သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ ကြံ့ဖွံ့အတွက် မဲဆွယ်စည်းရုံး


ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ ကြံ့ဖွံ့အတွက် မဲဆွယ်စည်းရုံး
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ ကြံ့ဖွံ့အတွက် မဲဆွယ်စည်းရုံး

ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ဟာ မဲပေးရေးဆိုင်ရာ ပညာပေးမှုတွေလုပ်ရင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ တိုက်တွန်းလာသလို ကြိုတင်မဲတွေကလည်း အဲဒီပါတီအတွက်ဖြစ်ဖို့ စည်းရုံးရေးမှူးတွေက နည်းမျိုးစုံနဲ့ လုပ်လာပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ ကြံ့ဖွံ့ပါတီလို့ လူသိများတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအတွက် မြို့နယ်၊ ကျေးရွာအဆင့် ရွေးကောက်ပွဲ ကော်မရှင်တွေနဲ့ ပါတီစည်းရုံးရေးမှူးတွေက တက်သုတ်ရိုက် မဲဆွယ်လာပါတယ်။ မိုးကောင်းမြို့နယ်မှာတော့ ကော်မရှင်က ရွေးကောက်ပွဲ သရုပ်ပြရင်း ကြံ့ဖွံ့ပါတီကို မဲပေးကြပါလို့ ပြောဆိုနေပါတယ်။

“အခု ကျနော်တို့ မိုးကောင်းမြို့နယ်မှာ မနေ့က ပညာပေးရေး သရုပ်ပြ လုပ်ပါတယ်။ မဲ ဘယ်လိုပေးရမယ် ဆိုတာ ပြည်သူလူထု အားလုံးကို တအိမ်တယောက် ခေါ်တယ်။ သွားတဲ့အိမ် သွားတယ်၊ တချို့ မသွားနိုင်သူတွေက မသွားဘူး။ အဲဒီမှာ သူတို့ပါတီက တော်တော်များများ ဦးစီးထားတဲ့ နေရာမှာကျတော့ ရှင်းရှင်းလေးပဲ ပြောတယ်၊ ပြည်ခိုင်ဖြိုး ပါတီကို ပေးပါ၊ ပြည်ခိုင်ဖြိုး ပါတီသာလျှင် နောက်တက်မယ့် အစိုးရ ဖြစ်မှာဖြစ်တယ်။ တခြားပါတီကို ပေးရင် ခင်ဗျားတို့ ဘာမှမထူးခြားဘူး၊ အဲဒီတော့ တခြားပါတီပေးလို့ ဘာမှ မထူးခြားမယ့် အတူတူ၊ ပြည်ခိုင်ဖြိုးပါတီက နိုင်မယ့်အတူတူ ပြည်ခိုင်ဖြိုးကို အားပေးကြပါ၊ မဲပေးကြပါပေါ့လေ။”

ဗန်းမောက်မြို့နယ်မှာတော့ ကြိုတင်မဲကို လျှို့ဝှက်ပေးရတာ မဟုတ်ဘဲ ဗြောင်ပေးခိုင်းတယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

“မနေ့က ဗန်းမောက်မှာ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်တယ်ဗျ။ သူတို့ရှေ့မှာပဲ တခါတည်း လက်မှတ်ထုတ်ပြပြီးတော့ ကြိုတင်မဲတွေကိုပေါ့လေ၊ နမူနာမဟုတ်ဘဲ တခါတည်း မဲလက်မှတ် ထုတ်ပြတယ်။ ပြီးတော့ ကြိုက်တဲ့ပါတီကို ပေးပါ၊ ကျနော့်ရှေ့မှာ အခုခြစ်ပြ၊ သူတို့က ဘောပင် ကိုယ်တိုင်ကိုင်ထားတယ်။ ဒီမှာ တစည စပါးနှံ၊ ခြင်္သေ့ ရှိတယ်၊ ကျားဖြူ ရှိတယ်၊ ဘယ်ပါတီကို မဲပေးမလဲ၊ အရှေ့မှာပဲ ဗြောင်မေးတယ်။ သူတို့ကိုယ်တိုင် ဘောပင်ကိုင်ထားတယ်၊ ပြည်သူလူထု အားလုံးရှေ့မှာ။ သူတို့ကိုယ်တိုင် ခြစ်ပေးမယ်ပေါ့၊ ကြိုက်တဲ့ပါတီကို ပြောဆိုတော့၊ အဲဒီပုံစံမျိုးကျတော့ ပြည်သူလူထု အနေနဲ့ ပွင့်ပွင့်လင်းလင်း မရှိတော့ဘူး။ လျှို့ဝှက်တဲ့ မဲဆန္ဒ မဟုတ်တော့ဘူး။ ဗြောင် အတင်းကြီးကို လုပ်နေတာ။”

တနင်္သာရီတိုင်း မဲဆန္ဒနယ် အားလုံးနီးပါးမှာ ကြံ့ဖွံ့နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ပဲ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပင်လယ်ပြင်ကို ငါးဖမ်းထွက်မယ့် လှေလုပ်သားတွေဟာ ကြိုတင်မဲပေးပြီးမှ ထွက်ခွင့်ရှိတာကြောင့် ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ မဲပေးခဲ့ကြပါတယ်။ သူတို့ရဲ့ ကြိုတင်မဲ အများစုဟာ ပယ်မဲတွေ ဖြစ်နေပြီး တချို့ကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကို မဲပေးကြတယ်လို့ လှေသမားတွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

ကြိုတင်မဲတွေက ထင်ထားသလို ဖြစ်မလာတော့ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတွေက မဲထည့်ရေး ပညာပေးမှုတွေ လုပ်လာတယ်လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

“မှားနေတယ်ပေါ့၊ ပယ်မဲတွေ ဖြစ်သွားတယ် ဆိုပြီးတော့ လကုန်ပိုင်းလောက်က ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးမှူးတွေက ကော့သောင်းတမြို့လုံးမှာ အိမ်တွေကိုလိုက်ပြီး မဲပေးရင် ဘယ်လိုပေးရမယ်ဆိုတာ ပညာပေးမှုတွေ လုပ်တယ်။ ဒီမှာ ၂ ခုပဲရှိတယ်ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထုံးစံအတိုင်းပေါ့၊ ဒီနေရာလေးကိုပဲ ခြစ်လိုက်ပါ ဆိုတာမျိုးပဲပေါ့။ ခြင်္သေ့နေရာမှာ အမှန်လေး ခြစ်လိုက်ရင် ရပြီပြောတာ။”

အလားတူပဲ မြိတ်ကျွန်းစုမှာလည်း ကြိုတင်မဲပေးတဲ့ လှေလုပ်သားတွေဟာ စောစောပိုင်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကို မဲထည့်ကြလို့ နောက်ရက်တွေမှာ မဲပေးတာ ပါတီမှားနေတယ်လို့ ကြံ့ဖွံ့ပါတီက အကြောင်းပြပြီး မဲပေးမယ့် လှေသမားရဲ့ အင်္ကျီတွေမှာ ခြင်္သေ့တံဆိပ်တွေ လိုက်ကပ်နေတယ်လို့ Weekly Eleven Online မှာ ဖော်ပြထားပါတယ်။ ဒီကိစ္စအပေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ကန့်ကွက်တာကြောင့် ကြိုတင်မဲ ပေးတာကို ရပ်ဆိုင်းထားတယ်လို့ သတင်းက ဆိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ပြီးခဲ့တဲ့လ ၁၈ ရက်နေ့ကစပြီး ကြိုတင် ဆန္ဒမဲပေးခွင့် ရှိသူတွေဆီ မဲလက်မှတ်တွေ ပို့ပေးဖို့ ညွှန်ကြားထားပြီး လာမယ့် နိုဝင်ဘာ ၅ ရက်နေ့ကစလို့ ကြိုတင်မဲတွေကို စိစစ်ဖို့ ကော်မရှင် အဆင့်ဆင့်ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

XS
SM
MD
LG