သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင် ပဋိပက္ခကြား အရပ်သားတွေ ကာကွယ်ဖို့ HRW တောင်းဆို


လက်နက်ကိုင် ပဋိပက္ခကြား အရပ်သားတွေ ကာကွယ်ဖို့ HRW တောင်းဆို
လက်နက်ကိုင် ပဋိပက္ခကြား အရပ်သားတွေ ကာကွယ်ဖို့ HRW တောင်းဆို

ထိုင်း၊ မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ်ထဲမှာ မြန်မာစစ်အစိုးရ တပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ DKBA ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့လကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာမှာ နှစ်ဘက်စလုံးက အရပ်သား ပြည်သူတွေရဲ့ လုံခြုံရေးကို ထည့်မတွက်ခဲ့ကြဘူးလို့ လူ့အခွင့်အရေးတွေကို စောင့်ကြည့်လေ့လာ မှတ်တမ်းတင်နေတဲ့ Human Rights Watch အဖွဲ့က ပြောပါတယ်။ အထူးသဖြင့် ပြည်သူတွေဟာ အစိုးရတပ်တွေရဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ပေါ်တာဆွဲခံရမယ့် အရေးကို စိုးရိမ်နေရတဲ့အကြောင်း စနေနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ နှစ်ဘက်လုံးက အပြန်အလှန် ပစ်ခတ်မှုတွေကြားမှာ အပြစ်မဲ့ ရွာသူရွာသားတွေနဲ့ သူတို့ရဲ့ နေအိမ်တွေပါ ပျက်စီးဆုံးရှုံးခဲ့ရတာကိုလည်း မျက်မြင် ကြုံတွေ့ခဲ့ရသူတွေရဲ့ ပြောဆိုချက်တွေကို ဒီအစီရင်ခံစာထဲမှာ ထည့်သွင်းထားပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ မြန်မာစစ်အစိုးရ တပ်တွေနဲ့ DKBA တပ်ဖွဲ့တွေကြားက စစ်ပွဲတွေမှာ အရပ်သား ထိခိုက်မှုကို ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကို နှစ်ဘက်စလုံးက မကြိုးစားခဲ့သလို အရပ်သား ပြည်သူတွေရဲ့ နေအိမ်တွေ အတော်များများ ပစ်ခတ် ဖျက်ဆီးခံခဲ့ရပြီး နိုဝင်ဘာလကတည်းကစလို့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာရတဲ့ ဒုက္ခသည်ဦးရေဟာ ၂၀,၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ပြောပါတယ်။ ဒါ့အပြင် နှစ်ဘက်စလုံးက အထူးသဖြင့်တော့ မြန်မာစစ်အစိုးရဘက်က စစ်တပ်အတွက် ရွာသားတွေကို ပေါ်တာဆွဲဖို့ ကြိုးစားတာတွေ ရှိနေတဲ့အတွက် ရွာသားတွေ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေဟာ စစ်ပွဲတွေဖြစ်ရင်တောင် အရပ်သားတွေကို အကာအကွယ် ပေးရမယ်ဆိုတဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ဆိုဖီ ရစ်ချတ်ဒ်စန် (Sophie Richardson) က ပြောပါတယ်။

“အဓိကပြဿနာက နိုင်ငံတကာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ် ပေးရမယ်၊ အရပ်သား ထိခိုက်ပျက်စီးမှုကို တတ်နိုင်သလောက် လျှော့ချရမယ်ဆိုတဲ့ အချက်ကို ခုချိန်မှာ နှစ်ဘက်စလုံးက အကြီးအကျယ် ကျူးလွန်နေတာပါ။ နောက်ပြီး ကျမတို့ အခုတွေ့ရတာက အထူးသဖြင့် မြန်မာစစ်တပ်ဘက်က ရွာသားတွေကို ပေါ်တာဆွဲတာ၊ မုဒိမ်းကျင့်တာ အပါအဝင် တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ဒီလိုပဲ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ချိုးဖောက်တာတွေလည်း ရှိနေပါတယ်။”

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ အပစ်ရပ် DKBA တပ်ဖွဲ့တွေက မြဝတီမြို့မှာရှိတဲ့ အစိုးရရုံးတချို့ကို ဝင်ရောက် စီးနင်းခဲ့ပြီးတဲ့ နောက်ပိုင်းကစလို့ ကရင်ပြည်နယ်တွင်း အထူးသဖြင့် ဖလူး၊ ဝေါ်လေနဲ့ ဘုရားသုံးဆူ ဒေသတွေမှာ အခုလို တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒီလိုတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည် ၂၀,၀၀၀ ကျော်အထိ ရှိခဲ့ပြီး သူတို့ထဲက တချို့ကို ထိုင်းအစိုးရက နေရပ်ရင်း ပြန်ပို့ခဲ့တာတွေ ရှိပေမဲ့ အခုထိ ထွက်ပြေးလာနေရတဲ့ ဒုက္ခသည်တွေလည်း ရှိနေတုန်းပဲလို့ ဆိုဖီ ရစ်ချတ်ဒ်စန်က ပြောပြပါတယ်။

“ထိုင်းအစိုးရဘက်က မြန်မာဒုက္ခသည်တွေကို အတိုင်းအတာ တခုအထိ သူ့နိုင်ငံထဲ ဝင်ရောက် ခိုလှုံခွင့်ပေးတာ၊ အစားအစာ၊ နေရာထိုင်ခင်း၊ အဝတ်အစားနဲ့ တခြား လိုအပ်တဲ့ အကူအညီတွေလည်း ပေးပါတယ်။ ဒါပေမဲ့ ကျမတို့ စိုးရိမ်တာက ဒီဒုက္ခသည်တွေကို ထိုင်းအစိုးရက စစ်ပွဲတွေ မပြီးသေးဘဲနဲ့ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တာမျိုး မလုပ်ဖို့ပါ။ ပြီးခဲ့တဲ့ ၂ ပတ်လောက် အတွင်းမှာ ဒုက္ခသည်တွေ ပြန်ပို့ရေး၊ မပို့ရေးက ပြဿနာတခု ဖြစ်နေတာပါ။ ဒါကြောင့် ထိုင်းအစိုးရ အနေနဲ့ လုံခြုံစိတ်ချရတဲ့ အနေအထားကိုရောက်မှ ဒီဒုက္ခသည်တွေကို ပြန်ပို့ပါမယ် ဆိုတာကို ထပ်ပြီး လူသိရှင်ကြား အခိုင်အမာ ကတိပေးပြောဆိုဖို့ လိုပါတယ်။”

ပြီးခဲ့တဲ့ သောကြာနေ့အထိ ဖလူးကျေးရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတုန်း ဖြစ်ပြီး ဒီလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတုန်း ဖြစ်တာကြောင့် အခြေအနေ လုံခြုံစိတ်ချရမှု မရှိသေးခင် ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်ပို့တာတွေ မလုပ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ထိုင်းအစိုးရကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။ အခုလို အရပ်သား ပြည်သူတွေ အမြောက်အမြား ထိခိုက်ရတဲ့ အခြေအနေဟာ လက်ခံနိုင်စရာ မဟုတ်တဲ့အကြောင်း နိုင်ငံတကာ အနေနဲ့ မြန်မာစစ်အစိုးရသိအောင် လုပ်သင့်တယ်လို့လည်း ဆိုဖီ ရစ်ချတ်ဒ်စန်က ပြောပါတယ်။

“နိုင်ငံတကာ အစိုးရတွေ အနေနဲ့ အခုလို မြန်မာစစ်တပ်က အရပ်သား ပြည်သူတွေကို တိုက်ခိုက်တဲ့ ကိစ္စကို ဘယ်လိုမှ လက်မခံနိုင်ဘူး ဆိုတာကို မြန်မာစစ်အစိုးရသိအောင် ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုသင့်ပါတယ်။ နဂိုကတည်းကမှ ဆိုးရွားနေပြီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို အခုလုပ်ရပ်မျိုးက ပိုပြီး ထိခိုက်စေမှာပါ။ တခါ ထိုင်းအစိုးရ အနေနဲ့ မြန်မာဒုက္ခသည်တွေကို လုံခြုံစိတ်ချရတဲ့ အခြေအနေ မရှိဘဲ နေရပ်ရင်း ပြန်ပို့တာတွေ မလုပ်ဖို့ကိုလည်း နိုင်ငံတကာ အစိုးရတွေ အနေနဲ့ ဖိအားပေးသင့်သလို ခုချိန်မှာ ဒုက္ခသည်တွေ လိုအပ်တဲ့ အကူအညီတွေကိုလည်း ဝိုင်းဝန်းပေးသင့်ပါတယ်။”

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ဆိုဖီ ရစ်ချတ်ဒ်စန် ပြောသွားတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ အစောပိုင်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း ဒုက္ခသည်တွေ သောင်းနဲ့ချီ ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာခဲ့ကြသလို အခုချိန်ထိလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ နောက်ထပ် ဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာနေတုန်းပဲ ဖြစ်ပါတယ်။

XS
SM
MD
LG