သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအတွက် မြန်မာသံရုံးတွေမှာ ကြိုတင်မဲပေး


နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲရေတွက်ပုံ သရုပ်ပြနေစဉ်။ အောက်တိုဘာ ၁၊ ၂၀၁၀။
နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲရေတွက်ပုံ သရုပ်ပြနေစဉ်။ အောက်တိုဘာ ၁၊ ၂၀၁၀။

မြန်မာစစ်အစိုးရက ရှေ့လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် ပြည်ပမှာရောက်နေသူ မြန်မာ နိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲပေးတဲ့ အစီအစဉ်တွေထဲက တခုအဖြစ် အမေရိကန် ပြည်ထောင်စုမှာ စတင်လိုက်ပါတယ်။ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ကြိုတင်မဲပေးဖို့ နိုင်ငံအတော်များများမှာ စီစဉ်နေပေမဲ့လည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေကြား ကျယ်ကျယ်ပြန့်ပြန့် မရှိလှဘူးလို့လည်း ပြောနေကြတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဝါရှင်တန် မြန်မာသံရုံးနဲ့ နယူးယောက်က စစ်သံရုံးတွေမှာ တနင်္ဂနွေနေ့ကပဲ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့လုပ်ငန်းတွေကို လုပ် ဆောင်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း မဲပေးသူ မဆိုသလောက်သာ လာရောက်မဲထည့်ခဲ့ကြပြီး အများစုကတော့ သံရုံးမိသားစု အသိုင်းအဝိုင်း ကသာ ဖြစ်တယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားတွေကိုတော့ ဆန္ဒမဲပေးဖို့ အကြောင်းကြားစာတွေကို သံရုံးက စာတိုက်ကတဆင့် လွန်ခဲ့တဲ့ လအနည်းငယ် ကတည်းက ပေးပို့ထားပြီး ဖြစ်တယ်လို့ ဆိုပေမဲ့ မဲပေးခွင့်ရှိတဲ့ မြန်မာနိုင်ငံသား တချို့က တော့ သူတို့အနေနဲ့ မြန်မာသံရုံးက အသိပေး အကြောင်းကြားတာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ မကြာသေးခင် အချိန်အထိ မြန်မာ သံရုံးနဲ့ အဆက်အဆံရှိခဲ့တဲ့ မြန်မာပညာတော်သင်တယောက်ဆိုရင်လည်း မဲပေးဖို့ သူ့ကို ဘာမှ အကြောင်းမကြားခဲ့ဘူးလို့ ပြောပါတယ်။

“ဒီအချိန်ထိတော့ ကျနော့်ဆီကို မြန်မာသံရုံးက အကြောင်းကြားစာတွေ ဘာတွေ၊ ဘာတခုမှ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မရသေးဘူး ဗျ။ ကျနော် စက်တင်ဘာလောက်က မြန်မာနိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်ပြီးတော့ သက်တမ်းတိုးဖို့ သံရုံးကို ဆက်သွယ်ပါတယ်။ ဆက်သွယ်တဲ့ အခါကျတော့ ကျနော့်လိပ်စာလည်း သူတို့သိတယ်။ ကျနော့်လိပ်စာအတိုင်းပဲ သက်တမ်းတိုးပေးတဲ့ပတ်စ်ပို့ကို ပြန်ပို့ပေး လိုက်တယ်။ အဲဒီကြားထဲမှာလည်း ကျနော် အီးမေးလ်နဲ့ တခေါက်၊ နှစ်ခေါက် ဆက်သွယ်နေတယ်။

“ဒါပေမဲ့ ကျနော့်ဆီကို ဒီအချိန်ထိတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စာနဲ့သော်လည်းကောင်း၊ အီးမေးလ်နဲ့သော်လည်းကောင်း၊ ဘာ တခုမှ အကြောင်းမကြားသေးပါဘူး။ ကျနော် ကယ်လီဖိုးနီးယားတို့ မစ်ချီဂန်တို့က မြန်မာကျောင်းသားတချို့နဲ့လည်း အဆက်အသွယ် ရှိတော့ အဲဒါနဲ့ ပတ်သက်ပြီး မေးကြည့်သေးတယ်၊ ဖုန်းတွေ ဘာတွေ ဆက်ပြီးတော့။ သူတို့လည်း သူတို့ဆီကို ဘာမှ အကြောင်းမကြား သေးဘူးလို့ ပြောတယ်။”

မြန်မာနိုင်ငံသားအများအပြားရှိရာ ဂျပန်နိုင်ငံမှာလည်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတွေအနေနဲ့ ကြိုတင်မဲပေးလိုတယ်ဆိုရင် ၁၉ ရက်နေ့မှာ လာရောက် မဲထည့်နိုင်ကြောင်း စာတိုက်ကနေတဆင့် အကြောင်းကြားခဲ့ပါတယ်။ အင်္ဂါနေ့ကျရင် တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးမှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ မဲတွေ လာထည့်နိုင်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မူရင်းဖြစ်ဖြစ်၊ မိတ္တူဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း နိုင်ငံကူးလက်မှတ်ပြပြီး မဲထည့်နိုင်တယ်လို့ အကြောင်းကြားခဲ့တာပါ။

အလားတူ ဗြိတိန်၊ သြစတြေးလျ၊ စင်ကာပူတို့ အပါအဝင် မြန်မာနိုင်ငံသားတွေရှိရာ နိုင်ငံ အတော်များများမှာ ကြိုတင်မဲထည့်ဖို့ အကြောင်း ကြားတာတွေ ရှိခဲ့ကြောင်း မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

ဒါပေမဲ့လည်း မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားတွေကြား အကြောင်းကြားစာ ရသူရ၊ မရသူမရ ဖြစ်ရတာတွေ ရှိတယ်လို့လည်း ပြောကြပါ တယ်။ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် စစ်အစိုးရက ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဒီလို မဲပေးခွင့်ရှိပေမဲ့ မပေးနိုင်တဲ့ အခြေအနေ မျိုးဟာ ရသင့်တဲ့ အခွင့်အရေး တရပ်ကို ငြင်းပယ်ခံရတာပဲလို့လည်း အမေရိကန်ပြည်ထောင်စုရောက် မြန်မာပညာတော်သင်က ဆိုပါတယ်။

“ကျနော်တော့ နိုင်ငံသားတယောက်အနေနဲ့ ရွေးကောက်ပွဲတို့ ဘာတို့ စိတ်ဝင်စားတာပေါ့။ ဒါပေမဲ့ ကိုယ်ကလည်း ဒီလို အဝေးကို ရောက် နေတဲ့ အခါကြတော့၊ ကိုယ့်ကိုလည်း ဘာမှ အကြောင်းမကြားဘူးဆိုတော့ ကျနော်ကတော့ အခွင့်အရေးတရပ်အနေနဲ့ သံရုံးအနေနဲ့ မြန်မာပြည်တွင်းက တရားဝင် ဒီကို ရောက်လာနေတဲ့ ကျောင်းသားတွေ၊ အလုပ်လုပ်နေတဲ့ လူတွေကိုတော့ သူတို့အနေနဲ့ ဆက်သွယ်သင့်တယ်၊ အကြောင်းကြားသင့်တယ်လို့ ထင်တယ်လေ။

“ဒီအချိန်က ရွေးကောက်ပွဲလုပ်ဖို့လည်း သိပ်ကပ်နေပြီဆိုတော၊ တကယ်တမ်းကျတော့ ဒီရွေးကောက်ပွဲကို Legitimacy ဖြစ်ဖို့ဆိုတာက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုတယ်။ အဲဒီလို မလုပ်ဘူး ဆိုတာကတော့ နိုင်ငံသားတယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ Right တခုကို မရဘူး၊ ဆုံးရှုံးတယ်လို့ ယူဆရတာပေါ့။ ရွေးကောက်ပွဲဆိုတာ ကိုယ့်ကံကြမ္မာကိုဖန်တီးပေးမယ့် အစိုးရတရပ်ကို ကိုယ်ကမဲထည့်ပြီး ကိုယ့်ရဲ့ ဆန္ဒကို ဖော်ထုတ်ရတာပဲလေ။ အဲဒါလေးကို မရဘူးဆိုတာတော့ နိုင်ငံသားတယောက်အနေနဲ့တော့ စိတ်မကောင်းဘူးပေါ့။”

မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ဒီမိုကရေစီရေးလှုပ်ရှားသူ ပြည်တွင်းပြည်ပ အင်အားစုတွေသာမက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာဆိုရင်လည်း ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့်ရှိမယ့် အခြေအနေမျိုး မဖန်တီးနိုင်တဲ့အတွက် စိတ်ပျက်ရကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG