သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအပြီး ဒေါ်စုကို ပြန်လွှတ်မည်


၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပနေစဉ်။ အောက်တိုဘာ ၂၈၊ ၂၀၁၀။
၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပနေစဉ်။ အောက်တိုဘာ ၂၈၊ ၂၀၁၀။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးညီလာခံမှာ ခေါင်းဆောင်တွေဟာ စီးပွားရေးနဲ့ ဒေသတွင်း ပေါင်းစည်းရေး ကိစ္စရပ်တွေအပေါ် အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာပြည်က အငြင်းပွားစရာ ဖြစ်နေတဲ့ ရွေးကောက်ပွဲ ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ရပြီး နေအိမ်အကျယ်ချုပ် လွတ်ရက်စေ့တော့မယ့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးထားဖို့ အကြောင်းမရှိဘူးလို့ အာဆီယံက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဟနွိုင်းမြို့ကနေ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ရဲ့ ဆောင်းပါးကို အခြေခံပြီး မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

အာဆီယံ ဒေသတွင်း ခေါင်းဆောင်တွေဟာ အခု ဟနွိုင်းမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ ဒေသတွင်း စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ စိုးရိမ်ရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး EU ဥရောပသမဂ္ဂလို ဒေသတွင်း နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်အောင် လုပ်ဆောင်မယ့် အစီအစဉ်ကို သဘောတူကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် အာဆီယံ ခေါင်းဆောင်တွေဟာ မြန်မာပြည်မှာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် လုပ်ဆောင်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း စိုးရိမ်မှုတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့၊ အားလုံးပါဝင်နိုင်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အစိုးရကို တိုက်တွန်း ပြောဆိုနေကြတာပါ။

ဒါပေမဲ့လို့လည်း ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဒီရွေးကောက်ပွဲကို လာရောက် စောင့်ကြည့်မယ့် နိုင်ငံခြားက လေ့လာသူတွေနဲ့ သတင်းထောက်တွေကို ဝင်ခွင့်မပြုဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက ဆက်ပြီး ဖမ်းထားစရာ အကြောင်းမရှိဘူးလို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) က အခုလို ပြောခဲ့ပါတယ်။

“သူ့ကို နေအိမ်မှာ ဆက်ဖမ်းထားဖို့ ဘာအကြောင်းမှ မရှိပါဘူးလို့ ကျနော်တို့ကို ပြောပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ စောင့်ရလိမ့်မယ်ဆိုပြီး ရှင်းရှင်းလင်းလင်း မဟုတ်တဲ့ ကတိကဝတ်မျိုးပါ။ ရွေးကောက်ပွဲအပြီး ၂ ရက် ၃ ရက်လောက်ဆို ဖမ်းထားတဲ့ သက်တမ်းကလည်း ကုန်ပါပြီလို့ ဆိုပါတယ်။”

ဒါ့အပြင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ကိစ္စ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ဖိအားပေးခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို (Alberto Romulo) က ပြောပါတယ်။

“သူ့ကို ကျနော်တို့ ဖိအားပေးခဲ့ကြပါတယ်။ သိတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ့်အချိန် ကျနေပါပြီ။ ဒါ့အပြင် သူ့ကို နောက်ထပ် ပြန်ဖမ်းချုပ်ထားဖို့ အမှုလုပ်တာမျိုးလည်း မရှိသင့်ပါဘူး။”

ဒီလို ဖိအားပေး ပြောဆိုမှုကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ငြင်းဆိုခဲ့ခြင်း မရှိဘူးလို့လည်း မစ္စတာ ရိုမူလိုက ဆက်ပြောခဲ့ပါတယ်။

“သူ ကျနော်တို့ကို ပြန်ပြောတာကတော့ ဘယ်လိုခေါ်လဲတော့ မသိပါဘူးဗျာ၊ တရားရုံးက ပြဋ္ဌာန်းထားတဲ့ သက်တမ်းကုန်တဲ့အခါ သူ့ကို ပြန်လွှတ်မှာပါတဲ့။”

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ရက်ဟာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကုန်ဆုံးမယ်လို့ သူတို့အားလုံး နားလည်ထားတဲ့ အကြောင်းနဲ့ ဒါကိုလည်း မြန်မာစစ်အစိုးရ အနေနဲ့ အငြင်းပွားစရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အာဆီယံ ခေါင်းဆောင်တွေဟာ မြန်မာပြည်ကိစ္စ ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကနေ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ အကျယ်ချုပ် ၁ နှစ်ခွဲ ဖမ်းဆီးထိန်းသိမ်းထားတာ နိုဝင်ဘာလ ၁၃ ရက်နေ့ဆိုရင် ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်မှာ ရွေးကောက်ပွဲ ကျင်းပပြီး နောက် ၆ ရက် အကြာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် ချထားတဲ့အမှု အထူးအယူခံလွှာကို မနက်ဖြန် အောက်တိုဘာလ ၂၉ ရက်နေ့မှာ နေပြည်တော် တရားရုံးချုပ်မှာ ကြားနာမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ကြားနာတဲ့အခါမှာ တရားဥပဒေ စိုးမိုးမှုဟာ အဓိကကျသလို တရားရုံးက နိုင်ငံတော်ရဲ့ တရားဥပဒေ စိုးမိုးမှုကို ဘယ်လောက်ထိ လိုက်နာမလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ ကြာသပတေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ ၃ ဦးဟာ နေပြည်တော်ကို မနက်ဖြန် တရားရုံးချိန်းအတွက် ရန်ကုန်ကနေ ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

XS
SM
MD
LG