သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒနယ်မြေ ကြေညာပေမဲ့ ရွေးကောက်ပွဲအပေါ် စိုးရိမ်မှုတွေ ရှိနေဆဲ


မြန်မာပြည်မှာ ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် သတ်မှတ်ချက်တွေကို ဒီကနေ့စပြီး သတင်းစာတွေကနေ ကြေညာပါပြီ။ ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ် ဆိုတာကိုတော့ မကြေညာသေးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲထက်စာရင် ဒီနှစ်လုပ်မယ့် ရွေးကောက်ပွဲဟာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အတွက် ပြင်ဆင်ချိန်လည်း နည်းပြီး လွတ်လပ်မှုတွေလည်း နည်းပါးလွန်းနေတယ်လို့ ပါတီတွေ တော်တော်များများက ညည်းညူနေကြတာပါ။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲနဲ့ ဒီနှစ်လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ အဓိက ကွာခြားတာကတော့ ဒီတခါ မဲပေးတဲ့အခါ လွှတ်တော် ၃ ခုအတွက် ပေးကြရမှာပါ။ ၁၉၉၀ ခုနှစ်တုန်းကတော့ လွှတ်တော်တခုတည်းကိုပဲ ပေးခဲ့ရတာပါ။ မဲဆန္ဒနယ် သတ်မှတ်ချက်တွေလည်း ၁၉၉၀ ခုနှစ်နဲ့ မတူပါဘူး။ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကတော့ အခုတခေါက် သတ်မှတ်ချက်က ပိုရှင်းတယ်လို့ ဆိုပါတယ်။

“၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ အခုရွေးကောက်ပွဲမှာ မဲဆန္ဒနယ် သတ်မှတ်တာ နည်းနည်း ကွာခြားမှုရှိတယ်။ ဟိုတုန်းကတော့ လူဦးရေပေါ်တည်လို့ တချို့မြို့နယ်တွေကတော့ ၂ ယောက်စီပါတယ်။ အခုကျတော့ မြို့နယ်တခုကို ကိုယ်စားလှယ်တယောက် အဲဒီလို ရွေးလိုက်တယ်။ ကျနော်တို့အမြင်ကတော့ ဒီပုံစံက ပိုရှင်းတာပေါ့။ အရင်ပုံစံတွေကတော့ နည်းနည်း ပိုပြီး ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့နယ်တခုတည်းမှာ ၂ နေရာ ခွဲလိုက်ရတယ်ဆိုတော့၊ အခုတော့ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ တပုံစံတည်းပဲ၊ တယောက်စီပဲ ဖြစ်သွားတာပေါ့။”

မဲဆန္ဒနယ် သတ်မှတ်ချက်တွေ ထွက်လာပြီဆိုတဲ့ သဘောက ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမလဲဆိုတာ ကြေညာမယ့်ရက် နီးလာပြီဆိုတဲ့ သဘောပဲလို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ဒုတိယခေါင်းဆောင် ရှေ့နေ ဦးသိန်းညွန့်က သုံးသပ်ပါတယ်။

“မဲဆန္ဒနယ် အကျယ်အဝန်းကို ရွေးကောက်ပွဲ မကျင်းပမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်ပြီးတော့ ကော်မရှင်တွေက ကြေညာပေးရမယ်တဲ့။ မဲဆန္ဒနယ် ကြေညာခြင်းဆိုတာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ အခု သြဂုတ်လ ၁၁ ရက်မှာ ကြေညာတယ်ဆိုတော့ စက်တင်ဘာလ အတွင်းမှာ ရွေးကောက်ပွဲ ဘယ်နေ့ ကျင်းပမယ်ဆိုတာ ဒီဥပဒေအရ ကြေညာနိုင်ပါတယ်။ အခုရက်နဲ့ သတ်မှတ်မယ် ဆိုရင်တော့ ၁၉၉၀ ပြည့်နှစ်နဲ့ စာရင်တော့ အချိန်တိုတောင်းတာတော့ အမှန်ပါပဲ။”

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲထက် အချိန်တိုတောင်းရုံတင်မက နိုင်ငံရေး လုပ်ပိုင်ခွင့်အရ လွတ်လပ်မှုပါ နည်းပါးနေတယ်လို့ ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“အခုကတော့ Control က အများကြီး လုပ်နေတာကိုး။ ထောက်လှမ်းရေးကလည်း အမြဲလိုက်တယ်။ ဟိုတုန်းကဆိုရင် အဲဒီလို လိုက်တာတော့ မရှိဘူးပေါ့။ ထောက်လှမ်းရေးကတော့ စောင့်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ အများကြီး လွတ်လွတ်လပ်လပ် သွားလာနိုင်တာပဲ။ ပြီးတော့ အစည်းအဝေးတွေ လွတ်လွတ်လပ်လပ် ခေါ်နိုင်တယ်။ ကိုယ်ပြောချင်တာကို ပြောနိုင်တယ်ပေါ့။ ဘယ်နေ့ အစည်းအဝေးလုပ်မယ် ဘာညာ ကြိုတင်ပြီး ပြောစရာ မလိုဘူးလေ။ အခုကတော့ ခွင့်တောင်းနေရတာပေါ့။ အများကြီးကွာတာပေါ့။”

