သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်မှု အခက်အခဲမျိုးစုံ ရင်ဆိုင်ရ


တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်မှု အခက်အခဲမျိုးစုံ ရင်ဆိုင်ရ
တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်မှု အခက်အခဲမျိုးစုံ ရင်ဆိုင်ရ

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်၂၀ ကျော်ပဲ လိုတဲ့အချိန်ထိ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေဟာ တခြားပါတီတွေလိုပဲ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက ပါတီကိုယ်စားပြုတာနဲ့စာရင် မဲဆွယ် စည်းရုံးရာမှာ ပိုလွယ်နိုင်တယ်လို့ စောစောပိုင်းတုန်းက ပြောဆိုခဲ့ကြပေမဲ့ လက်ရှိမှာ အာဏာပိုင်တွေရဲ့ နည်းမျိုးစုံနဲ့ ကန့်သတ်မှုကို ခံနေရပြီ ဖြစ်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဘတင့်ဆွေက ကြော်ငြာဆိုင်းဘုတ်တွေ သုံးဖို့ ကော်မရှင်က ခွင့်ပြုပေမဲ့ မြို့တော်စည်ပင်က ခွင့်မပြုဘူးလို့ ဆိုပါတယ်။

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဘတင့်ဆွေ။ အောက်တိုဘာ ၁၀၊ ၂၀၁၀။
တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဘတင့်ဆွေ။ အောက်တိုဘာ ၁၀၊ ၂၀၁၀။

“Bill Board တွေထောင်တယ်၊ ကြော်ငြာဘုတ်တွေလေ၊ အဲဒါ ထောင်မယ်ဆိုတော့ သူတို့က ကြေညာထားတာ ၁ ပေပတ်လည်ကို ၁၀၀၊ သက်သာတဲ့နှုန်းနဲ့ နိုင်ငံရေး ပါတီတွေရော၊ တသီးပုဂ္ဂလတွေရော ကြော်ငြာဘုတ်တွေ ထောင်ခွင့်ပြုမယ်လို့ ပြောတယ်။ အဲဒါနဲ့ စည်ပင်သာယာလည်း သွားရော၊ မြို့တော်စည်ပင်ကို မနေ့ကပေါ့နော်၊ ဒါနဲ့ သူတို့ကို အထက်က ဘာမှ တိတိကျကျ ညွှန်ကြားထားတာ မရှိသေးတော့ လောလောဆယ်တော့ ထောင်လို့မရသေးဘူးပေါ့။”

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်သိန်းလင်းဟာ မြို့တော်စည်ပင် ဥက္ကဋ္ဌနဲ့ ရန်ကုန်မြို့တော်ဝန် ဖြစ်တာကြောင့် တခြားပါတီတွေနဲ့ တသီးပုဂ္ဂလတွေ မစည်းရုံးနိုင်အောင် တားမြစ်တာ ဖြစ်တယ်လို့လည်း ဝေဖန် ပြောဆိုမှုတွေ ရှိနေပါတယ်။

ရန်ကုန်တဝိုက်မှာတော့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ် အသေးတွေကို လမ်းဘေး ဓာတ်တိုင်တွေမှာ ချိတ်ထားကြပြီ ဖြစ်ပါတယ်။ တသီးပုဂ္ဂလတွေကလည်း အလားတူ လမ်းဘေးဓာတ်တိုင်မှာ ဆိုင်းဘုတ်ချိတ်ဖို့ ခွင့်တောင်းပေမဲ့ လျှပ်စစ်ဌာန ခွင့်ပြုချက် လိုတယ်လို့ ကော်မရှင်က ညွှန်ကြားလိုက်ပြီး လျှပ်စစ်ဌာနကလည်း အထက်ညွှန်ကြားချက် မရသေးတော့ အသုံးပြုခွင့် မပေးဘူးလို့ သိရပါတယ်။

ကျန်တဲ့ တသီးပုဂ္ဂလတွေရဲ့ အခြေအနေအပေါ် ဦးဘတင့်ဆွေက…

“နယ်မှာရှိတဲ့ တသီးပုဂ္ဂလတွေထဲ လေးမျက်နှာက ကိုဇော်မင်းသိန်းတို့ကတော့ ရွာတွေကို လိုက်ပြီးတော့ ဟောတာ၊ ပြောတာ လုပ်တာပေါ့နော်။ သူတို့ကတော့ ကွင်းပြင်တို့ ဘာတို့ကို ခွင့်ပြုချက်ရတော့ ဟောရတယ်။ ဒါပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ပြိုင်မယ့် သစ်တော ဒုတိယဝန်ကြီး ဦးသိန်းအောင်ကတော့ ဘုန်းကြီးကျောင်းမှာ ဟောခွင့်ရတယ်လို့ ပြောတယ်။”

ပြည်ခိုင်ဖြိုးပါတီက လွတ်လွတ်လပ်လပ် စည်းရုံးခွင့် ရနေချိန်မှာ ယှဉ်ပြိုင်ဘက်တွေက တဖက်စောင်းနင်း ကန့်သတ်ခံနေရတယ်လို့ ဦးဘတင့်ဆွေက ဆက်ပြောပါတယ်။

“အဲဒီလိုပဲ ဖြစ်နေတယ်လို့ ကျနော်တို့ထင်တယ်။ သူတို့ကတော့ ကော်မရှင်မှာကို မဲဆွယ်စည်းရုံးမှု၊ ဟောပြောမှုကိုပဲ ဒီတလထဲမှာ ၇၀ တို့၊ ဘာတို့ ဟောမယ်ဆိုပြီးတော့ တင်ထားတယ် ပြောတယ်။ ကျနော်တို့တွေက ဘယ်လိုဖြစ်နေလဲဆိုတော့ ဟောပြောမယ့်ခန်းမ၊ ဒါမှမဟုတ် တခြားနေရာတခုရှာ၊ ရာသီဥတုကလည်း မကောင်းဘူး၊ မိုးတွေကလည်း ရွာနေတာ၊ အမိုးအကာ မရှိရင် ပြည်သူလူထုကို ဘယ်လိုသွားဟောမလဲ၊ အဲလိုဖြစ်နေတော့ မင်္ဂလာဆောင် ခန်းမငှားပြီး ဟောမယ်ဆိုလည်း ကောင်းကောင်း ခွင့်မပြုရဲဘူး။

“ကျနော်တို့က တရားဝင်ဆိုပြီး တောင်းပန်ပြန်တော့လည်း သူတို့ပြောတဲ့နှုန်းနဲ့ ကိုယ်က ပေးနိုင်တဲ့ အနေအထား မရှိဘူး။ မြောက်ဥက္ကလာမှာဆို ခန်းမကို ၈၀,၀၀၀ လောက်တောင်းတယ်။ အဲတော့ ကျနော်တို့က ဘယ်လိုမှလည်း ခန်းမှငှားပြီး မဟောနိုင်ဘူး။ အခုဟာက ရက်တွေကလည်း နီးကပ်နေပြီ။ ခွင့်ပြုချက် တောင်းတာကိုက ၁ ပတ်နဲ့ ၁၀ ရက်ကြာမယ်ဆိုတော့ ကျနော်တို့ အနေနဲ့ မလွယ်တော့ဘူးလေ။”

စောစောပိုင်းတုန်းကတော့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက သူတို့ဟာ လူမှုရေး လုပ်ငန်းတွေကို နှစ်ရှည်လများ လုပ်ထားသူတွေဖြစ်လို့ ထောက်ခံမှု ရနိုင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ကိုယ်စားလှယ်လောင်း အချင်းချင်း ကွန်ယက်ဖွဲ့ လုပ်ကိုင်လာကြသလို တချို့ကလည်း ဒီမိုကရက်ပါတီ (မြန်မာနိုင်ငံ) နဲ့ ပူးပေါင်းလုပ်ဖို့ သဘောတူခဲ့ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဘယ်နှစ်ဦး ယှဉ်ပြိုင်မယ်ဆိုတာ ကော်မရှင်က မထုတ်ပြန်သေးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၇ ဦး ယှဉ်ပြိုင်ခဲ့ပြီး ၆ ဦး အနိုင်ရခဲ့ပါတယ်။

XS
SM
MD
LG