သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် မိုးကြီး မြေပြိုမှုအတွင်း သေဆုံးမှုများရှိ


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုလို့ ၂ နိုင်ငံဘက်လုံးမှာ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ သေဆုံးသူ ၁၉ ယောက် အနည်းဆုံးရှိခဲ့ပြီး ဘူးသီးတောင် မောင်တောဘက်မှာ ထိခိုက်မှု အများဆုံး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူနေရပ်ကွက် အတော်များများမှာ ဆိုရင်လည်း မိုးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ပြောပြကြပါတယ်။ လတ်တလောမှာတော့ ဒေသတွင်းမှာရှိတဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်း တချို့က အရေးပေါ် အကူအညီပေးရေး အစီအစဉ်တွေ စတင် ဆောင်ရွက်နေတာတွေ ရှိပြီလို့လည်း ဆိုပါတယ်။

ဒါပေမဲ့လည်း မိုးသည်းထန် ရေကြီးတဲ့အတွက် လမ်းတွေပျက်စီး ပြတ်တောက်နေပြီး ကူညီကယ်ဆယ်ရေးတွေ လာဖို့ အခက်အခဲ ဖြစ်နေပါတယ်။

မြန်မာနဲ့ ကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းမှာလည်း မိုးကြီး မြေပြိုလို့ ၄၇ ယောက် အနည်းဆုံး သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ပိုင်း ကမ်းရိုးတန်း ဒေသဖြစ်တဲ့ ကော့က်စ် ဘဇား (Cox’s Bazar) မှာ ဒီနေ့ အင်္ဂါနေ့ မြေပြိုမှု ဖြစ်ခဲ့တာပါ။ သေဆုံးသူတွေကို ဆက်ပြီး ရှာဖွေနေတာနဲ့အတူ သေဆုံးသူ အရေအတွက် များလာနိုင်ပါတယ်။

စစ်သားတွေ စခန်းချနေတဲ့ နေရာမှာ မြေပြိုသွားလို့ စစ်သား ၆ ယောက် သေဆုံးပြီး ၄ ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာလည်း မြေပြိုတဲ့ နေရာတွေဆီ အကူအညီတွေ ရောက်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နေတယ်လို့ မိုးလေဝသ ခန့်မှန်းချက်တွေက ပြောပါတယ်။

ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းမှာ မုတ်သုန်လေ အသင့်အတင့် ရှိနေပြီး ကျန် ဘင်္ဂလား ပင်လယ်အော်ထဲမှာ မုတ်သုန်လေ အားကောင်းနေတယ်လို့ မြန်မာအစိုးရထုတ် သတင်းစာထဲမှာ မိုးလေဝသ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG