သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul မြို့ အနောက်ခြမ်းကိုသိမ်းဖို့ အီရတ်စစ်ဆင်ရေးစတင်


Mosul မြို့ အနောက်ခြမ်း
Mosul မြို့ အနောက်ခြမ်း

အီရတ်နိုင်ငံ မိုလ်ဆူးမြို့ အနောက်ပိုင်း ကနေ အစ္စလာမ္မစ် အစွန်းရောက် IS တွေကို တိုက်ထုတ် နိုင်ရေး အမေရိကန် အထောက်အကူပေးထားတဲ့ အီရတ်တပ်တွေ ဒီကနေ့ ထိုးစစ်ဆင်နေပါတယ်။

IS အဖွဲ့ရဲ့အကြမ်းဖက်မှုတွေကနေ အရပ်သားတွေ လွတ်မြောက်စေရေး အီရတ်တပ်တွေက စတင်ဆောင်ရွက်နေပြီလို့ အီရတ် ဝန်ကြီးချုပ် Haider al-Abadi က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ထိုးစစ်တွေ အသစ်တဖန် စပြီလို့ ကြေညာတဲ့ အကြောင်းလည်း အီရတ် ဝန်ကြီးချုပ်က ပြောပါတယ်။ ထိုးစစ်တွေ ဆင်နွှဲနေတဲ့ တပြိုင်နက်တည်း လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာဖို့ အီရတ် တပ်ဖွဲ့တွေကို ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

ထိုးစစ်တွေ အတွင်း ရွာ အတော်များများကို အီရတ်တပ်ဖွဲ့တွေ ပြန်လည်ရယူထားနိုင်ပြီး အခုတော့ မိုလ်ဆူးလ် လေဆိပ်ကို ပြန်လည် သိမ်းယူနိုင်ဖို့ ရည်ရွယ်တိုက်ခိုက်နေကြပါတယ်။ သိန်းနဲ့ချီတဲ့ အရပ်သားတွေ အန္တရာယ် ရှိနေတဲ့ အခြေအနေကိုလည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ မိုလ်ဆူးမြို့တွင်း အခြေအနေက စိုးရိမ်စရာ ဖြစ်နေပြီး လူတွေလည်း ဒုက္ခတွေ့နေကြတယ်လို့ အီရတ်ဆိုင်ရာ ကုလ လူသားချင်းစာနာမှုဆိုင်ရာ ကိုယ်စားလှယ် Lise Grande က ကြေညာချက်မှာ ပြောဆိုပါတယ်။

ကလေးတွေကို ကျွေးမွေးဖို့နဲ့ အိမ်တွေမှာ အပူပေးဖို့ အတွက် မိဘဖြစ်သူတွေ အခက်တွေ့နေကြတယ်လို့လည်း Grande က ပြောပါတယ်။ မိုလ်ဆူးမြို့ အရှေ့ပိုင်းကိုတော့ အီရတ်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ လက ထိန်းချုပ်ထားတာပါ။ အခု တိုက်ခိုက်နေတဲ့ မြို့ အနောက်ပိုင်း တိုက်ပွဲတွေက ပိုပြီး ခက်ခဲပြင်းထန်မယ်လို့လည်း အမေရိကန် စစ်တပ် တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG