သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိစစ်ရေးသစ် လက်စွမ်း မဂ္ဂဇင်း ထုတ်စရာ စာမကျန်


မြန်မာနိုင်ငံမှာ လစဉ်ထုတ် မဂ္ဂဇင်းတစောင်ဖြစ်တဲ့ စတိုင်သစ် မဂ္ဂဇင်းက အာဇာနည်နေ့ အထိမ်းအမှတ် ဇူလိုင်လ အထူးထုတ်အတွက် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးသားတဲ့ ဆောင်းပါး ထည့်သွင်း ဖော်ပြတာကို စာပေစိစစ်ရေးက ပယ်ချခဲ့သလို တခြားစာမူတွေကိုပါ ဖြတ်တောက် ပယ်ချတာတွေ များတာမို့ ဒီလမဂ္ဂဇင်းကို အချိန်မီ ထုတ်ဝေဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လု့ိ ပြောပါတယ်။ အလားတူ ဒီဇူလိုင်လတွင်း အာဇာနည်နေ့အတွက် အထူးထုတ်ဝေကြမယ့် အခြား မဂ္ဂဇင်းနဲ့ ဂျာနယ်တွေလည်း အလားတူ အခက်အခဲတွေ တွေ့နေကြတယ်လို့ ပြောပါတယ်။ ဒီလို စာပေမဂ္ဂဇင်းတွေရဲ့ အခက်အခဲ၊ အခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အထူးထုတ်ဝေဖို့ စီစဉ်ထားတဲ့ စတိုင်သစ် မဂ္ဂဇင်းထဲက စာမူတွေကို စာပေစိစစ်ရေးက ပယ်ချ ဖြတ်တောက်ပစ်တာမို့ အရင် စာမျက်နှာ ၂၀၀ ကျော်နဲ့ အထူးထုတ်ဝေဖို့ စီစဉ်ထားပေမဲ့ အခုတော့ စာမျက်နှာ ၁၀၀ ပဲ ကျန်တော့တဲ့ ပြဿနာ ဖြစ်နေပါတယ်။ အထူးသဖြင့် အာဇာနည်နေ့အတွက် ဇူလိုင်လထဲမှာ အထူးထုတ်ဝေကြဖို့ ပြင်ဆင်နေကြတဲ့ ဆောင်းပါးတွေထဲက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးသားထားတဲ့ ဆောင်းပါးတွေကို တင်သွင်းပြီး ခွင့်ပြုချက် တောင်းပေမဲ့ မရခဲ့ဘူးလို့ ဒီကိစ္စကို အတွင်းကျကျ သိထားသူတဦးက အခုလို ပြောပါတယ်။

“ဗိုလ်မှူးတင့်ဆွေ နေပြည်တော်ကို ပြောင်းသွားပြီ။ ပြောင်းသွားပြီး ဒုတိယဗိုလ်မှူးကြီး မျိုးညွန့်မောင်(ရေ) တာဝန်ယူတဲ့ အချိန်ကစပြီး နဂိုကလည်း ကျပ်တာပေါ့၊ အခု သူတာဝန်ယူတဲ့ အချိန်က ပိုကျပ်လာတာ။ ချပေးတဲ့အထဲမှာ ဇူလိုင် အဖြုတ်ခံရတာများလို့ ဒီအတိုင်းသာဆို စာမျက်နှာ ၂၁၂ မျက်နှာမှာ စာမျက်နှာ ၁၀၀ ကျော်လောက်ပဲ ကျန်တော့တယ်။ ကဗျာ ၁၄ ပုဒ်မှာ ၁၀ ပုဒ် အဖြုတ်ခံရတယ်။ ကာတွန်း ၂ ပုဒ်စလုံးလည်း အဖြုတ်ခံထားရတယ်။ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အထူးဆောင်းပါးဖြစ်တဲ့ ဗိုလ်ချုပ်ကိုယ်တိုင် ရေးထားတဲ့ ဆောင်းပါးတောင် ဖြုတ်ယူသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကို အသားပေးရေးတယ်လို့ ဖြုတ်ပစ်တဲ့လူကို မှတ်ချက်လေး ထိုးထားတာ တွေ့တယ်။

“ပြီးတော့ ၁၉၄၇၊ ဇူလိုင်လ နေ့လယ် ၂ နာရီဆိုတဲ့ ဆောင်းပါးကိုလည်း သူက ဖြုတ်လိုက်ပါတယ်။ နောက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပထမအကြိမ် ရခိုင်အရေးဆိုတဲ့ ဆောင်းပါးကိုလည်း ဖြုတ်ပါတယ်။ ဗိုလ်စကြာရဲ့ စကားတခွန်း ဆိုတဲ့ ဆောင်းပါးကိုလည်း ဖြုတ်တယ်။ ပြီးတော့ တရုတ်ပြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတခု ဆိုရင်လည်း တရုတ်ကို အဆိုးမြင်နဲ့ ရေးထားတဲ့ ဆောင်းပါးထင်လို့ သူတို့ ဖြုတ်လိုက်ပါတယ်။

“နောက် ရုရှား ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ရေးထားတဲ့ ဆောင်းပါးတခုကိုလည်း ဖြုတ်ပါတယ်။ လက်နက်ထိန်းချုပ်ရေး ဆောင်းပါးတခုကိုလည်း ဖြုတ်ပါတယ်။ ဆရာမ သန်းမြင့်အောင် အကြောင်း ရေးထားတဲ့ ဆောင်းပါးကိုလည်း ဖြုတ်ပါတယ်။ ဟစ်တလာလို လူမျိုးတွေ ထပ်မပေါ်ဖို့ဆိုပြီး ဆရာတယောက် ရေးထားတဲ့ ဆောင်းပါးကလည်း ဖြုတ်ပါတယ်။ ဒီလိုပုံစံမျိုးနဲ့ဆိုရင် မဂ္ဂဇင်း ရပ်တည်ဖို့က တော်တော်လည်း ခက်သွားတယ်။”

