သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူနည်းစုမွတ်ဆလင်တွေ လူမျိုးတုံးသတ်ဖြတ်ခံနေရကြောင်း ညီလာခံမှာစွပ်စွဲ


Muslim Genocide Awareness Convention ၂၀၁၆ ညီလာခံ (Photo-Burmese American Muslims Association)
Muslim Genocide Awareness Convention ၂၀၁၆ ညီလာခံ (Photo-Burmese American Muslims Association)

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာအစိုးရအဆက်ဆက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာရောက်ကြောင်း Muslim Genocide Awareness Convention ၂၀၁၆ လို့ အမည်ပေးထားတဲ့ ညီလာခံမှာ မိန့်ခွန်း ပြောကြားခဲ့သူတွေက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ BAMA လို့ခေါ်တဲ့ မြန်မာ အမေရိကန်မွတ်ဆလင်အသင်းက ဦးဆောင်ပြီး ကာလီဖိုးနီးယားပြည်နယ်၊ Los Angeles မြို့မှာ သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ဒီညီလာခံမှာ မွတ်ဆလင်အရေးတက်ကြွ လှုပ်ရှားသူတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကျွမ်းကျင်သူတွေ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်းတို့လည်း မိန့်ခွန်း ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစု မွတ်ဆလင်တွေအပေါ် ကျူးလွန်နေတဲ့ ဖိနှိပ်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့ လူမျိုးတုံး သတ်ဖြတ်မှုစောင့်ကြည့်ရေးအဖွဲ့က ဘာကြောင့် ယူဆတယ်ဆိုတဲ့အချက်ကို အဖွဲ့ရဲ့ အကြီးအကဲ Gregory Stanton က ညီလာခံကို ဗွီဒီယိုနဲ့ ပေးပို့တဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အဆင့် ၁၀ ဆင့်နဲ့ ကျနော်တို့ ခွဲခြား သတ်မှတ်ပါတယ်။ ပထမအဆင့်ကတော့ ခွဲခြား ဆက်ဆံခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ခွဲခြား ဆက်ဆံ ခံနေရပါတယ်။ သူတို့ကို နိုင်ငံခြားအဖြစ် သတ်မှတ်ခြင်း မခံရပါဘူး။ လူတယောက်ဟာ နိုင်ငံသားအဖြစ် သတ်မှတ်ခြင်းမခံရဘူးဆိုရင် အဲဒီလူဟာ နိုင်ငံသားအခွင့်အရေးတွေ အားလုံး ဆုံးရှုံးသွားပါတယ်။ အဲဒါဟာ အဆိုးရွားဆုံး ခွဲခြား ဆက်ဆံမှု ဖြစ်ပါတယ်။ နိုင်ငံသားမဟုတ်တဲ့သူတွေဟာ မဲပေးခွင့် မရှိသလို ၊ ရိက္ခာနဲ့ နေထိုင်စရာ ခံစားပိုင်ခွင့် မရှိဘူး၊ အစိုးရဝန်ထမ်းအဖြစ်လည်း တာဝန်ထမ်းခွင့် မရှိဘူး၊ ပညာသင်ကြားခွင့်တွေလည်း မရှိတော့ပါဘူး။ ဒါတွေအားလုံးဟာ နိုင်ငံသားအဖြစ် ငြင်းပယ်ခံရခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပါတယ်။”

မြန်မာအစိုးရက နိုင်ငံသားအဖြစ် သတ်မှတ်တဲ့စံနစ်ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအပေါ် အခြေခံတာဖြစ်ပြီး အဲဒီ ဥပဒေအရ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်မရှိဘူးလို့ သတ်မှတ်ထားတယ်လို့ Stanton က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ Tomas Ojea Quintana ကလည်း NLD အစိုးရလက်တက်လာတာ ရက်ပေါင်း ၁၀၀ ကျော်ခဲ့ပေမယ့် အခြေအနေတွေ ပြောင်းလဲမှု ရှိတာကို မတွေ့ရသေးဘူးလို့ ညီလာခံကို ဗွီဒီယိုနဲ့ ပေးပို့တဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

“NLD အစိုးရ အာဏာရလာတာ အခုဆိုရင် ရက်ပေါင်း ၁၀၀ ကျော်ခဲ့ပါပြီ။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတဲ့ ဖိနှိပ်မှုတွေ ပြောင်းလဲသွားအောင် လုပ်ဆောင်မယ့် သိသာ ထင်ရှားတဲ့ လုပ်ဆောင်မှုတွေ အခုချိန်ထိ ကျနော်တို့ မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို စိတ်ဝင်စားမှုရှိတယ်ဆိုတဲ့ နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေ ကြုံတွေ့ ခံစားနေရတာတွေကို မျက်ကွယ် ပြုထားကြလိမ့်မယ် မဟုတ်ဘူးလို့ ကျနော် မျှော်လင့်ပါတယ်။”

