သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကြိုဆို ပြောဆိုမှု ရပ်သင့်ပြီလို့ အာဆီယံကို HRW တိုက်တွန်း


ရွေးကောက်ပွဲကြိုဆို ပြောဆိုမှု ရပ်သင့်ပြီလို့ အာဆီယံကို HRW တိုက်တွန်း
ရွေးကောက်ပွဲကြိုဆို ပြောဆိုမှု ရပ်သင့်ပြီလို့ အာဆီယံကို HRW တိုက်တွန်း

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ဖို့၊ အထူးသဖြင့် လာမယ့် ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိဖို့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းကို နိုင်ငံတကာက ဖိအားပေးမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ အာဆီယံ အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲ ရလဒ်ကို လက်ခံဖွယ်ရှိပြီး ရွေးကောက်ပွဲအလွန် အခြေအနေကိုသာ အလေးပေး စောင့်ကြည့်မယ့် လက္ခဏာ ရှိပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အာဆီယံအသင်း အနေနဲ့ လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် လေ့လာသူ စေလွှတ်လိုတယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေဘက်ကတော့ ငြင်းပယ်လိုက်ပါပြီ။ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့တွေ၊ နိုင်ငံတကာ မီဒီယာတွေ ပြည်တွင်းကို ဝင်ရောက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ အာဏာပိုင်တွေက အတိအလင်း ပြောခဲ့ပြီးပါပြီ။

အခုလို မြန်မာအာဏာပိုင်တွေဘက်က တုံ့ပြန်ချက်ကြောင့် အာဆီယံ အနေနဲ့ မြန်မာရွေးကောက်ပွဲအပေါ် သဘောထားကို ပြောင်းလဲသင့်ပြီလို့ နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က အာဆီယံကို တိုက်တွန်းပါတယ်။ ဒီရွေးကောက်ပွဲ ရလဒ်အပေါ်မှာ ဘာမှ မျှော်လင့်စရာ မရှိဘူးလို့ HRW အာရှရေးရာ တာဝန်ခံ အီလိန်း ပီယာစန် (Elaine Pearson) က ပြောပါတယ်။

“ဒီကိစ္စကတော့ အာဆီယံကို လှုပ်နှိုးလိုက်သလိုပါပဲ။ အသွင်ကူးပြောင်းရေးအတွက် ဒီရွေးကောက်ပွဲကို ကြိုဆို ထောက်ခံနေတာမျိုးတွေ ရပ်သင့်ပါပြီ။ ဒီရွေးကောက်ပွဲဟာ အသွင်ကူးပြောင်းရေးဖြစ်စဉ် မဟုတ်ပါဘူး။ နောက်ထပ် စစ်တပ်မျိုးဆက် ခေါင်းဆောင်တွေကို အာဏာလွဲှပေးတာမျိုးပဲ ဖြစ်ပါမှာ။ ဒါကြောင့် အာဆီယံအနေနဲ့ တညီတည်း၊ တသံတည်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် လုပ်ဖို့၊ တိုင်းရင်းသား အင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဆိုတာတွေကို တောင်းဆိုသင့်ပါတယ်။”

နိုင်ငံတကာ မီဒီယာတွေ ရွေးကောက်ပွဲ စောင့်ကြည့်ခွင့်ပေးမှာ မဟုတ်ဘူး ဆိုတာကြောင့် ဒီရွေးကောက်ပွဲအတွင်း မဲလိမ် မဲညစ်မှုတွေ ဖြစ်လာခဲ့ရင် ကမ္ဘာက သိနိုင်ပါ့မလားလို့ စိုးရိမ်နေသူတွေလည်း ရှိပါတယ်။

ထိုင်းအခြေစိုက် နေးရှင်းသတင်းစာကြီးရဲ့ အယ်ဒီတာ ကဝိ ချွန်ကစ်တဝန် (Kavi Chonkitavorn) ကတော့ သတင်းတွေကို ထိန်ချန်လို့ မရနိုင်ဘူးလို့ ယူဆပါတယ်။ ဒါ့အပြင် အခုလို နိုင်ငံတကာ မီဒီယာတွေကို ဝင်ခွင့်မပေးဘူး ဆိုတာလည်း မျှော်လင့်ပြီးသားပါလို့ ဆိုပါတယ်။

“ဒါဟာ မျှော်လင့်ပြီးသားပါ။ မြန်မာအစိုးရ အနေနဲ့ နိုင်ငံခြားက သတင်းမီဒီယာတွေကို အယုံအကြည် မရှိပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံထဲမှာရှိတဲ့ သံတမန် အသိုင်းအဝိုင်းတွေ၊ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အနေနဲ့ သူတို့ စောင့်ကြည့်နိုင်တဲ့ အတိုင်းအတာနဲ့ စောင့်ကြည့်ပြီး နိုင်ငံခြား သတင်းမီဒီယာတွေကို သတင်းအချက်အလက်တွေ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဆိုတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်း အချက်အလက်တွေ နိုင်ငံတကာကို မပေါက်ကြားအောင် ပိတ်ထားလို့တော့ မရနိုင်ပါဘူး။”

နေးရှင်းအယ်ဒီတာ ကဝိကတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ၊ အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး ဆိုတာတော့ လူတိုင်း သိကြပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲ ရလဒ်ကနေ အရင်နဲ့ မတူကွဲပြားတဲ့ အခြေအနေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီလိုကြောင့် အာဆီယံ အသင်းနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီရလဒ်ကို လက်ခံမယ့် အခြေအနေမှာ ရှိတယ်လို့ သူက ယူဆပါတယ်။

“မြန်မာနိုင်ငံကို ဘယ်လို ကူညီနိုင်မလဲ ဆိုတာ အာဆီယံ အနေနဲ့ကတော့ ရွေးကောက်ပွဲအလွန် အခြေအနေကိုပဲ စောင့်ကြည့်မယ့်ပုံ ပေါ်ပါတယ်။ ဘယ်လိုရလဒ်ပဲ ထွက်လာလာ၊ အာဆီယံ အနေနဲ့တော့ လက်ခံလိမ့်မယ် ထင်ပါတယ်။ အာဆီယံ အနေနဲ့က မြန်မာအစိုးရ လုပ်မယ်ပြောတဲ့ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံကိုလည်း လက်ခံခဲ့တာပဲ။ ရွေးကောက်ပွဲ ဆိုတာလည်း အဲဒီ လမ်းပြမြေပုံရဲ့ အဆင့်တဆင့်ပါ။ ဒါကြောင့် အာဆီယံအပေါ် ရှိနေတဲ့ ဖိအားတွေ အတွက်တော့ အာဆီယံ အနေနဲ့က ရွေးကောက်ပွဲအလွန် အခြေအနေအထိ စောင့်ကြည့် ကိုင်တွယ်သွားမယ် ထင်ပါတယ်။”

အာဆီယံအနေနဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ မဟုတ်ပါဘူး၊ လေ့လာဖို့ ဖြစ်ပါတယ်လို့ လျှော့လျှော့ပေါ့ပေါ့ပဲ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ဖူးပါတယ်။ အာဆီယံထဲမှာလည်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့လောက်ပဲ မြန်မာ့အရေးကိစ္စကို ဝေဖန်ပြောဆိုလေ့ ရှိတာပါ။ ဒါကြောင့် အာဆီယံ အနေနဲ့ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တွန်းတွန်းတိုက်တိုက် ပြောဆိုတာထက် ရွေးကောက်ပွဲအလွန် အခြေအနေကိုပဲ စောင့်ကြည့်သွားမယ့် လက္ခဏာ ရှိတယ်လို့ လေ့လာသူတွေက တွက်ဆနေကြပါတယ်။

XS
SM
MD
LG