သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ငယ်များကြောင့် အင်အားကြီး ငလျင် လှုပ်ခတ်နိုင်ဖွယ်ရှိ


USGS ငလျင်ပြမြေပုံ
USGS ငလျင်ပြမြေပုံ

ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ ဒေးဒရဲမြို့အနီးကို ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အတည်ပြုပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ လအတွင်း မြေငလျင်ငယ်လှုပ်ခတ်မှုတွေ ရှိခဲ့တာကြောင့် နောက်ဆက်တွဲ အနေနဲ့ အင်အားကြီးငလျင် လှုပ်ခတ်နိုင်တယ်လို့ မြန်မာငလျင်ကော်မတီက သတိပေးပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါ့မယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ဒေးဒရဲ ပြတ်ရွေ့ကြောကနေ အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးလှစောက အခုလို အတည်ပြု ပြောဆိုပါတယ်။

“ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ပေါ့နော်။ မြန်မာ စံတော်ချိန်က ၇ နာရီ ၄၂ မိနစ်နဲ့ ၂၀ စက္ကန့်အချိန်မှာ ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၈ မိုင်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်းပေါ့၊ ဒေးဒရဲမြို့ရဲ့ တောင်-အရှေ့တောင် ဘက် ၁၅ မိုင်ခန့် အကွာကို ဗဟိုပြုပြီးတော့ ရစ်ခ်တာစကေး အင်အားက ၄.၄ ရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားပါတယ်။”

ရန်ကုန်မြို့တွင်းက မြို့နယ်တော်တော်များများမှာ ဒီ ငလျင်လှုပ်ရှားမှုကို သိသိသာသာခံစားခဲ့ကြရသလို ဖျာပုံ၊ ဘိုကလေးနဲ့ ဒလမြို့တွေမှာလည်း လှုပ်ရှားမှုဖြစ်ပွားခဲ့တာပါ။

ဒေးဒရဲမြို့ အရှေ့တောင်ဘက်မှာ ရှိတဲ့ ဒေးဒရဲပြတ်ရွေ့ငယ်လေးတွေကနေ လှုပ်ရှားခဲ့တာဖြစ်တယ်လို့ ဦးလှစောက ဆက်ပြောပါတယ်။

“အဲဒီနားမှာ ကျနော်တို့ ပြတ်ရွေ့အသေးလေးတွေရှိတယ်လေ။ ဒေဒရဲ တောင်ဘက်၊ အရှေ့တောင်ဘက် မှာ ပြတ်ရွေ့ကြောင်းလေးတွေ ရှိပါတယ်။ ပြတ်ရွေ့ကြောင်းလေးတွေ ကနေ လှုပ်တာပါ။ အင်အားကလည်း နည်းပါတယ်။ အင်အားက ၄.၄ ဆိုတော့ အင်အားအနည်းငယ် ပဲရှိပါတယ်။”

လွန်ခဲ့တဲ့ ၂ လအတွင်း ငလျင်ငယ်တွေ သုံး၊ လေးကြိမ် လှုပ်ခတ် ခဲ့တာကြောင့် နောက်ဆက်တွဲ ငလျင်ကြီး လှုပ်နိုင်ခြေ ရှိတယ်လို့ မြန်မာမြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က အခုလို သတိပေးပြောဆိုပါတယ်။

“လွန်ခဲ့တဲ့ ၁ လ၊ ၂ လကလည်းပဲ အဒီနေရာကပဲ ကျနော်တို့ magnitude ၄ တို့ ၊ ၄.၈ something ပေါ့။ ငလျင်လေးတွေ ၃၊ ၄ ကြိမ်လောက် ဆက်တိုက် လှုပ်ထားတာတော့ ရှိတယ်။ အဲဒီနေရာကပဲ လှုပ်နေတဲ့အခါကျတော့ နည်းနည်းတော့ သတိထားဖို့တော့ လိုအပ်လာတာပေါ့။ အနာဂတ်မှာ ငလျင်ကြီးကြီးမားမား လှုပ်ဖို့များ ဒီလောက် လှုပ်လာတာလားပေါ့။ ကျနော်တို့ကတော့ သတိထားစေချင်တာပေါ့။”

မြန်မာမြေငလျင်ကော်မတီရဲ့ မှတ်တမ်းတွေအရ နှစ် ၁၀၀ လျှင် တစ်ခါ အင်အားပြင်း ငလျင်လှုပ်တတ်တာကြောင့် ဒီနှစ်ပိုင်းတွေမှာ အင်အားပြင်း ငလျင်လှုပ်နိုင်ခြေ ရှိတယ်လို့ ဒေါက်တာမျိုးသန့်က အခုလို သုံးသပ်ပါတယ်။

“ဒီ ပဲခူး Segment က နောက်ဆုံးလှုပ်ခဲ့တာက ၁၉၃၀ ။ ကျနော်တို့ဒီ နောက်ဆုံး information တွေရော၊ estimate parameter တွေရောသုံးပြီးတော့ ကျနော်တို့ predication လုပ်တဲ့အခါကျတော့ magnitude 7 နဲ့အထက်ပိုင်း ကနေပြီးတော့ ပြန်လှုပ်ဖို့ ဆိုရင် ခုနပြောခဲ့တဲ့ နှစ် ၈၀ နဲ့ ၁၀၀ ပတ်ဝန်းကျင် ကြာတယ်ပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့က ၁၉၃၀ ကနေ ၂၀၁၆ ဆိုတော့ ၈၀ တော့ ကျော်လာတာပေါ့။ လှုပ်မယ်ဆိုရင် လှုပ်ဖို့ chance များလာတယ်ပေါ့။”

ဒီနေ့ မနက်လှုပ်ခတ်သွားတဲ့ မြန်မာပြည်တွင်း ငလျင်အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန် ငလျင်ဌာန အပါအဝင် နိုင်ငံတကာ ငလျင်ဌာနတွေရဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားတာမျိုး မရှိတာကြောင့် အမှန်တကယ်ပဲ ငလျင်လှုပ်ခဲ့သလားဆိုတာကို မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG