သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်တန်းအဆင့် မြန်မာ့ကော်ဖီ အမေရိကန်ကို ပထမဆုံးတင်သွင်း


(Credit: The Bridge Together)
(Credit: The Bridge Together)

မြန်မာနိုင်ငံထွက် အထူးတန်းဝင် ကော်ဖီစေ့ စီးပွားဖြစ်ပမာဏကို အမေရိကန်ပြည်ထောင်စုက ပထမဆုံးအကြိမ်တင်သွင်းခဲ့ပါတယ်။ အထူးတန်းဝင် ကော်ဖီစေ့ ကီလို ၆၀ ပါ အိတ်ပေါင်း ၆၀၀ ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က နာမည်ကြီး Supermarket တခုဖြစ်တဲ့ Whole Foods အပြင် ကော်ဖီရောင်းတဲ့ လုပ်ငန်းတွေက မြန်မာ့ကော်ဖီစေ့တွေကို ဝယ်ယူထားပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုအစီအစဉ် USAID အပါအဝင် အမေရိကန်အဖဲ့ွအစည်းတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံထွက် အထူးတန်းဝင် ကော်ဖီတွေ အမေရိကန်ကို ပထမဆုံးအကြိမ် တင်ပို့နိုင်တဲ့အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပါလိမ့်မယ်။

မြန်မာနိုင်ငံ ကုန်းမြင့်ပိုင်းမှာ စိုက်ပျိုးတဲ့ Arabica အမျိုးအစား အထူးတန်းဝင် ကော်ဖီစေ့ ကီလို ၆၀ ပါ အိတ်ပေါင်း ၆၀၀ ကို Seattle မြို့အခြေစိုက် Atlas Coffee Importers ကုမ္ပဏီကနေ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ La Colombe ဆိုတဲ့ ကုမ္ပဏီက မြန်မာ့ကော်ဖီစေ့ မိတ်ဆက်ပွဲကို သြဂုတ်လ ၂၃ ရက်နေ့ အင်္ဂါနေ့က ဝါရှင်တန်မြို့တော်မှာ လုပ်ပါတယ်။ ပွဲလာတက်တဲ့ မြန်မာနိုင်ငံ ကော်ဖီအသင်း အတွင်းရေးမှူး ကိုစိုင်းဝမ်းက အမေရိကန်က ဝယ်ယူခဲ့တဲ့ မြန်မာ့ကော်ဖီအကြောင်းကို ဗွီအိုအေမြန်မာပိုင်းကို ခုလို ပြောပါတယ်။

“အဓိက ကျနော်တို့ရဲ့ Container ၂ လုံးကို ဝယ်တာကတော့ Seattle မှာ အခြေစိုက်တဲ့ Atlas ဆိုတဲ့ Coffee Importers ကနေပြီးမှ ဝယ်တာပေါ့နော် ကျနော်တို့ မြန်မာနိုင်ငံကနေပေါ့။ ဝယ်ပြီးတော့မှ Whole Foods ကုမ္ပဏီကလည်း သူတို့ စူပါမားကက်မှာ တင်ရောင်းဖို့အတွက် မြန်မာကော်ဖီကိုလည်း ဝယ်တယ်ပေါ့နော်။ ထို့အတူပဲ ဒီမှာရှိတဲ့ La Colombe ဆိုတဲ့ ကော်ဖီကုမ္ပဏီကလည်း မြန်မာနိုင်ငံက ကော်ဖီကို သူတို့ ဝယ်ထားတယ်ပေါ့။ နောက်တခါ တခြားကုမ္ပဏီတွေကိုလည်း Atlas Coffee ကုမ္ပဏီကနေမှ တဆင့် ပြန်ပြီးတော့ ဖြန့်ပေးတာပေါ့။ ကျနော် သိသလောက်ကတော့ Whole Foods က ၄၁ အိတ်ဝယ်ထားတယ်။ La Colombe ကတော့ ၁၀ အိတ်ဝယ်ထားတယ်။ အိတ်ပေါင်း ၆၀၀ မှာ နယူးယောက်ကို ရောက်တာကတော့ အိတ် ၃၀၀ လောက်ရောက်တယ်။ ပြီးတော့ West Coast ဖြစ်တဲ့ Seattle ကိုကျတော့ အိတ် ၃၀၀ လောက် တင်ပို့တယ်ပေါ့။ အဲတော့ အမေရိကားရဲ့ East ဘက်နဲ့ West ဘက်ကို Container တလုံးဆီ သွားတာပေါ့။”

အခုလို မြန်မာနိုင်ငံက ကော်ဖီစေ့တွေ အမေရိကန် ဈေးကွက်ထဲအထိ ထိုးဖောက်နိုင်ဖို့အတွက် အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီပေးနေတဲ့ USAID ရဲ့ ထောက်ပံ့မှုနဲ့ Winrock International ဆိုတဲ့အဖွဲ့ကနေ စိုက်ပျိုးမှုပိုင်းကနေ ထုတ်လုပ်မှုပိုင်းအထိ အကူအညီတွေပေးခဲ့တယ်လို့ ကိုစိုင်းဝမ်းက ပြောပါတယ်။

“၂၀၁၅ မှာ မြန်မာနိုင်ငံကော်ဖီအသင်းဆိုပြီး စ ဖွဲ့ဖြစ်တယ်။ ကော်ဖီအသင်းဆိုပြီး စ ဖွဲ့တဲ့အချိန်မှာပဲ USAID ရဲ့ ထောက်ပံ့မှုနဲ့ Winrock International ဆိုတဲ့ NGO အဖွဲ့တခုက မြန်မာနိုင်ငံမှာ ကော်ဖီ value change ကို အားပေးချင်တာရယ်၊ quality မြှင့်တင်ချင်တာရယ်၊ ကော်ဖီစိုက်ပျိုးတဲ့ တောင်သူ ငယ်လေးတွေပေါ့ မြှင့်တင်ပေးချင်တာရယ်၊ သူတို့ရဲ့ လူနေမှုဘဝတွေကို မြှင့်တင်ပေးချင်တာပေ့ါနော် အဲဒါမျိုးတွေ လုပ်ချင်တဲ့အတွက် မြန်မာနိုင်ငံ ကော်ဖီအသင်းနဲ့ ပူးပေါင်းပြီးတော့ အရည်အသွေးမြင့်တဲ့ ကော်ဖီတွေကို ဘယ်လိုထုတ်ရတယ်ဆိုတာကို သူတို့က နည်းပညာပံ့ပိုးပေးတယ်။ စက်ပစ္စည်းတွေလည်း ပံ့ပိုးပေးတယ်။ တနှစ်လောက်လုပ်ပြီးတဲ့အခါမှာ ထွက်ရှိလာတဲ့ ကော်ဖီအရည်အသွေးတွေကို Winrock International ကပဲ အမေရိကားမှာရှိတဲ့ SCA လို့ခေါ်တဲ့ Specialty Coffee Association of America ရယ်၊ နောက်တခါ CQI လို့ခေါ်တဲ့ Coffee Quality Institute က ပုဂ္ဂိုလ်တွေကို ဖိတ်ပြီးတော့ မြန်မာနိုင်ငံမှာ cupping event လေးတခု လုပ်တယ်ခင်ဗျ။ ၂၀၁၅ မေလမှာ တကြိမ်လုပ်တယ်။ ဒုတိယတကြိမ်ကျတော့ ၂၀၁၆ မတ်လမှာ ကျနော်တို့လုပ်တယ်။ ဆိုတော့ အဲဒီ cupping အသင်းကနေထွက်လာတဲ့ အထူးတန်းဝင်တဲ့ ကော်ဖီတွေကိုမှ Winrock International ကနေ အမေရိကားမှာရှိတဲ့ Coffee Importers တွေနဲ့ ကျနော်တို့ကို ချိတ်ဆက်ပေးတယ်။ ချိတ်ဆက်ပေးပြီးတော့မှ ခုနကပြောတဲ့ အရည်အသွေးရှိတဲ့ ကော်ဖီတွေကို အမေရိကားမှာရှိတဲ့ Atlas Coffee Importers ကနေမှ တင်သွင်းခြင်းဖြစ်ပါတယ်။”

သူပြောသွားတဲ့ထဲက cupping event ဆိုတာကတော့ ကော်ဖီကို အမြည်းသောက်ကြည့်ပြီးတော့ အရည်အသွေးအဆင့် သတ်မှတ်တာဖြစ်ပါတယ်။ အဲဒီမှာ မြန်မာ့ကော်ဖီတွေဟာ အထူးတန်းဝင် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

“Cupping လုပ်လိုက်တဲ့အချိန်မှာ ထွက်လာတဲ့ အမှတ်ပေါ့နော် အမှတ် ၈၀ ကျော်တယ်ဆိုရင် သူက အရည်အသွေး အဆင့်အတန်းဝင်တယ်လို့ သတ်မှတ်ထားပါတယ်။ ကျနော်တို့ အခု ဒီ cupping event ကို လုပ်လိုက်တဲ့အချိန်မှာ ပထမအဆင့်ကို ရတဲ့ကော်ဖီက ၈၇ မှတ်အထိ ရတယ်။ အထူးတန်းဝင်တယ်ပေါ့။”

မြန်မာနိုင်ငံမှာ စိုက်ပျိုးနေတဲ့ ကော်ဖီ ၉၀% က ကုန်းမြင့်ဒေသပိုင်းမှာ စိုက်ပျိုးတဲ့ Arabica ကုန်းမြင့်ကော်ဖီ အမျိုးအစားဖြစ်ပြီး ရှမ်းပြည်ဘက်မှာ စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေကြောင့်လည်း အရည်အသွေးကောင်းတဲ့ ကော်ဖီတွေထွက်တာဖြစ်တယ်လို့ ကိုစိုင်းဝမ်းက ပြောပါတယ်။ မှန်ကန်တဲ့ထုတ်လုပ်မှုပိုင်းအတွက် Winrock International အဖွဲ့က အသေးစားကော်ဖီ စိုက်ပျိုးသူတွေကို အဓိကထားပြီး နည်းပညာ ပံ့ပိုးမှုတွေပေးနေတာပါ။

“Winrock International ကနေ ကျနော်တို့ကို ကူညီပေးနေတယ်ဆိုတာ နည်းပညာတွေပေါ့ ဘယ်လို မှန်မှန်ကန်ကန် ထုတ်လုပ်ရမလဲ။ ဘယ်လိုနည်းပညာတွေနဲ့ လုပ်ဆောင်ရမလဲ ဆိုတာမျိုးတွေကို သင်တန်းပေးတာဖြစ်ပါတယ်။ သင်တန်းပေးတဲ့နေရာမှာလည်း သူတို့က ၁ ဧက၊ ၂ ဧကလောက်ပဲစိုက်တဲ့ ခြံပိုင်ရှင်လေးတွေပေါ့ သူတို့ကို အဓိကဦးစားပေးပြီးတော့ သင်တန်းပေးခြင်းဖြစ်ပါတယ်။”

မေး - သူတို့က ၂၀၁၉ အထိ မြန်မာနိုင်ငံမှာ ဒီအစီအစဉ်ကို လုပ်သွားမယ်လို့ ကျမတို့ သိရပါတယ်။ အဲဒီ ၂၀၁၉ အကျော်မှာ ဒီပံ့ပိုးကူညီမှုတွေ မရှိတော့ဘူးဆိုရင်ကော မြန်မာနိုင်ငံက ကော်ဖီစိုက်ပျိုးသူတွေ ထုတ်လုပ်တဲ့သူတွေ တင်ပို့တဲ့သူတွေအနေနဲ့ အခုလက်ရှိ သွားနေတဲ့ အရှိန်အဟုန်အတိုင်း အရည်အသွေးအတိုင်း ဆက်ပြီးတော့ ထိန်းထားနိုင်မယ်လို့ ထင်ပါသလားရှင့်။

“အဲဒါက အရေးကြီးဆုံး အချက်ပါပဲ။ မြန်မာနိုင်ငံ ကော်ဖီအသင်းကလည်း အများကြီး ဂရုစိုက်ပါတယ်။ နောင်တချိန် ကိုယ့်ဘာသာကိုယ် ဆက်ပြီး ရပ်တည်သွားနိုင်ဖို့အတွက်ကိုလည်း အခုကတည်းက စပြီး ပြင်ဆင်နေပါတယ်။ အဓိကကတော့ နည်းပညာပိုင်းပါပဲ။ ပံ့ပိုးမှုတွေကလည်း စက်ပစ္စည်းပိုင်းတွေလည်း တဖြည်းဖြည်းနဲ့ ပါပါလာပါတယ်။ တောင်သူငယ်လေးတွေကိုလည်း ပံ့ပိုးတယ်။ တောင်သူကြီးတွေကိုလည်း သူတို့က ပံ့ပိုးတယ်။ ကျနော်တို့က ဒီနည်းပညာတွေ ရပြီဆိုရင်တော့ အရည်အသွေးတွေကို ဆက်ပြီးတော့ ထိန်းသိမ်းသွားဖို့အတွက် သိပ်တော့ မခက်ခဲပါဘူး။ ကျနော်တို့ လုပ်နိုင်မှာပါ။”

မြန်မာနိုင်ငံကော်ဖီအသင်း အတွင်းရေးမှူး ကိုစိုင်းဝမ်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်က နိုင်ငံပိုင် ကော်ဖီခြံတွေသာရှိခဲ့ရာက ၁၉၉၉ ခုနှစ်ကစလို့ ပုဂ္ဂလိကပိုင် ကော်ဖီစိုက်ပျိုးခြံတွေ ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံကော်ဖီအသင်းကိုတော့ ၂၀၁၄ ခုနှစ်မှာ စတင်ဖွဲ့ခဲ့တာပါ။ မြန်မာ့သီးနှံထွက်ကုန်တွေ အမေရိကန်ပြည်ထောင်စုထဲ တင်သွင်းခွင့် လျှော့ပေါ့မှုတွေလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကမှာ မြန်မာနိုင်ငံက ကော်ဖီစေ့အိတ် အနည်းငယ် တင်သွင်းခဲ့ပါသေးတယ်။ ဒါပေမယ့်အထူးတန်းဝင် မြန်မာ့ကော်ဖီစေ့တွေကို စီးပွားဖြစ်ပမာဏ တင်သွင်းမှုကတော့ အခုမှ ပထမဆုံးဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG