သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ အများလက်ခံနိုင်အောင် လုပ်ဖို့ အချိန်မနှောင်းသေး


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(ဝဲ) နှင့် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝတို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ အောက်တိုဘာ ၂၆၊ ၂၀၁၀။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(ဝဲ) နှင့် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝတို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ အောက်တိုဘာ ၂၆၊ ၂၀၁၀။

မြန်မာစစ်အစိုးရ အနေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာက မျှော်မှန်းထားချက်တွေနဲ့ အညီ လူအများ လက်ခံယုံကြည်အောင် ပြသဖို့ အချိန် နောက်မကျသေးတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ထပ်မံ ပြောဆိုပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင် ရက်ပိုင်းအလို မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောက်လာပြီး ဒီနေ့ ဘန်ကောက်မြို့ ထိုင်းအစိုးရရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ကလည်း မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မှာ မဟုတ်တဲ့အကြောင်း ထပ်မံ အာမခံ ပြောဆိုသွားပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲကို လူအများ လက်ခံယုံကြည်ပြီး ထင်သာမြင်သာရှိအောင် ကျင်းပဖို့ အခွင့်အလမ်းတွေ နောက်မကျသေးတဲ့ အကြောင်း ပြောဆိုတဲ့ တချိန်တည်းမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဗီယက်နမ်မှာ ကျင်းပမယ့် ကုလသမဂ္ဂနဲ့ အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အစည်းအဝေးမှာလည်း စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို သီးခြားတွေ့ဆုံပြီး ဒီကိစ္စ ထပ်ပြီး နားချ တိုက်တွန်းဦးမယ်လို့ ပြောပါတယ်။ ဒီနေ့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝနဲ့ အတူ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပေးခြင်းအားဖြင့် ဒီရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်တယ်ဆိုတာ ပြသဖို့ စစ်အစိုးရဘက်က အချိန်မနှောင်းသေးပါဘူး။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ပြီးသွားရင်ဆိုတဲ့ အတွေးအခါ် ရှုမြင်ချက်တွေ ပိုပြီး အလေးသာလာပါလိမ့်မယ်။ ဒါကြောင့်လည်း နိုင်ငံတကာရဲ့ သဘောတူညီချက်၊ သတ်မှတ်ချက်တွေကို လေးစားလိုက်နာလာမယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။” ဆိုပြီး ပြောဆိုသွားပါတယ်။

ဒီရွေးကောက်ပွဲ လွတ်လပ်မျှတနိုင်ခြေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း ကုလသမဂ္ဂဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်းတွေသာ မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပြီး တကယ်တမ်း စစ်အစိုးရဘက်က ပြောင်းလဲလာအောင် ဖိအားပေးနိုင်ခြင်း မရှိဘူးဆိုပြီး ဝေဖန်တာတွေလည်း ကြားနေရပါတယ်။

ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ ပြောနေပေမဲ့ ပြည်ပ သတင်းထောက်တွေကို လာရောက်ခွင့် မပေးသလို ကုလသမဂ္ဂနဲ့ အာဆီယံ နိုင်ငံတွေက လေ့လာ စောင့်ကြည့်တာမျိုးတွေကို စစ်အစိုးရဘက်က လက်မခံပါဘူး။

ဒါကြောင့် ဒီရွေးကောက်ပွဲ ရလဒ်က ပေါ်ထွက်လာမယ့် အစိုးရသစ်ကို ကုလသမဂ္ဂ အနေနဲ့ ဘယ်လို သဘောထားမလဲ၊ ရွေးကောက်ပွဲအပြီး ပေါ်လာမယ့် အစိုးရနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဘက်က ဘယ်လို ကိုင်တွယ်ဆက်ဆံဖို့ အစီအစဉ် ရှိပါသလဲဆိုပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဗွီအိုအေက မေးခဲ့ပါတယ်။

“ဒီရွေးကောက်ပွဲက လွတ်လပ်မျှတပြီး အားလုံး ပါဝင်ခွင့်ရှိမယ့် ရွေးကောက်ပွဲတခု ဖြစ်မယ်လို့ ကျနော် မျှော်လင့်တဲ့အကြောင်း ပြောထားပြီးသားပါ။ ဒီ့ထက်ပိုပြီး အရေးကြီးတာက ရွေးကောက်ပွဲ အပြီးမှာ ဘယ်လောက်အထိ အားလုံး ပါဝင်ခွင့်ရှိမယ့် အစိုးရကို သူတို့ ဖွဲ့စည်းမလဲ ဆိုတာပါပဲ။ ရွေးကောက်ပွဲ ရလဒ်အရ လူထုဆန္ဒကို ထင်ဟပ်ပြီး နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေအတိုင်း ဘယ်လောက်အထိ လုပ်နိုင်မလဲ၊ ဒါဟာ မြန်မာအစိုးရကို စမ်းသပ်မယ့်အချက် ဖြစ်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့တော့ မြန်မာနိုင်ငံနဲ့ ရေရှည် ဆက်ဆံရေးကို လိုလားပါတယ်။” ဆိုပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသွားတာပါ။

ဒီရွေးကောက်ပွဲ လွတ်လပ်မျှတဖို့၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ထင်သာမြင်သာ ရှိဖို့ဆိုတာ နိုင်ငံတကာရဲ့ မျှော်မှန်းထားချက် ဖြစ်ပါတယ်။ နိုင်ငံတကာ မျှော်မှန်းချက်တွေနဲ့ အညီ ရွေးကောက်ပွဲကို ကျင်းပဖို့ လိုတဲ့အကြောင်းကိုသာ အတွင်းရေးမှူးချုပ်က အလေးအနက် ထပ်ပြောသွားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ စိတ်ဝင်တစားမေးတဲ့ အခြား အကြောင်းအရာ တခုကတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေနဲ့ မြန်မာဒုက္ခသည်တွေအရေး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်သမား စိစစ်ရေး ကိစ္စတွေဟာ တရားမဝင် အလုပ်သမားတွေကို လူကုန်ကူးတဲ့ လူတွေလက်ထဲ ရောင်းစားခံရအောင် တွန်းပို့နေသလို ဖြစ်နေတယ်ဆိုပြီး ဝေဖန်ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က ဒီကိစ္စတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးရင် ထိုင်းမှာရောက်နေတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်လို့ ပြောဆိုခဲ့တာကြောင့် ထိုင်း လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး မြန်မာနိုင်ငံ အခြေအနေ ငြိမ်းချမ်းသာယာမှ ဒုက္ခသည်တွေကို ပြန်ပို့မှာ ဖြစ်တဲ့အကြောင်း အာမခံ ပြောကြားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝကလည်း ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီကိစ္စကို အခုလို ထပ်ပြောခဲ့ပါတယ်။

“ကျနော်တို့က ပြည်ပက အလုပ်လာလုပ်တဲ့ ရွှေ့ပြောင်း အလုပ်သမား အရေးတင် မဟုတ်ပါဘူး၊ အိုးမဲ့အိမ်မဲ့ ခိုကိုးရာမဲ့တဲ့ သူတွေရဲ့ အရေးကိစ္စတွေကိုလည်း ကိုင်တွယ် ဖြေရှင်းနေရပါတယ်။ ဒီလူတွေကို အန္တရာယ်များတဲ့ အခြေအနေမှာ မပို့ဘူးလို့ ကျနော်တို့ အာမခံပါတယ်။ သူတို့အနေနဲ့ ဘေးကင်းလုံခြုံတယ်လို့ ကျနော်တို့ အပြည့်အ၀ ယုံကြည်မှ နေရပ်ပြန်ပို့မှာပါ။” ဆိုပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG