သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား ၃၀၀ ကောျ် အမည်မည်းစာရင်းမှ ပယ်ဖျက်


မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူဝင်မူကြီးကြပ်ရေးကောင်တာတွင် အစစ်ဆေးခံနေစဉ်
မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူဝင်မူကြီးကြပ်ရေးကောင်တာတွင် အစစ်ဆေးခံနေစဉ်

အမည်မည်း စာရင်း Black List သွင်းထားတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်ကို သြဂုတ်လ ပထမအပတ် ဒါမှမဟုတ် ဒုတိယအပတ်လောက်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေတစ်ဆင့် ပယ်ဖျက်ပေးသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ ဒါဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံး အကြိမ် ပြုလုပ်တာ ဖြစ်ပြီး အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ သူများနဲ့ ကလေး လိင်ကိစ္စ ကျုးလွန်သူတွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံကူး လက်မှတ်ပျောက်ဆုံးသူတွေကိုတော့ blacklist စာရင်းမှာ ဆက်လက်ထားရှိသွားမှာလည်း ဖြစ်ပါတယ်။အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ပညာရေး ကျန်းမာရေး ကိစ္စရပ်တွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အမည်မဲစာရင်းသွင်းထားတဲ့ မြန်မာနိုင်ငံ သား ၃၀၀ ကျော်ကို ဒီစာရင်းကနေ ပယ်ဖျက်ပေးတော့မယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ လာမယ့် သြဂုတ်လ ပထမအပတ် ဒါမှမဟုတ် ဒုတိယအပတ်လောက်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေတစ်ဆင့် ထုတ်ပြန်သွားမယ်လို့ လဝက ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

“၃၀၀ ကျော်လောက်ရှိမယ်။ ကျနော်မှန်းကြည့်တာကတော့ ပထမပတ်၊ ဒုတိယပတ်အတွင်းမှာပဲ ဖြစ်ဖို့များပါတယ်ခင်ဗျ။ ဒီ သြဂုတ်လ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းမှာပဲဖြေလျှော့မယ့်ဟာတွေကိုတော့ အစိုးရအဖွဲ့ ကို တင်ပြထားမှာပေါ့နော်။ အစိုးရအဖွဲ့ကနေ တင်ပြထားတဲ့ ဖြေလျှော့မယ့်ဟာတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပယ်ဖျက်ပေးဖို့အတွက် သူတို့ ပြန်အကြောင်းကြားမှာပေါ့နော်။”

အခု ထုတ်ပြန်မယ့် အမည်မည်းစာရင်းကနေ ပယ်ဖျက်မှု သူတွေထဲမှာ အင်တာပိုလို့ခေါ်တဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့က အကြောင်းကြားထားတဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ သူတွေအပါအဝင် ကလေးသူငယ်လိင်ကိစ္စနဲ့ ပတ်သတ်လို့ အမှုအခင်း ကျုးလွန်ထားတဲ့ သူ ၃၀၀၀ ထောင်ကျော်နဲ့ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံကူး လက်မှတ် ပျောက်ဆုံးတဲ့ သူ ၄၅၀၀ ကတော့ပါဝင်မှာ မဟုတ်ပါဘူး။ ဒီစာရင်းကနေ ပယ်ဖျက်ပေးမယ့် သူတွေကိုတော့ ဦးမြင့်ကြိုင်က အခုလို ပြောပါတယ်။

“ဒီမြန်မာနိုင်ငံသားတွေအကြောင်းအမျိုးမျိုးနဲ့ အမည်အမည်းစာရင်းအသွင်းခံရတာပဲ။ အဓိကတော့ သက်ဆိုင်ရာဌာနတွေနဲ့ ငွေရေးကြေးရေး ပြုလုပ်တာနဲ့ အမည်အမည်းစာရင်းအသွင်း သွင်းထားတာတွေရှိသေးတယ်။ တချို့က သက်ဆိုင်ရာတွေ ဒေါက်တာဝင်းတို့ဆိုရင် ပညာရေးနဲ့ပတ်သက်ပြီးတော့ ၊ ပညာရပ်နဲ့ ပတ်သက်ပြီးတော့ ဘွဲ့သွားယူပြီးတော့ သက်ဆိုင်ရာဌာနမှာ အလုပ်ဝင်မလုပ်တော့လို့ Black list လုပ်လိုက်တာတွေရှိတယ်။ အဲလိုဟာတွေကို ကျနော်တို့က ဖြေလျှော့ပေးမယ်။ လုပ်ထုံးလုပ်နည်းဥပဒေအတိုင်းပဲ အရေးယူပြီးတော့ အမည်အမည်းစာရင်းမှာ မထည့်တော့ပါဘူး။ ဒီ ပြစ်ဒဏ် ကျခံပြီးသား နိုင်ငံခြားသားတွေကို အမည်မဲစာရင်းသွင်းတာတွေရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံသားတွေကတော့ အဓိကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အမူအခင်းဖြစ်ပွားပြီးတော့ အမည်မည်းစာရင်း သွင်းတာတွေရှိတယ်။ အခုကျနော်တို့ ဖြေလျှော့တာက မြန်မာနိုင်ငံသားတွေ နဲ့ ပတ်သက်လို့ ဖြေလျှော့မှာဖြစ်ပါတယ်။