အခု စတိုင်သစ် မဂ္ဂဇင်း ကြုံနေရသလို ပြဿနာမျိုးအပြင် တခြား ဇူလိုင်လအတွက် အထူးထုတ်ဝေကြဖို့ စီစဉ်နေကြတဲ့ သတင်းနဲ့ ဂျာနယ် မဂ္ဂဇင်း တချို့မှာလည်း အလားတူ ပြဿနာမျိုး ရင်ဆိုင်နေရတာ ရှိတယ်လို့ သူက ပြောပါတယ်။

“ပြဿနာတွေ အခုက တော်တော်ဆိုးလာတယ်ဆိုတာ ဒီလို ဇူလိုင် အထူးထုတ်တွေမှာ အဲဒီလို အခက်အခဲတွေ တွေ့နေကြတယ်လို့ ပြောကြတယ်။ ဥပမာ ရနံ့သစ် မဂ္ဂဇင်းလို တချို့ ဆောင်းပါးအသားပေး မဂ္ဂဇင်းတွေဆိုရင် ဇူလိုင် အထူးထုတ် ဆောင်းပါးများရင် သူတို့က ပိုပြီးတော့ ဂရုစိုက်တယ်။ တပုဒ် နှစ်ပုဒ် ပါတာလောက်ဆိုရင်တော့ တမျိုးပေါ့လေ။ ဒါပေမဲ့ အခု ဇူလိုင် အထူးထုတ်အနေနဲ့ လုပ်တဲ့ပုံစံဆိုတော့ အဲလိုဖြစ်တာ။ စတိုင်သစ်က ပုံမှန်ထက် တပတ်လောက် နောက်ကျကျပြီးတော့ Permission ချပေးတယ်၊ စာမူကြမ်း တင်ထားတာကို ချခိုင်းတယ်။ ဒီမဂ္ဂဇင်းက ထွက်ရက် နောက်ကျတဲ့အပြင် ရန်ကုန်မှာ ရုံးတင်တာ ကြာပြီးတော့ တပတ်လောက် နောက်ကျပြီး ထုတ်တာ၊ ဒီလို ဖြုတ်ခံရပြီး ပြန်တင်ရင်တော့ မဂ္ဂဇင်းက လတွေ ကျော်ကုန်တာပေါ့၊ တော်တော်ကို ခက်သွားတယ်။”

တခါ စာပေစိစစ်ရေးမှာ နောက်ထပ် ဖွဲ့စည်းလိုက်တဲ့ ၁၂ ဦးပါ သတင်းဂျာနယ် စိစစ်ရေးအဖွဲ့ စတင်လိုက်ပြီးကတည်းက အရင်ကထက် ပိုပြီး စိစစ်မှုတွေ တင်းကျပ်လာနေတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းတွင်း ၁၂ ဦးပါ ဂျာနယ်စိစစ်ရေး အဖွဲ့ကြီးကို စတင်လိုက်ပေမဲ့ အရင် စာပေစိစစ်ရေးက တာဝန်ရှိသူတွေပဲ ဖြစ်ပြီး ၃ ယောက်ပါ အဖွဲ့ ၄ ဖွဲ့ကနေ ၁၂ ဦးပါ အဖွဲ့တခုတည်းကို ပြောင်းလိုက်တာဖြစ်ပြီး မူလည်းမပြောင်း၊ လူလည်းမပြောင်းလေတော့ စာပေစိစစ်ရေး အဖွဲ့ထဲမှာ ဘာမှ ထူးထူးခြားခြား မရှိလာဘူးလို့လည်း စာပေ အသိုင်းအဝိုင်းက ပြောပါတယ်။ အထူးသဖြင့် ဒီလပိုင်းတွေ အတွင်းမှာ နိုင်ငံရေးဆိုင်ရာ သတင်း ဆောင်းပါးတွေကို တင်းတင်းကျပ်ကျပ် စိစစ်နေတယ်လို့လည်း သူက ပြောပါတယ်။

“အရင် ဂျာနယ်တွေထဲမှာ နိုင်ငံရေးဖြတ်ဖို့ဆိုပြီး ထည့်ထားတာတောင်မှ နိုင်ငံရေးဖြတ်ဖို့ ဆိုတဲ့ စာကို မသုံးရတော့ဘဲ ရိုးရိုးဆောင်းပါး ပုံစံနဲ့ ပြောင်းပြီးတော့၊ နိုင်ငံရေး ဖြတ်ဖို့ဆိုပြီး လေးလိုင်းစာလုံးကြီးတွေနဲ့ တင်တဲ့ ဂျာနယ်တွေရှိတယ်။ အဲဒီဂျာနယ်တွေတောင်မှ မတင်ရဘဲ ရိုးရိုးစာမျက်နှာနဲ့ ပုံမှန်အနေနဲ့ပဲ Highlight မလုပ်ဘဲနဲ့ ဖော်ပြနေတာ တွေ့ရတယ်။”

အာဇာနည်နေ့အတွက် ဇူလိုင်လအတွင်း အထူးထုတ်ဝေကြမယ့် မဂ္ဂဇင်းနဲ့ ဂျာနယ်တချို့ စာမူခွင့်ပြုချက်တွေ မရလို့ အခက်အခဲ ဖြစ်နေကြတဲ့ အခြေအနေတချို့ကို ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG