း ပါဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ တချို့ကျတော့ ၉၀ ခုနှစ် ရွေးကောက်ပွဲက အနိုင်ရပါတီကို ရွေးချယ် မဲပေးပြီးသားမို့ မဲပေးစရာ မလိုတော့ဘူးလို့ ပြောဆိုမှုတွေကလည်း ရှိနေပါတယ်။ အခုဆိုရင် အဲဒီ ဆန္ဒပြတဲ့ ဒေသမှာ နယ်မြေခံ စစ်တပ်တွေကနေ လုံခြုံရေး တိုးမြှင့်ချထားပြီး ကျေးရွာ ရယကတွေကို ဆင့်ခေါ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ကလို့တုတ်ရွာမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့ မနက်က ပြုလုပ်ခဲ့ရာမှာ ပညာရေးနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် ကရင်ပြည်သူတွေ ရာနဲ့ချီပြီး တက်ရောက်ခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင် စောသူရိန်က အခုလို ပြောပါတယ်။

“ကျနော်တို့ ဆန္ဒပြတဲ့နေရာက ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ကားလမ်းမကြီးနဲ့ မနီးမဝေးတဲ့ နေရာမှာ ကျနော်တို့ လူ ၅၀ဝ ကျော် တက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ဖျက်သွားဖို့ရယ်၊ စစ်အာဏာရှင် အစုထဲကပဲ တဖက်သတ် ရေးဆွဲထားတဲ့ ၂၀ဝ၈ နာဂစ်စစ်အာဏာရှင် ဥပဒေကို အသက်သွင်းသွားမှာ ဖြစ်တယ် ဆိုတဲ့အတွက် ဒီရွေးကောက်ပွဲကို ကျနော်တို့အနေနဲ့ လုံးဝ လက်မခံဘူး။”

အဲဒီဆန္ဒပြပွဲမှာ ကရင်ကျေးရွာသားတွေ အများစု ပါဝင်တက်ရောက်သလို အစိုးရ ပညာရေး ဝန်ထမ်းတွေလည်း တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်း တဦးကတော့ အခုလို ပြောပါတယ်။

“ကျမတို့ ပညာရေးဝန်ထမ်းက အယောက် ၃၀ လာရောက် ဆန္ဒပြကြပါတယ်ရှင်။ ကျမတို့ ဝန်ထမ်းများ အနေနဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဘာမှလုပ်မပေးနိုင်တဲ့ ရွေးကောက်ပွဲကို ကျမတို့ အယုံအကြည် မရှိတဲ့အတွက် လာရောက် ဆန္ဒပြကြတယ်။”

အောက်တိုဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဝန်ထမ်းတွေ၊ ကျောင်းသားတွေ မပါခဲ့ပေမဲ့ အခုဆန္ဒပြပွဲမှာတော့ ကျောင်းသား၊ ကျောင်းသူ တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဆန္ဒပြပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ကျောင်းသူတဦးကို ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ အခုလို ပြောပါတယ်။

“ကျမတို့ ကျောင်းသား ကျောင်းသူများ အနေနဲ့ ဒီရွေးကောက်ပွဲကို ဒီအနီးအနား ပြည်သူများနဲ့အတူ ပါဝင်ကန့်ကွက် ဆန္ဒပြရခြင်း ဖြစ်ပါတယ်ရှင်။ သမီးနာမည်က ဌေးဌေးမြင့်ပါရှင်။ ကျောင်းနေတုန်းပဲ၊ တက္ကသိုလ် နောက်ဆုံးနှစ်ပါရှင်။ သမီးတို့ ကျောင်းသူက အယောက် ၃၀ လာရောက် ဆန္ဒပြပါတယ်ရှင်။ အဲဒါကတော့ သမီးတို့ရဲ့ စစ်အာဏာရှင်စနစ်ကို ပြန်ချင်တဲ့စိတ်နဲ့ လာရောက် ဆန္ဒပြပါတယ်။ နအဖရဲ့ လက်အောက်မှာ အနိုင်ကျင့်ခံရလို့ သမီးတို့ မခံချင်တဲ့စိတ်နဲ့ လာပြီးတော့ ဆန္ဒပြရပါတယ်ရှင်။”