မေး။ ။ ဆိုတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအတွက် ဒီ အမည်မဲစာရင်းကနေ ပယ်ဖျက်ပေး ဖို့ အစီအစဉ်ရှိသလားခင်ဗျ။

ဖြေ။ ။ အမည်မည်းစာရင်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ မရှိဘူးခင်ဗျ။ ခေါင်းစဉ်ကိုမပါတာ။”

မြန်မာနိုင်ငံမှာ Black List စာရင်းသွင်းခံထားရတဲ့သူ ၈၀၀၀ ထောင်ကျော်ရှိနေပြီး အခုတစ်ခေါက် ပယ်ဖျက်မယ့် စာရင်းမှာ ၃၀၀ ကျော် သာ ပါဝင်မှာ ဖြစ်ပါတယ်။ အမည်မည်းစာရင်းမှာ ပါဝင်နေတယ်လို့ သံသယရှိသူတွေဟာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို သွားရောက်စုံစမ်းနိုင်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ အခုလိုမျိုး အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးတာတွေ ရှိပေမယ့် လက်ရှိ အစိုးရသစ်လက်ထက်မှာဆိုရင် ဒါဟာ ပထမဆုံးအကြိမ်လို့ ပြောရမှာပါ။ ဒါ့အပြင် ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရသစ်လက်ထက်မှာ အမည်မည်းစာရင်း ပယ်ဖျက်ပေးတာကို ပိုပြီး ပွင့်လင်းမြင်သာမှု ရှိပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုတယ်လို့ နိုင်ငံရေး သုံးသပ်သူ တစ်ချို့ကလည်း ထောက်ပြပြောဆိုကြပါတယ်။ အခုလို အမည်မည်းစာရင်းကနေ ပယ်ဖျက်မယ့် ကိစ္စရပ်အပေါ် နိုင်ငံရေး အကဲခတ် ပုဂ္ဂိုလ် ဒေါက်တာ ရန်မျိုးသိမ်းပြောတာက

“နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်မှာကောပေါ့လေ နောက်ပြီးတော့ အစိုးရအသစ်ရဲ့ ထုတ်ပြန်ချက်တွေအရကော ကြည့်မယ်ဆိုရင် သူက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဦးတည်တယ်ဆိုရင် ဒီ Black list သွင်းထားတဲ့ လူတွေအားလုံးရဲ့ စာရင်းကို ပယ်ဖျက်ပေးဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ဥပမာအားဖြင့် Black list သွင်းထားတဲ့လူတွေရဲ့ ရာခိုင်နှုန်းတချို့ကိုပဲ ဖြေလျှော့ပေးမယ်ဆိုရင် ဒါကျိုးကြောင်းစီလျှော်မှုမရှိဘူးလို့ ကျနော်ကမြင်ပါတယ်။အဲဒီတော့ တကယ်တန်းကတော့ Black list ထဲမှာ ပါနေတဲ့ လူတွေရဲ့စာရင်းကို အကုန်လုံးနီးပါးကို လျှော့ချပစ်မှသာလျှင် ဒါဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ထိရောက်တဲ့ ခြေလှမ်းဖြစ်နိုင်တယ်လို့ ကျနော်သုံးသပ်ပါတယ်။”

လက်ရှိ ထုတ်ပြန်မယ့် အမည်မည်းစာရင်းက ပယ်ဖျက်မယ့် သူတွေ စာရင်းမှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် black list သွင်းခံရသူတွေ မပါပေမယ့်လို့ ဒီစာရင်းထဲမှာ ပါနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယ ရှိသူတွေကတော့ ပြည်ထဲရေး ဝန်ကြီးဌာနကို သွားရောက် စုံစမ်းနိုင်မှာလည်း ဖြစ်ပါတယ်။ ပြည်ပရောက် နိုင်ငံရေးတတ်ကြွလှုပ်ရှားသူအချို့ကိုတော့ နိုင်ငံခြားက မြန်မာသံရုံးတွေကနေ ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးတာကြောင့် ဒီလူတွေ မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်ကြုံတာတွေရှိနေပါတယ်။ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကတော့ လက်ရှိအချိန်မှာ နိုင်ငံရေး လုပ်ရှားမှုကြောင့် အမည်မည်းစာရင်းသွင်းခံရသူတွေ မရှိသလောက် ဖြစ်နေပြီး အစိုးရသစ်အနေနဲ့လည်း ဖြေလျော့မှုတွေ လုပ်နေတယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG