သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တသီးပုဂ္ဂလ ကိုယ်စားလှယ်များနဲ့ သံတမန်တွေ ပိုတွေ့လာ


တသီးပုဂ္ဂလ ကိုယ်စားလှယ်များနဲ့ သံတမန်တွေ ပိုတွေ့လာ
တသီးပုဂ္ဂလ ကိုယ်စားလှယ်များနဲ့ သံတမန်တွေ ပိုတွေ့လာ

ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို အနောက်နိုင်ငံ သံတမန်တွေဘက်က စိတ်ဝင်တစား တွေ့ဆုံမှုတွေ ပိုရှိလာနေပါတယ်။ တသီးပုဂ္ဂလ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကို စိတ်ဝင်စားတာကြောင့်လို့ ဆိုပါတယ်။ သံတမန်တွေတင်မက မြန်မာပြည်သူတွေကလည်း တသီးပုဂ္ဂလ နိုင်ငံရေးသမားတွေကို ပိုပြီး စိတ်ဝင်စားမှုတွေ ရှိလာနေတယ် ဆိုတဲ့အကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့အချိန် နီးကပ်လာတာနဲ့အမျှ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကလည်း သိသိသာသာ ရှိလာနေပါတယ်။ တဘက်မှာလည်း နိုင်ငံခြား သံတမန်တွေက တသီးပုဂ္ဂလ သမားတွေနဲ့ တွေ့ဆုံမှုတွေ ပိုများလာနေတဲ့အကြောင်း ဒီကနေ့ပဲ ရန်ကုန်မှာရှိတဲ့ အီတလီ သံတမန်တွေနဲ့ တွေ့ဆုံခဲ့သူ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရန်ကျော်က ရှင်းပြပါတယ်။

“ဂျပန်၊ ဆွီဒင်၊ EU နဲ့ အီတလီတို့ကိုတော့ ကျနော်တို့ တွေ့ဆုံပြီးပါပြီ၊ ပဏာမအနေနဲ့၊ ကျနော်တို့ကို တွေ့ဖို့ စကားကမ်းလှမ်းထားတာကတော့ United Kingdom, America ရှိပါတယ်။ သူတို့အနေနဲ့ကတော့ တသီးပုဂ္ဂလတွေက ဒီလောက်အထိ လုပ်လာလိမ့်မယ်လို့ နဂိုကတော့ တွေးမိပုံ မပေါ်ဘူးဗျ။ ကျနော်တို့ကိုလည်း မျက်နှာသစ်တွေလို့ သူတို့ အောက်မေ့ကြပါတယ်။ ကျနော်တို့ တွေ့တဲ့အခါ ရှင်းပြတယ်၊ ကျနော်တို့ရဲ့ သဘောထားနဲ့ ရပ်တည်ချက်။ အဲဒီအပေါ်မှာ သူတို့ လက်ခံတဲ့သဘော ရှိပါတယ်။”

ဦးရန်ကျော်ဟာ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်သူပါ။ တသီးပုဂ္ဂလ နိုင်ငံရေးသမားတွေရဲ့ အရည်အသွေးကို စိတ်ဝင်စားလို့ သံတမန်တွေဘက်က ချဉ်းကပ်မှုတွေ ပိုများလာတယ်လို့ ယူဆတဲ့အကြောင်း ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မယ့် ဦးဖုန်းဝင်းက ပြောပါတယ်။

“သူတို့က ပိုစိတ်ဝင်စားလာတာ တသီးပုဂ္ဂလအနေနဲ့ ဝင်တဲ့အခါမှာ သူတို့နိုင်ငံတွေမှာတော့ တသီးပုဂ္ဂလ အနေနဲ့ ဝင်တာက တော်တော်လေးကို ထက်ထက်မြက်မြက်ရှိမှ တသီးပုဂ္ဂလ အနေနဲ့ ရွေးကောက်ပွဲကို ဝင်ကြတာဆိုတော့ ကျနော်တို့ ဘယ်လောက် လုပ်နိုင်လဲ ဆိုတာလည်း သူတို့က စိတ်ဝင်စားတယ်လေ။ အဲဒီလို စိတ်ဝင်စားရင်းနဲ့ အရှေ့တိုင်းရော၊ အနောက်တိုင်းရော ကျနော်တို့ကို သေသေချာချာ မေးကြမြန်းကြတာ၊ တွေ့ကြတာ ရှိတယ်။”

သံတမန်တွေနဲ့ အခုလို တွေ့ဆုံရတဲ့အတွက် တသီးပုဂ္ဂလသမားတွေ ဘယ်လို အကျိုးကျေးဇူးတွေ ရှိသလဲ ဆိုတာကိုလည်း ဦးဖုန်းဝင်းက ဆက်ပြီး ရှင်းပြပါတယ်။

“တွေ့ကြဆုံကြ၊ ပြောကြဆိုကြတဲ့ဟာတွေ ပိုများလာတဲ့ အခါကြတော့ ကျနော်တို့နဲ့ သက်ဆိုင်တဲ့ မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်တွေ၊ သူတို့ ဖြစ်ချင်တာတွေကို တဘက်နိုင်ငံ အစိုးရတွေ သိအောင်လို့ ပြောပြဖို့ အခွင့်အရေးတွေ ကျနော်တို့ ပိုရလာတာပေါ့။ တသီးပုဂ္ဂလတွေ၊ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေ ရှိနေတာကို နိုင်ငံတကာက ပိုပြီးတော့ သိလာအောင် ကျနော်တို့က ပြောပြနိုင်တာပေါ့။ သူတို့ကလည်း ကျနော်တို့နဲ့ စကားပြောပြီးတဲ့ အခါမှာ ပိုပြီး ကျနော်တို့ ဘယ်လောက်လုပ်နိုင်လဲ ဆိုတာ သိသွားတာပေါ့။”

တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးကောက်ပွဲ ဝင်နွှဲရမယ့်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ အားရစရာကောင်းတဲ့ အချက်တချို့ကိုတော့ ဦးရန်ကျော်က ရှင်းပြပါတယ်။

“ကျနော်တို့အခု မြန်မာပြည်ထဲမှာ ဖြစ်နေတာက ပြည်သူတွေဟာ ဘယ်သူ့ကို မဲပေးရမှန်း မသိဘဲနဲ့ ဝေေ၀ဝါးဝါး ဖြစ်နေကြတယ်ဗျ။ ဒါပေမဲ့ ပြည်သူတွေက ဘယ်သူ့ကို မဲမပေးရဘူးလဲ ဆိုတာကိုတော့ သူတို့ သိနေကြတယ်ဗျ။ ဒီလို အခြေအနေမျိုးမှာ ကျနော်တို့က အခက်အခဲလည်း ရှိပါတယ်၊ အားရမှုလည်း ရှိပါတယ်။

“တဘက်က ပြိုင်ဘက်က ပထမတန်းစား ခေါင်းဆောင်တွေလို့ ကျနော်တို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်များနဲ့၊ ဆိုလိုတာက ပထမတန်းစား ခေါင်းဆောင်များဆိုတာ လက်ရှိ ဝန်ကြီးဌာန အသီးသီးမှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေ၊ မကြာခင်ကမှ တပ်မတော်ကနေ အငြိမ်းစားယူသွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးများနဲ့ ပြိုင်ရတဲ့သူတွေ ဆိုရင်တော့ ထိုက်သင့်တဲ့ အခက်အခဲလေးတွေ တွေ့ရပါတယ်။ သာမန် ကိုယ်စားလှယ်လောင်း အချင်းချင်းနဲ့ ပြိုင်တဲ့နေရာမှာတော့ အခက်အခဲ များများစားစား မတွေ့ရပါဘူး။”

ဦးဖုန်းဝင်းကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းကထက် ၂၀၁၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ နိုင်ငံရေးသမားတွေ ပိုပြီး လူကြိုက်များမှု ရနေကြတယ်လို့ ဆိုပါတယ်။

“၁၉၉၀ တုန်းကတော့ ဘယ်ဘက်က အဖွဲ့က ဘယ်ပါတီလဲဆိုတာ ကျနော်တို့ ပြတ်ပြတ်သားသား ရှိတယ်လေ။ အခု ၂၀၁၀ မှာကြတော့ ပါတီတွေထဲမှာ အမျိုးမျိုး ဖြစ်လာတာပေါ့။ ဟိုဘက်လား၊ ဒီဘက်လား၊ ပြီးတော့ ဟိုဘက်လည်းမဟုတ်၊ ဒီဘက်လည်း မဟုတ်တဲ့ အဖွဲ့တွေက များလာတဲ့ အခါကြတော့ ပြည်သူလူထုကတော့ သူတို့စိတ်ထဲမှာ ရှုပ်ရှုပ်ထွေးထွေးလေးတွေ ဖြစ်တာပေါ့လေ။

“အဲတော့ ကျနော်တို့ ပြည်သူလူထုနဲ့၊ မဲဆန္ဒရှင်တွေနဲ့ သွားတွေ့တဲ့ အခါမှာတော့ သူတို့က တသီးပုဂ္ဂလဆိုရင်တော့ ရှင်းတယ်၊ ဘယ်ဘက်ကမှန်းလည်း သူတို့ တွက်စရာ မလိုဘူး၊ သိစရာလည်း မလိုဘူး။ တသီးပုဂ္ဂလကိုပဲ ပေးမယ်ဆိုပြီးတော့ ပြောတာတွေရှိတယ်။ ဒါမျိုးက လူတော်တော်များများက အဲဒီအတိုင်းကို ပြောပါတယ်။”

တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့်သူတွေဟာ နိုင်ငံရေးပါတီတွေလောက် စည်းရုံးလှုံ့ဆော်ခွင့်တွေ မရကြဘူး ဆိုပေမဲ့လည်း ပြိုင်ဘက် ကိုယ်စားလှယ်တွေကို အနိုင်ရရေး ကြိုးစားနေကြတဲ့ နေရာမှာ နိုင်ငံရေး ရပ်တည်ချက်တူတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် အချင်းချင်း အုပ်စုဖွဲ့ပြီး လုပ်ဆောင်နေကြတာတွေ၊ အယူအဆတူတဲ့ နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်း လုပ်ဆောင်မှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG