သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် မဲစာရင်း မဲပေးမယ့်သူနဲ့ မကိုက်ညီ


ကချင်ပြည်နယ် မဲစာရင်း မဲပေးမယ့်သူနဲ့ မကိုက်ညီ
ကချင်ပြည်နယ် မဲစာရင်း မဲပေးမယ့်သူနဲ့ မကိုက်ညီ

ကချင်ပြည်နယ်မှာတော့ မဲပေးနိုင်ခွင့်စာရင်း ကြေညာခဲ့ရာမှာ စာရင်းနဲ့ လူနဲ့ မကိုက်တာတွေ ဖြစ်နေပါတယ်။ တချို့နေရာတွေမှာတော့ သေတဲ့သူတွေရဲ့ နာမည်တွေပါ မဲပေးပိုင်ခွင့်ရှိတဲ့ စာရင်းထဲမှာ ထည့်ထားသလို တချို့အုပ်စုတွေမှာတော့ ဒေသခံအများစု စာရင်းထဲ မပါတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ပြဿနာတွေက ဘယ်နေရာတွေမှာ ဖြစ်နေသလဲဆိုတာ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ (KIO) အဖွဲ့ဝင် မိသားစုတွေ အများစု နေထိုင်တဲ့ စီတာပူ ကျေးရွာမှာတော့ မဲပေးပိုင်ခွင့်စာရင်း ကြေညာတဲ့အထဲမှာ နာမည်မပါတာ ပိုများနေတယ်လို့ ဒေသခံဖြစ်တဲ့ ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့ဝင် စာဂျီက ပြောပါတယ်။

“စီတာပူမှာ ဆိုရင်တော့ တွေ့ရှိရသလောက် တချို့အိမ်ထောင်က တယောက်မှ မဲထည့်ပိုင်ခွင့် မရှိတဲ့ အိမ်ထောင်တွေ ပါတယ်။ အဲဒီ စီတာပူရုံးမှာ အဲဒါတွေ တွေ့ရှိရတယ်။ ဒါ့ကြောင့် တချို့က အခုမှ လာပြီးတော့ မဲထည့်စာရင်းကို သွားပြီးတော့ တောင်းဆိုကြတယ်။ တချို့မိသားစုက ၁၈ နှစ်ပြည့် အထက်ပေါ့နော် ၅ ယောက်၊ ၆ ယောက်လောက်ရှိတယ်။ ဒါပေမဲ့ ၁ ယောက် ၂ ယောက်လောက်ပဲ ပါတယ်။”

ဒီ စီတာပူထဲမှာ အရင် ဆန္ဒခံယူပွဲတုန်းကတော့ ၁၈ နှစ်ကျော်ပြီး မဲပေးပိုင်ခွင့် ရှိတဲ့သူ အယောက် ၆,၀၀၀ ကျော်ကို မှတ်ပုံတင် ထုတ်ပေးခဲ့ပေမဲ့ အခုရွေးကောက်ပွဲမှာ မဲထည့်မယ့် လူဦးရေကတော့ စာရင်းထဲမှာ လောလောဆယ် ၃,၀၀၀ လောက်ပဲ တွေ့တယ်လို့ ပြောပါတယ်။

အခုထည့်ထားတဲ့ စာရင်းထဲမှာလည်း ရွေးကောက်ပွဲကို သိပ်နားမလည်တဲ့သူတွေ၊ အသက်ကြီးတဲ့သူ၊ ဘာမှ သိပ်မသိတဲ့ သူတွေကိုပဲ အများစု ထည့်ထားတာကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရက ဒီနေရာမှာ စိုးရိမ်ပုံရတယ်လို့ စာဂျီက သုံးသပ်ပါတယ်။

“ဒါပေမဲ့ အရင်တုန်းက Referendum တုန်းကလည်း စီတာပူက လူထု တော်တော်များများကို မေးကြည့်လိုက်တော့ အားလုံးက ကြက်ခြေခတ် ထည့်ပေးလိုက်တယ်လို့ ပြောကြတာပဲ။ ဒါပေမဲ့ နောက်ပိုင်းတော့ မဲတော်တော်နိုင်တဲ့ စာရင်းထဲမှာ ပြန်ပါသွားတာပဲပေါ့နော်။ များသောအားဖြင့် ကချင်လူမျိုးတွေ နေထိုင်တယ်ဆိုတော့ သူတို့ စဉ်းစားကောင်း စဉ်းစားလိမ့်မယ်။”