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဖိနှိပ်မှု အများအပြားကို အရင် စစ်အစိုးရလက်မှာ ကျူးလွန်ခဲ့တာ ဖြစ်ပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ကျူးလွန်မှုတွေ ရှိခဲ့တယ်လို့ ညီလာခံမှာ စကားပြောကြသူတွေက ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရိုဟင်ဂျာ အရေးကိစ္စကို ထုတ်ဖော်ပြောဆိုခြင်း မရှိတဲ့ကိစ္စကိုလည်း ဝေဖန် ထောက်ပြခဲ့ကြပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ဘူးသီးတောင်မဲဆန္ဒနယ်မြေကို ကိုယ်စားပြုပြီး ပြည်ခိုင်ဖြိုးပါတီအမတ်အဖြစ် ရွေးကောက် တင်မြောက်ခံခဲ့ရတဲ့ ဦးရွှေမောင်ကလည်း လွှတ်တော်အတွင်းမှာရော ပြည်ခိုင်ဖြိုးပါတီအတွင်းမှာပါ ရိုဟင်ဂျာတွေအရေးကို ဆွေးနွေး တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“ကျနော် အမတ်အဖြစ် အရွေးခံခဲ့ရတဲ့ အချိန်ကစလို့ လွှတ်တော်အတွင်းမှာသာမကပဲ၊ USDP ပါတီ ဌာနချုပ်မှာလည်း ရိုဟင်ဂျာတွေ ကြုံတွေ့ ခံစားနေရတဲ့ အခြေအနေတွေကို ဆွေးနွေး တင်ပြခဲ့ပါတယ်။ ဒီပြဿနာကို ဖြေရှင်းမယ့်အစား သမ္မတ ဦးသိန်းစိန် အစိုးရက ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ဝင်ရောက်လာတဲ့သူတွေလို့ သတ်မှတ်လိုက်ပါတယ်။”

ဦးရွှေမောင်ဟာ ၂၀၁၅ ၊ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။

လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ ပြောဆိုမှုဟာ ဝိဝါဒ ကွဲပြားစရာ စကားလုံးအသုံးအနှုန်းဖြစ်ပါတယ်။ Rwanda မှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးစုအချင်းချင်းကြား သတ်ဖြတ်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု ဟုတ်မဟုတ် ဆိုတာနဲ့ပတ်သက်လို့လည်း ဒီကိစ္စနဲ့ပတ်သက်လို့လည်း ကုလသမဂ္ဂမှာ အခြေအတင် ငြင်းခုန်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခေါ်ဝေါ်ဖို့အတွက် အပြန်အလှန် ငြင်းခုန်မှုတွေ ရှိနေတာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေနဲ့ မွတ်ဆလင်တွေအပေါ် ဖိနှိပ်မှုတွေ ရှိနေပေမယ့် အဲဒီ ဖိနှိပ်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ဘူးလို့ သတ်မှတ်ကြောင်း အမေရိကန်နိုင်ငံခြားရေဌာန ကွန်ဂရက်လွှတ်တော်ကို မတ်လ ၁၇ ရက်နေ့က တင်သွင်းတဲ့ အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုင်းဝိုင်း ၂ ခုအကြား ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့အတွက် မွတ်ဆလင် ဒုက္ခသည် တသိန်းကျော် ရှိနေတာ ဖြစ်ပါတယ်။ NLD အစိုးရတက်လာပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ လူမှုရေး၊ ကျန်းမာရေးကဏ္ဍတွေ ဖွံ့ဖြိုးရေးအတွက် မေလတုန်းက ရခိုင်ပြည်နယ် တည်ငြိမ်ရေး အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကော်အထည်ဖော်ရေး ကော်မီတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်အရေးဟာ အချိန်ယူ ဖြေရှင်းရမယ့် ကိစ္စရပ်ဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Los Angeles မြို့မှာ သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ညီလာခံကတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်နေတဲ့ ဖိနှိပ်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုအဆင့် အထိ ရောက်နေတယ်ဆိုတာ နိုင်ငံတကာက သိရှိလာအောင် လုပ်ဆောင်တဲ့ ညီလာခံလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG