သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး တနှစ် ၈ ရာခိုင်နှုန်း တိုးဖို့ ကမ္ဘာဘဏ် တွက်ဆ


Myanmar International Terminals Thilawa (MITT) deep sea port in Yangon
Myanmar International Terminals Thilawa (MITT) deep sea port in Yangon

မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၅နှစ်အတွင်းမှာ တနှစ်မှာ ပုံမှန်ဈေးနှုန်းတွေအရ စီးပွားရေး တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းဝန်းကျင် တိုးတက်လာနိုင်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ် လိုက်ပါတယ်။

ဒီလိုတိုးတက်ဖို့အတွက် လက်ရှိမှာရှိနေတဲ့ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို နောက်တက်လာမယ့် အစိုးရသစ် လက်ထပ်မှာ ပြုပြင်ပြောင်းလဲနိုင်မှသာ နိုင်ငံအနေနဲ့အမှန်တကယ် တိုးတက်ဖွံ့ဖြိုးလာနိုင်မှာဖြစ်တာကြောင့် ကဏ္ဍ တခုချင်းဆီအလိုက် ပြုပြင်ပြောင်းလဲ သင့်တဲ့ အချက်တွေကို ကမ္ဘာ့ဘဏ်က ဒီကနေ့ထုတ်ပြန်ပြောဆိုလိုက်ပါ တယ်။ ပြီးခဲ့တဲ့အစိုးရလက်ထပ်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ပေမယ့် လိုအပ်ချက်တွေရှိနေသေးကြောင်းလည်းပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း ကမေခကပေးပို့ထားပါတယ်။

လက်ရှိအစိုးရလက်ထပ်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ပေမယ့် ကဏ္ဍအလိုက် လိုအပ်ချက်တွေရှိနေသေးတယ်လို့ ဒီကနေ့မှာ ကမ္ဘာ့ဘဏ်က ကဏ္ဍအလိုက် ပညာရှင်တွေ ကထောက်ပြ ပြောဆိုလိုက်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခန်းကဏ္ဍဖြစ်တဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာပေမယ့် ရင်းနှီးမြှုပ်နှံနိုင်တဲ့ နိုင်ငံပမာဏနည်းနေသေးကြောင်း၊ အရှေ့ တောင်အာရှနိုင်ငံတိုင်းလိုနဲ့ ရင်းနှီးမြှုပ်နှံနိုင်ခြင်းမရှိသေးကြောင်း၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေအတွက် ထိရောက်မယ့် ကာကွယ်ပေးနိုင်မယ့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာမူဝါဒများမရှိ သေးကြောင်း ကမ္ဘာ့ဘဏ်က စီးပွားရေးဆိုင်ရာ အကြီးတန်းအရာရှိ ချားစ်စနိုက်ဒါက ပြောပါတယ်။ နောင်လာမယ့် အစိုးရလက်ထပ် ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို သူက ခုလိုပြောပါတယ်။

“ကုန်သွယ်မှုပိုင်းမှာ မျှတတဲ့ပတ်ဝန်းကျင်ကောင်းတွေရှိဖို့လိုအပ်နေတယ်။ ဒီအစိုးရလက်ထပ်မှာ ပြုပြင်ဖို့လို အပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကိုလာမယ့် အစိုးရလက်ထပ် မှာ ပြင်ဆင်လာ နိုင်မယ်ထင်တယ်။ ရေရှည်ရင်း နှီးမှုမှာ ယုံကြည်စိတ်ချနိုင်ဖို့ မူဝါဒရေးရာပိုင်း တွေပြင်ဆင်ဖို့ လိုအပ်နေတယ်။ အစိုးရဝန်ဆောင်မှုပိုင်းတွေလည်း အဆင့်မြင့်ဖို့လိုအပ်တယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်တယ်။”

ကမ္ဘာ့ဘဏ်အနေနဲ့ မနေ့ကဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဗ္ဗဒူလာရေက ဒီဆွေးနွေးမှုဟာ အထူးအရေးပါတဲ့ဆွေးနွေးမှုတခုဖြစ်ကြောင်း၊ နောက်တက်လာမယ့် အစိုးရသစ်အနေနဲ့ တိုင်း ပြည်ကို အကောင်းဆုံး ပြုပြင်ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ကြောင်း သူကခုလိုပြောပါတယ်။

“မနေ့ကတွေ့ဆုံမှုမှာ ကမ္ဘာဘဏ်ရဲ့မူဝါဒပိုင်းတွေကို ဒေါ်အောင်ဆန်းစုကြည်အပြင် လွှတ်တော်အမတ်တွေနဲ့ပါ ဆွေးနွေးခဲ့တယ်။ အစိုးရသစ်လက်ထပ်မှာ မြန်မာနိုင်ငံဖွံ့ဖြိုးနိုင်ဖို့ ပိုပြီးပူးပေါင်းဆောင်ရွက်သွားမယ်။ တိုးတက်လုပ်ဆောင်မယ့် ကမ္ဘာဘဏ် ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။”

လက်ရှိမှာ မြန်မာနိုင်ငံအတွင်းမှာ ဆင်းရဲချမ်းသာကွာဟချက်ကို ကျဉ်းမြောင်းနိုင်ဖို့ လုပ်ဆောင်ရန်အရေးတကြီးလိုအပ်နေကြောင်း၊ လူမှုရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ အစိုးရအနေနဲ့ အရင်ကထက် ဘဏ္ဍာငွေသုံးစွဲမှု အရင်ကထပ်တိုးတက်သုံးစွဲမှုတွေရှိလာပေမယ့် အခြားနိုင်ငံတွေနဲ့ယှဉ်ပါက နည်းပါးနေသေးကြောင်း ကမ္ဘာ့ဘဏ်က လှုမှုရေးဆိုင်ရာ အကြီးတန်းအရာရှိ ဒေါ်နှင်းနှင်းပိုင်က ထောက်ပြပြောဆိုလိုက်ပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံတွင်း ငွေကြေးဆိုင်ရာ လည်ပတ်စီးဆင်းနိုင်မှုအပိုင်းမှာ လွန်စွာအားနည်းနေကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးဖို့အတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေ ပေါ်ပေါက်လာဖို့လိုအပ်နေပေမယ့်တောင့်တင်းခိုင်မာတဲ့ ဥပဒေတွေရှိဖို့လိုအပ်နေကြောင်း ဘဏ္ဍာရေးဆိုင်ရာ အကြီးတန်းအရာရှိ ဒေါ်နန်းဌေးဌေးက လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ခုလိုထောက်ပြခဲ့ပါတယ်။

“ဖွံ့ဖြိုးရေးကဏ္ဍမှာ ခိုင်မာတောင့်တင်းသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ကြီးကြပ်အုပ်ချုပ်မှု မှုဘောင်များကို ရေးဆွဲရန် လိုအပ်ပါတယ်။ ခေတ်မှီတဲ့ ငွေရေးကြေးရေး ကဏ္ဍ အတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းလိုအပ်တာတွေကို တွေ့ရှိရပါတယ်။ နိုင်ငံပိုင် ဘဏ်များကို ပြုပြင်ပြောင်းလဲခြင်းကနေတဆင့် ငွေကြေးကဏ္ဍဖွဲ့စည်းပုံပြောင်းလဲမှုကို ကျယ်ပြန့်စွာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တောင့်တင်းခိုင်မာသော ဥပဒေနဲ့ ကြီးကြပ် စစ်ဆေးမှု မူဘောင်တရပ်ကနေတဆင့် ကျမတို့ရဲ့ micro finance insurance အဲဒါတွေကို ကြီးကြပ်အုပ်ချုပ်ဖို့အတွက် government financial institution တွေဖြစ်တဲ့ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ လုံ့ဆော်ပေးရန် ကြိုးပမ်းဆောင်ရွက် ပေးရန်လိုအပ်တာကို တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မျှတပြီးလူတိုင်းပေးဆောင်နိုင်မယ့် အခွန်စနစ်ကိုထူထောင်ဖို့ လိုအပ်နေတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါသေးတယ်။ ဒီလိုအခွန်ငွေကောက်ခံ မှုမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ် နေသေးကြောင်း၊ အစိုးရမူဝါဒရေးရာပိုင်းမှာ ပွင့်လင်းမှုလိုအပ်ချက်တွေရှိနေသလို တိကျခိုင်မာတဲ့ အစိုးရ ကပေးနိုင်မယ့် ပြည်သူ့ဝန်ဆောင်မှုတန်ဖိုးတခုကို တိကျစွာသတ် မှတ်ပြီး ပေးဆောင်ဖို့ လိုအပ်နေသေးကြောင်း၊ အစိုးရအနေနဲ့ ပြည်သူ ကိုပြန်လည်ပေးဆောင် ရမယ့် ဝန်ဆောင်မှုအပိုင်း အားနည်းနေတာကြောင့် နောင်လာမယ့် အစိုးရလက် ထပ်မှာ ဒါတွေကို မဖြစ်မနေပြုပြင်ပြောင်းလဲ မှသာ တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်က ပြုပြင်ပြောင်းလဲရေးပူးပေါင်းပါဝင်မှု အဖွဲ့ခေါင်းဆောင် ရှာဘိမိုဟိက ပြောဆိုလိုက်ပါ တယ်။

ကမ္ဘာ့ဘဏ်ကနေ ပညာရေး၊ ကျန်းမာရေးစတဲ့လူမှု ဝန်ဆောင်မှုများ ရရှိနိုင်ရေး၊ ကျေးလက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပုဂ္ဂလိက ကဏ္ဍ တိုးတက်စေရေးနဲ့ယှဉ်ပြိုင်မှုရှိရေး၊ လူတိုင်း လက်လှမ်းမီတဲ့ ဘဏ္ဍာရေး စနစ် ထူထောင်ရေး၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍ စွမ်းရည် မြှင့်တင်ရေး စတဲ့ ကဏ္ဍ ၆ ခုအတွက် ပြုပြင်ပြောင်းလဲရမယ့် အချက် တွေကို ဒီကနေ့ထုတ်ပြန်လိုက်တာပါ။ ဒါတွေကို နောက်တက်လာမယ့် အစိုးရကိုလည်းချပြသွားမယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

XS
SM
MD
LG