ဖိုးသောကြာလို့ခေါ်တဲ့ ရွာသားတဦးကတော့ ဒီရွေးကောက်ပွဲမှာ မဲဆန္ဒပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ဟာ ရွေးကောက်ပွဲ ပေးစရာမလိုဘူး၊ ရွေးထားပြီးသား ဖြစ်ပါတယ်။ ၉၀ ခုနှစ်မှာ ကျနော်တို့ ဒီမိုကရေစီ ရရှိဖို့အတွက် အနိုင်ရပါတီကို ထောက်ခံမဲ ပေးပြီးသား ဖြစ်တဲ့အတွက် ဘာပွဲပဲ သူတို့လုပ်လုပ် ကျနော်တို့က ထောက်ခံမှာ မဟုတ်တဲ့အကြောင်း ပြောချင်တယ်။ ကျနော့်နာမည် ဖိုးသောကြာလို့ ခေါ်ပါတယ်ခင်ဗျား။”

အခုဆိုရင် လမိုင်းမြို့နယ်က ကလို့တုတ်ကျေးရွာ ဝန်းကျင်မှာ နယ်မြေခံ စစ်တပ်တွေကနေ လုံခြုံရေး တိုးမြှင့်ချထားခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ရေးမြို့နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကနေ ကျေးရွာလူကြီး အားလုံးကို ဆင့်ခေါ်ထားတယ်လို့ ကျေးရွာ ရယကအဖွဲ့ဝင် တဦးက ပြောပါတယ်။

ဆန္ဒပြ ခေါင်းဆောင်တွေ အနေနဲ့ စစ်အာဏာပိုင်တွေ လက်လှမ်းမမီတဲ့ နေရာတွေမှာပဲ ကန့်ကွက် ဆန္ဒပြတာဟာ ဆန္ဒပြသူတွေရဲ့ လုံခြုံရေးအတွက်လို့ ပြောဆိုခဲ့ပါတယ်။ ဆန္ဒပြတဲ့ နေရာဒေသဟာ KNU ခေါ် ကရင်အမျိုးသား အစည်းအရုံးက ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်တယ်လို့ ဆန္ဒပြပွဲကို တက်ရောက်ခဲ့သူ ဒေသခံတဦးက ပြောပါတယ်။ ဒီ ကလို့တုတ်ကျေးရွာ ဆန္ဒပြပွဲဟာ KNU ကနေ ဦးဆောင်ပြုလုပ်ခဲ့တာ မဟုတ်ဘူးလို့ တပ်မဟာ ၆ က စစ်ဘက်အရာရှိ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့တုန်းကလည်း သံဖြူဇရပ်နဲ့ ရေးမြို့နယ်အကြား ကျောင်းရွာဘက်မှာ ပထမအကြိမ် ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင် စောသူရိန်က ပြောပါတယ်။

အခုဆိုရင် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ကန့်ကွက် ဆန္ဒပြမှုတွေ တိုးပြီး လှုပ်ရှားလာနေပါတယ်။ မြန်မာနိုင်ငံ တောင်ဘက်ခြမ်း ကော့သောင်းနဲ့ ဘိက်ဒေသတွေမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ တီရှပ်တွေဝတ်ပြီး ဆန္ဒပြနေသလို ရှမ်းပြည်နယ် ဆီဆိုင်၊ ဟိုပုံးဘက်မှာလည်း လူငယ်အဖွဲ့တွေ ဦးစီးပြီးတော့ မဲမပေးရင်လည်း ရတယ်ဆိုတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေမှု လုပ်နေပါတယ်။ ရန်ကုန်တိုင်း သုံးခွမြို့နယ်နဲ့ ပဲခူးတိုင်း နတ္တလင်းမြို့နယ်ဘက်မှာလည်း ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လက်ကမ်းစာစောင် ဖြန့်ဝေမှုတွေ လုပ်ဆောင်နေတယ်လို့ ပြည်တွင်း နိုင်ငံရေးသမားတွေက ပြောပါတယ်။

XS
SM
MD
LG