ကျေးရွာ တော်တော်များများမှာ ၁၈ နှစ်အထက် မဲပေးနိုင်ခွင့်ရှိပြီး အိမ်ထောင်စု စာရင်းလည်း ပါပေမဲ့ မဲထည့်ဖို့ သူ့ရဲ့နာမည် မပါတဲ့ အပိုင်းတွေ အများကြီး တွေ့နေရတယ်လို့ စည်းရုံးရေး ဆင်းနေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမာခါးက ပြောပါတယ်။

“ဒွမ်ဂန်မှာဆိုရင် လူငယ်တွေ ၄၃ ယောက် ကြည့်တဲ့အခါမှာ ၃ ယောက်ပဲ သူတို့ရဲ့ မဲပေးနိုင်ခွင့်ရှိတယ် ဆိုတာကို တွေ့ရတယ်ပေါ့။ ဒူကထောင်မှာကျတော့ မိသားစု တစုမှာ ကျနော်သွားကြည့်တဲ့ အခါကျတော့ သူတို့အိမ်က နိုင်ငံခြားသွားတဲ့လူ တဝက်နီးပါးလောက်တောင်မှ ရှိတယ်တဲ့။ ဒါပေမဲ့ အဲဒီနာမည်တွေ အားလုံးက အခု ဒီမှာ သူတို့ ရွေးကောက်ပွဲပေါ့နော်၊ ဒူကထောင် ရပ်ကွက်ထဲမှာကို ပါနေတဲ့ အခါကျတော့ သူတို့က နည်းနည်းစိုးရိမ်တဲ့ အပိုင်းတွေ ရှိနေကြတာပေါ့။ လွိုင်ခေါမှာ ကျတော့လည်း သေပြီးသားလူရဲ့ နာမည်ကလည်း မဲထည့်နိုင်ခွင့်ရှိတဲ့ စာရင်းထဲမှာ ပါနေတာလည်း တွေ့ရတယ်ခင်ဗျ။”

အခုလို ကမောက်ကမ ဖြစ်နေတဲ့ နာမည်စာရင်းတွေကို ပြည်သူတွေ ကိုယ်တိုင်လည်း သွားမကြည့်ဘဲ ကိုယ့်နာမည် ပါမပါ ဘယ်လိုရေးထားတယ် ဆိုတာကို ကွဲကွဲပြားပြား မသိရင်တော့ ပြသနာ ရှိနိုင်တယ်လို့ ဦးမာခါးက ဆက်ပြောပါတယ်။

“တချို့ဆိုရင် လူနာမည်တော့ မတူဘူး။ မှတ်ပုံတင် နံပါတ်တော့ ကိုယ့်ရဲ့ မှတ်ပုံတင်နံပါတ် ဖြစ်နေတယ်၊ အိမ်နံပါတ်တွေ ဖြစ်နေတယ်။ တချို့ကျတော့ ကိုယ့်ရဲ့နာမည် ဟုတ်တယ်၊ ဒါပေမဲ့ မှတ်ပုံတင်နံပါတ်က ကိုယ့်ရဲ့ မှတ်ပုံတင်နံပါတ် မဟုတ်ဘဲနဲ့ တခြား ဒီအမှားတွေ အရမ်းများတဲ့ အခါကျတော့ ဒီဟာလည်း ပြသနာ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီမဲပေးတဲ့နေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ မဲရုံကိုသွားပြီးမှ ကိုယ်က မှတ်ပုံတင်ကိုင်ပြီး သွားတဲ့အခါမှာ ဒါ ခင်ဗျားရဲ့ မှတ်ပုံတင် မဟုတ်ဘူး၊ ခင်ဗျားရဲ့ မှတ်ပုံတင်နံပါတ် မှားနေတယ် ဆိုပြီးမှ ဒီဟာ သူတို့ ဘယ်လိုဖြေရှင်းမလဲတော့ မသိဘူး။ ဒီဟာကတော့ ပြဿနာ နည်းနည်းတော့ များမယ်လို့ ကျနော်မြင်တာပဲ။”

ရွေးကောက်ပွဲ ကော်မရှင်က ကချင်ပြည်နယ်တွင်း မဲပေးပိုင်ခွင့် စာရင်းထဲမှာ နာမည်မပါတာတွေရော၊ မှားတာတွေရော၊ လူမရှိဘဲ ထည့်ထားတာတွေရော အမျိုးမျိုး ကပ်ထားကြပေမဲ့ ကချင်ပြည်သူလူထု အများစုကတော့ ကိုယ့်နာမည် ပါမပါကို သွားမကြည့်တဲ့အပြင် မဲထည့်ခွင့် ဆုံးရှုံးမှာကို စိုးရိမ်ပုံ မရှိဘူးလို့လည်း သိရပါတယ်။

XS
SM
MD
LG