သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံတလွှား မဲရုံတွေ စောင့်ကြည့်ဖို့ အခက်အခဲ ကြီးမား


နိုင်ငံတလွှား မဲရုံတွေ စောင့်ကြည့်ဖို့ အခက်အခဲ ကြီးမား
နိုင်ငံတလွှား မဲရုံတွေ စောင့်ကြည့်ဖို့ အခက်အခဲ ကြီးမား

နိုဝင်ဘာ ၇ ရက်နေ့ လုပ်မယ့် ရွေးကောက်ပွဲရက်အတွင်း မြန်မာနိုင်ငံတလွှား မြို့နေရာ အတော်များများမှာ ရန်ကုန်အခြေစိုက် နိုင်ငံခြား သံတမန်တွေနဲ့ ပြည်တွင်း သတင်းထောက်တွေ မဲပေးမှုတွေကို သွားရောက် လေ့လာနိုင်ဖို့ အာဏာပိုင်တွေက စီစဉ်ပေးနေပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး မဲရုံပေါင်း ၃၀,၀၀၀ ကျော်က အခြေအနေ အရပ်အရပ်ကို စောင့်ကြည့်ဖို့ မဖြစ်နိုင်တာအပြင် ရွေးကောက်ပွဲရက် တရက်တည်း လေ့လာရုံနဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမရှိ အကဲဖြတ်ဖို့ ခက်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝန်းက မြို့နေရာ ၂၀ နီးပါးမှာ ရန်ကုန်အခြေစိုက် နိုင်ငံခြား သံတမန်တွေနဲ့ ပြည်တွင်း သတင်းထောက်တွေ ရွေးကောက်ပွဲ မဲပေးမှုကို သွားရောက်လေ့လာ သတင်းယူနိုင်ဖို့ အာဏာပိုင်တွေက စီစဉ် ဆောင်ရွက်ပေးနေပါတယ်။ ပြည်ပက လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကို အာဏာပိုင်တွေက ခွင့်မပြုခဲ့သလို ပြည်တွင်းမှာလည်း သီးခြား လွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်မှု အစုအဖွဲ့တွေ အားနည်းတာကြောင့် ရွေးကောက်ပွဲ မဲပေးမှုတွေမှာ လွတ်လပ်မျှတမှု ရှိမရှိ ဆိုတာကို အဲဒီ သံတမန်တွေ၊ သတင်းထောက်တွေ ပါတဲ့ လေ့လာရေး အဖွဲ့တွေရဲ့ သုံးသပ်ချက်၊ သတင်းပေးချက်တွေ အပေါ်မှာပဲ မှီရမယ့် အနေအထား ဖြစ်နေပါတယ်။

ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ရွေးကောက်ပွဲ စောင့်ကြည့်သူ ကိုခင်မောင်ရွှေကတော့ ရွေးကောက်ပွဲနေ့ တနေ့တည်း အခြေအနေကို ကြည့်ပြီးတော့လည်း ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ ဆိုတာကို မှတ်ချက်ပေးဖို့ ခက်တယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲနေ့ ဆိုတဲ့ဟာမျိုးက များသောအားဖြင့် နိုင်ငံတွေ၊ နိုင်ငံတွေမှာတော့ ချောချောမွေ့မွေ့နဲ့ သွားတာပဲလေ၊ များသောအားဖြင့်ပေါ့။ ရွေးကောက်ပွဲ မတိုင်ခင် ကာလကတော့ ပိုအရေးကြီးတယ်။ ရွေးကောက်ပွဲတခု ပြုလုပ်တော့မယ်ဆိုရင် ဘယ်သူနိုင်တယ်၊ မနိုင်ဘူးဆိုတာ အတတ်ပြောလို့ ရတယ်လေ၊ နိုင်ငံတွေမှာ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါ ရွေးကောက်ပွဲ အကြိုကာလမှာ အကုန်လုံး လုပ်ထားတာပေါ့။ မနိုင် နိုင်အောင် ဖန်တီးထားတာတို့၊ မဲဆွယ် စည်းရုံးတာတို့၊ စသဖြင့် ဒါမျိုးတွေ လုပ်ထားရင် ဘယ်သူနိုင်မယ်၊ မနိုင်ဘူးဆိုတာ ခန့်မှန်းလို့ရတယ်။

“ရွေးကောက်ပွဲနေ့ကတော့ သိပ်ပြီး အဓိက မကျဘူးလု့ိ ကျနော်ထင်တယ်။ အဓိက မကျဘူးလို့တော့ ပြောလို့မရဘူး၊ အဓိကတော့ ကျတယ်၊ ဒါပေမဲ့ မဲရေတဲ့နေရာကို ဦးစားပေးပြီး စောင့်ကြည့်ဖို့ လိုတာပေါ့။”

ကိုခင်မောင်ရွှေ ပြောခဲ့သလိုပါပဲ။ အခုဟာက ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက အစိုးရ နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီက ငွေအားနဲ့ အာဏာသြဇာကို အသုံးပြုပြီး မဲဆွယ်စည်းရုံးတာ၊ ကြိုတင်မဲ ကောက်ခံတာတွေ ရှိနေပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ကိုယ်တိုင်ကလည်း တိုင်ကြားမှုတွေ၊ မဲဆွယ်စည်းရုံးမှု ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းတာ မတွေ့ရပါဘူး။ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေကိုလည်း သတင်းမီဒီယာတွေက ဆက်သွယ်မေးမြန်းခွင့် မရပါဘူး။ သူတို့ ထုတ်ပြန်ပေးသလောက်ပဲ ရွေးကောက်ပွဲ အခြေအနေကို သိနေရတဲ့ သဘောပါ။

နိုင်ငံခြား သံတမန်တွေ၊ သတင်းမီဒီယာတွေ အနေနဲ့ ရွေးကောက်ပွဲရက်မှာ မဲပေးမှုကို စောင့်ကြည့်နိုင်ဖို့ နောက်ထပ် အခက်ကြုံနေရတာက မဲရုံတွေအားလုံးရဲ့ အခြေအနေကို ခြုံငုံ သုံးသပ်မိဖို့ပါ။ ဒါဟာ သီးခြား စောင့်ကြည့်လေ့လာသူတွေ အတွက်တင် မဟုတ်ပါဘူး၊ နိုင်ငံရေးပါတီတွေ အတွက်ပါ အခက်အခဲ ရှိနေတယ်လို့ ကိုခင်မောင်ရွှေက ပြောပါတယ်။

“ပြောမယ်ဆိုရင် အခုက မဲရုံပေါင်း ၃၅,၀၀၀ နဲ့ ၄၀,၀၀၀ လောက် ရှိတယ်။ ပါတီတွေ အနေနဲ့ဆိုရင် အေးဂျင့်ငှားရတာ တော်တော်ခက်တယ်လေ။ ၃၅,၀၀၀ ဆိုရင်တော့ မဲရုံနဲ့ ပတ်သက်ပြီး တည်ဆောက်မှု ဘယ်လိုတွေ လုပ်ထားတယ်ဆိုတာ စောင့်ကြည့်ဖို့တော့ ပါတီတွေမှာ အခက်အခဲ အများကြီးရှိတယ်။ မဲရုံတွေ များခြင်းအားဖြင့် စောင့်ကြည့်ဖို့အတွက်ဆိုရင် အခက်အခဲ အများကြီးရှိတယ်၊ ပါတီတွေ အနေနဲ့။”

နိုင်ငံရေးပါတီတွေ အနေနဲ့ အခုလို မဲရုံအားလုံး စောင့်ကြည့်ဖို့ အခက်အခဲရှိတယ် ဆိုတာကို ဒီမိုကရက်တစ် ပါတီတွေထဲက အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကလည်း ဝန်ခံပါတယ်။ ဒါပေမဲ့ အခုလို တင်းကျပ်မှုတွေ ကြားထဲကပဲ နိုင်ငံခြား သံတမန်တွေ မဲရုံတွေကို သွားရောက် ကြည့်ရှုနိုင်မယ် ဆိုရင်တော့ အဆိုးထဲက အကောင်းပါပဲလို့ သူက မြင်ပါတယ်။

“International Standard နိုင်ငံတကာ အဆင့်မီ ရွေးကောက်ပွဲတခု မဟုတ်ပေမဲ့ ဒီရွေးကောက်ပွဲမှာ တရားမဲ့ ပြုကျင့်မှုတွေ မပေါ်ပေါက်လာအောင်တော့ ပြည်တွင်းမှာရှိတဲ့ သံတမန်တွေနဲ့ မီဒီယာတွေက စောင့်ကြည့်ခွင့်ရတာဟာ သိပ်မဆိုးတဲ့ အခြေအနေလို့ ကျနော်ကတော့ ပြောချင်ပါတယ်။ ကျနော် ဆိုလိုတာက သတင်းစာတိုက်တခု သတင်းယူရုံတင် မကဘူး၊ ပြည်သူတွေ တုံ့ပြန်မှုကိုလည်း အချိန်နဲ့ တပြေးညီ သူတို့က သတင်းစောင့်ယူပြီးတော့ ဖော်ပြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ဒါပေမဲ့ ရွေးကောက်ပွဲရက် အတော်နီးနေပြီ ဖြစ်ပေမဲ့ တဘက်မှာ ပြည်သူတွေအကြား ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှုဟာ ထင်သလောက် တက်မလာဘူးလို့ လေ့လာသူတွေက မြင်ပါတယ်။ လူအတော်များများဟာ မိမိ ဘယ်မဲရုံမှာ မဲပေးရမယ်၊ မိမိမဲပေးရမယ့် ကိုယ်စားလှယ် ဘယ်နှစ်ဦးရှိတယ် ဆိုတာကိုတောင် မသိသေးဘူးလို့ ပြောပါတယ်။ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးတွေကို ရွေးကောက်ပွဲရက် သွားရောက် လေ့လာမယ့် အစီအစဉ်၊ အခြေအနေကို ဆက်သွယ် မေးမြန်းပေမဲ့ တာဝန်ယူ ဖြေကြားပေးခြင်း မရှိပါဘူး။

XS
SM
MD
LG