ရွေးကောက်ပွဲ ဝင်ကြမယ့် ပါတီတွေအတွက် အချိန်နည်းနည်းပဲ ပေးထားတဲ့ကိစ္စဟာ စည်းရုံးရေး လုပ်ငန်းတွေအတွက် အခက်အခဲတွေ ဖြစ်စေလို့ ပါတီအများစုကတော့ သဘောမကျဘူးလို့ NDF ပါတီရဲ့ ဒုတိယခေါင်းဆောင် ရှေ့နေ ဦးသိန်းညွန့်ကဆိုပါတယ်။

“၁၉၉၀ ပြည့်နှစ်လို အချိန်များများပေးရင် ရွေးကောက်ပွဲ ဝင်မယ့်လူတွေ အနေနဲ့ သူ့မဲဆန္ဒနယ် အသီးသီးမှာ အချိန်ယူပြီး စည်းရုံး လှုံ့ဆော်နိုင်တာပေါ့။”

အခုတခေါက် ရွေးကောက်ပွဲမှာ လွှတ်တော် ၃ ရပ်လုံးအတွက် ကိုယ်စားလှယ်လောင်းတွေကို တခါတည်း မဲထည့်ရမယ် ဆိုတဲ့ကိစ္စကို ပြည်သူတွေ နားလည် သဘောပေါက်အောင် ရှင်းပြမှုတွေ နည်းနေတဲ့ အပေါ်မှာလည်း ဦးသိန်းညွန့်က စိုးရိမ်နေပါတယ်။

“၄၇ အခြေခံဥပဒေတုန်းက ပြည်သူ့လွှတ်တော်ကို ကျင်းပပြီးတော့ သုံးပတ် သို့မဟုတ် တလလောက်ကြာမှ လူမျိုးစုလွှတ်တော်ကို ကျင်းပတယ်။ အဲတော့ မဲပေးရတဲ့လူတွေ အနေနဲ့ လွှတ်တော်နှစ်ရပ်ကို မဲပေးတယ် ဆိုပေမဲ့ ပြည်သူ့လွှတ်တော်ကို သတ်သတ်မဲပေးတယ်၊ လူမျိုးစုလွှတ်တော်ကို သတ်သတ်မဲပေးတယ် ဆိုတော့ သူတို့မှာ ရှုပ်ထွေးစရာ မရှိဘူး။

“အခု မဲပေးပုံစနစ်က ရွေးကောက်ပွဲလုပ်တဲ့ နေ့မှာ အမျိုးသားလွှတ်တော် အတွက်လည်း မဲပေးရမယ်၊ ပြည်သူ့လွှတ်တော် အတွက်လည်း မဲပေးရမယ်၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် အတွက်လည်း မဲပေးရမယ်၊ တိုင်းရင်းသား လူမျိုးစုတွေက ၅၇,၀၀၀ ထွက်ရှိတဲ့ တိုင်းဒေသဆိုရင် အဲဒီ တိုင်းရင်းသား ကိုယ်စားလှယ် သို့မဟုတ် နောင် တိုင်းရင်းသားဝန်ကြီး ဖြစ်လာမယ့်သူ အတွက်လည်း မဲတမဲကို သက်ဆိုင်ရာ တိုင်းရင်းသားတွေက ပေးကြရဦးမယ်။

“အဲတော့ အခုမဲပေးပုံက အင်မတန်ကို ကြေညာပေးနိုင်မှ၊ အင်မတန် လူထုကို အသိပေးနိုင်မှ မဲပေးတဲ့အခါမှာ လူထု သဘောပေါက်လာမှာ။ အခုချိန်ထိတော့ ကျနော်တို့ဆီက မဲရုံမှာ လွှတ်တော် ၃ ရပ်ကို ဘယ်လိုမဲပေးမလဲ ဆိုတဲ့ဟာ အခုထက်ထိ ကြေညာပေးတာတွေ မီဒီယာတွေမှာ ကျနော်တော့ မတွေ့ရသေးပါဘူး။”

NDF ပါတီက ရှေ့နေ ဦးသိန်းညွန့် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဒီနှစ် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိမှာကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတော်တော်များများက စိုးရိမ်နေကြတာပါ။ မြန်မာစစ်အစိုးရကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်၊ ဘယ်သူမှ လာပြီး စောင့်ကြည့် လေ့လာဖို့ မလိုဘူးလို့ ပြောထားပါတယ်။ ဒီနှစ်ကုန်ဖို့က အချိန် ၄ လကျော်ပဲ ကျန်ပါတော့တယ်။ ဒီကာလအတွင်း အများက ယုံကြည်လက်ခံနိုင်မယ့် ရွေးကောက်ပွဲတခု မြန်မာပြည်မှာ ဖြစ်ပေါ်လာနိုင်ပါ့မလား ဆိုတာကို မြန်မာ့အရေး စိတ်ဝင်စားသူတိုင်းက စိုးရိမ်မှုတွေနဲ့ စောင့်ကြည့်နေကြပါတယ်။

XS
SM
MD
LG