သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် ထောင်ချီဒုက္ခသည် အကူအညီလိုနေ


 စစ်ပြေးဒုက္ခသည်များ (MOI)
စစ်ပြေးဒုက္ခသည်များ (MOI)

တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအဖွဲ့ရဲ့ မူဆယ်(၁၀၅)မိုင် ပစ်ခတ်မှုနောက်ပိုင်း တပ်မတော်စစ်ကြောင်းကလည်း နယ်မြေလိုက်ရှင်းနေပြီး လုံခြုံရေးစိတ်မချလို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည်က ထောင်ချီလာနေပြီလို့ ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ ရွှေ့ပြောင်းအလုပ်သမားအများစုဖြစ်တဲ့ ဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်း တွေမှာ သွားရောက်ခိုလှုံနေကြပြီး သူတို့အတွက် အစားအသောက်နဲ့ ရာသီအအေးဒဏ်ခံနိုင်တဲ့အဝတ်အစား အရေးတကြီးလိုအပ်နေပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၄)ဖွဲရဲ့ တပ်မတော်တပ်စခန်းတွေ၊ ရဲစခန်းတွေနဲ့ ၁၀၅ မူဆယ်ကုန်သွယ်ရေးစခန်းကို ပစ်မှတ်ထားတဲ့ ပူးပေါင်းတိုက်ခိုက်မှု အတွင်း အနည်းဆုံး အရပ်သား(၈)ဦးသေဆုံးခဲ့ရသလို အရပ်သား ၃၀ နီးပါး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေရှိနေတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ပေါ်ကို ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေက ထောင်ချီနေပြီလို့သိရပါတယ်။

မူဆယ်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေနဲ့ အနီးနားကျေးရွာက ဘုရားကျောင်းမှာ ခေတ္တ စစ်ရှောင်စခန်းတွေ ဖွင့်လှစ်ပြီး ဒေသခံပြည်သူတွေနဲ့ ရပ်မိရပ်ဖတွေက ကူညီစောင့်ရှောက်ပေးနေတဲ့အကြောင်း ကိုယ်တိုင်သွားရောက်ကူညီပေးနေတဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ကိုစိုင်းမြတ်အောင်က ပြောပါတယ်။

“မနေ့ကရောက်လာတာက ဇေတဝန်ကျောင်းပါ့နော် ၊ ဇေတဝန် ကမ္မဌာန်းကျောင်းပေါ့ နောက် မဟာဝင်မြောက် ကျောင်းပေါ့နော် အဲဒီတကျောင်း ပြီးတော့ ကုန်သွယ်ရေးရုံးမှာ ခဏလာစုတယ် စုပြီးတော့ နောက် နေရာလေးပြန်ခွဲပေးပါတယ်။ ၂ နေရာခွဲပြီးတော့မှ ကျန်တာက နေရာမဆန့်တဲ့အတွက် နမ့်ခွန်ကျေးရွာပေါ့နော် နမ့်ခွန်ကျေးရွာ ဘုရားကျောင်းမှာ သွားပြီးတော့ ထားပေးပါတယ်။ ထမင်း တွေချက်ပြီးတော့ သွားလှူပါတယ်။ဒီနေ့က စတာပေါ့နော်။ မနေ့ကလည်း လူမှု့ဝန်ထမ်းတွေလည်း အားလုံးသွားလှူကြပါတယ်။ NGO အဖွဲ့ ၊ ပရဟိတလုပ်ငန်းတွေလုပ်တဲ့လူတွေသွားလှူကြပါတယ်။ ဒီနေ့မှာ အားလုံးသွားလုပ်ပေးပါတယ်။”

ဒုက္ခသည်စခန်းမှာ အများစု လာရောက်ခိုလှုံနေကြသူတွေကတော့ ၁၀၅မိုင် ကုန်သွယ်ရေးစခန်းမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်တွင်းက ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်လို့လည်း ကိုစိုင်းမြတ်အောင်ကပြောပါတယ်။

“တထောင် လောက်တော့ရှိမှာပါ တထောင်၊ တထာင်ကျော်လောက်တော့ရှိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကလာတဲ့လူတွေက ဒေသခံတွေမဟုတ်ဘူး ၊ ၁၀၅ မိုင် နမ့်ဟွမ်က ဒေသခံတွေမဟုတ်ပါဘူး။ အများအားဖြင့်လာတာက အောက်ပြည်ကလာတဲ့ အလုပ်သမားတွေရယ်၊ ဒီမှာလာနေပြီးတော့ ဒီ၁၀၅ မိုင်မှာ ငှားပြီးတော့ လာနေတဲ့လူတွေရယ် အများအားဖြင့်ပါ။ ၁၀၅ မိုင်က ဇာတိရပ်ရွာက ပြာ်သူတွေကတော့ မူဆယ်မှာရှိတဲ့ အမျိုးဆွေမျိုးတွေမှာ နေကြပါတယ်။

အခု လောလောဆယ်မှာတော့ ဆောင်းရာသီဖြစ်နေလို့ ရာသီဥတုဒဏ်ခံနိုင်ဖို့ စောင်တွေနဲ့ အနွေးထည်တွေ လိုအပ်တယ်လို့သူကပြောပါတယ်။

“ဆောင်းတွင်းလည်းရောက်ပြီဆိုတော့ နည်းနည်းအေးတယ်ပေါ့နော်။ သူတို့ကစောင်တွေလိုတယ်ခင်ဗျ၊ စောင်တွေအခင်းတွေလိုတယ်။”

ရှမ်းလူငယ်ကွန်ရက်အဖွဲ့ ဗဟိုကော်မတီဝင် နန်းဆန်လောဝ်ကလည်း ဒုက္ခသည်တွေအတွက် အရေးတကြီး လိုအပ်နေတဲ့အကူအညီတွေနဲ့နေရပ်ရင်း ဘေးကင်းလုံခြုံစွာပြန်နိုင်ရေး စစ်ပြေးတွေရဲ့ ရေရှည်ဘဝရပ်တည်ရေးတွေကို စနစ်တကျဆောင်ရွက်ပေးပါလို့ တောင်းဆိုပါတယ်။

“အခုလောလောဆယ်ဖြစ်လာတဲ့ အနေအထားအရမှာဆိုရင်လည်း စားနပ်ရိက္ခာတွေလည်း လူအများနဲ့ဆိုတော့ လိုနေမှာပဲပေါ့နော်၊ အဲဒီအနွေးထည်တွေလည်း လိုနေမှာပဲပေါ့နော် ၊ ဒါပေမယ့် ဒီဟာတွေ ရေရှည် တခါတိုက်တယ် ကူညီကြတယ်၊ ဒေသတိုင်းက စေတနာရှင်တွေက ကူညီကြတယ်။ နောက်ပိုင်းကြရင် ပြန်တိုက်တယ်၊ ပြန်ဖြစ်တယ်ဆိုရင် သံသရာတော့ လည်နေတာပဲပေါ့နော်။ အခုလောလောဆယ်ကတော့ ကျမတို့ အမြင်မှာတော့ ဒီမူဆယ်မှာဆိုရင်တော့ အခုလောလောဆယ် လူတွေကတော့ ဘုန်းကြီးကျောင်းမှာရောက်နေတယ်။ တကယ်လို့ ကူညီရေးလိုအပ်ရင်လည်း စားနပ်ရိက္ခာတွေကတော့ လိုလာမှာပဲပေါ့နော် အဲဒီဟာတွေတော့ အရင်ဆုံးဖြည့်ဆည်းပေးရမယ့်အရာ နောက်သူတို့ရဲ့ လုံခြုံရေး၊ နောက်သူတို့ဒေသတွေကို ဘေးကင်းကင်းနဲ့ပြန်နိုင်ဖို့ အဲဒါတွေကတော့ တဆင့်ချင်းလုပ်ဆောင်သွားရမှာပဲရှင့်။”

ရှမ်းလူငယ်ကွန်ရက်အဖွဲ့က ရှမ်းလူငယ်တွေအနေနဲ့လည်း အခု ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ဘက်က စစ်ပြေးဒုက္ခသည်တွေကို သွားရောက်ကူညီစောင့်ရှောက်ပေးဖို့ စီစဉ်ဆောင်ရွက်နေကြတယ်လို့ ရှမ်းလူငယ်ကွန်ရက်က စိုင်းနော်စိုင်းကလည်းပြောပါတယ်။

“ရုတ်တရက်ကြီး အဲလိုဖြစ်လာတဲ့အခါကျတော့ ကျောင်းမှာလည်း ချက်ခြင်းတော့ တာဝန်မယူနိုင်ဘူးထင်တယ်။ အဲဒါကြောင့် စားဖို့သောက်ဖို့ကတော့ အရေးကြီးတယ်ပေါ့နော် အဲဒါလေးတွေလိုအပ်မှာပါ။”

နယ်မြေမတည်ငြိမ်မှုတွေနဲ့ မကြာခဏစစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ အရင်တိုက်ပွဲတွေကြောင့် နေရပ်ရင်းမပြန်နိုင်သေးတဲ့ စစ်ပြေးဒုက္ခသည်တွေအပြင် အခုလက်တလော စစ်ရေးတင်းမာမှုတွေကြောင့် အသက်လုပြေးခဲ့ရတဲ့ ဒုက္ခသည်တွေအရေးကို NLD အစိုးရအနေနဲ့ အလေးအနက်ထားဖြေရှင်းပေးသင့်တယ်လို့လည်း ရှမ်းဒုက္ခသည်အရေး ကူညီပေးနေသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG